ရွေးချယ်မှု၏ အစွန်းတစ်ဖက်

 ရွေးချယ်မှု၏ အစွန်းတစ်ဖက်


ကျွန်တော်ဟာ ကျွန်တော့်ဇနီးသည်ကို ကယ်တင်ဖို့အတွက် မိသားစုနဲ့ အပြီးအပိုင် လမ်းခွဲခဲ့ပါတယ်။ ဒါဟာ လောကအမြင်မှာတော့ "သားမိုက်" တစ်ယောက်ရဲ့ လုပ်ရပ်ဖြစ်နိုင်ပေမဲ့၊ ကျွန်တော့်ရင်ထဲမှာတော့ ဒါဟာ ယောက်ျားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ ဖြစ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ချက်မျိုးကို ထပ်ပြီး ချမှတ်ဖို့ အခွင့်အရေးရရင်တောင် ကျွန်တော် နောက်တွန့်နေမှာ မဟုတ်ပါဘူး။

အမျိုးတွေကတော့ "သွေးက ရေထက်ပိုပြစ်တယ်" ဆိုတဲ့ စကားနဲ့ ကျွန်တော့်ကို အပြစ်တင်ကြတယ်။ ဒါပေမဲ့ သူတို့ မသိတာက... တစ်ခါတရံမှာ သွေးသားဆိုတဲ့ အရာက လူကို နွေးထွေးစေမယ့်အစား အေးစက်စက်နဲ့ အသက်ရှူကျပ်စေတတ်တာကိုပါ။ သူတို့ မမြင်ခဲ့တာက... ကျွန်တော် ချစ်မြတ်နိုးရတဲ့၊ ယုံကြည်ချက်အပြည့်နဲ့ တောက်ပနေခဲ့တဲ့ အမျိုးသမီးလေးဟာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကြားမှာ တဖြည်းဖြည်းနဲ့ လူရိပ်လူယောင်လို မှေးမှိန်ပျောက်ကွယ်သွားတာကိုပါ။


ကျွန်တော့်ဇနီး စာရာ (Sarah) နဲ့ ကျွန်တော်ဟာ လက်တွဲလာတာ ၂ နှစ်ရှိပါပြီ။ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဒါပေမဲ့ ခေတ်ကာလ စီးပွားရေးအခြေအနေအရ မြို့ထဲက အိမ်လစာတွေက အရမ်းကြီးလွန်းနေလို့ ကျွန်တော်တို့မှာ အစီအစဉ်တစ်ခု ရှိခဲ့တယ် ။"အမေ့အိမ်မှာ ၆ လလောက် ခဏကပ်နေမယ်၊ ပိုက်ဆံစုမယ်၊ ပြီးရင် ကိုယ်ပိုင်အိမ်လေး ဝယ်မယ်" ပေါ့။ ဒါဟာ ငွေရေးကြေးရေးအရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော် ထင်ခဲ့တာ။ တကယ်တော့ ကျွန်တော်ဟာ ကျွန်တော့်ဇနီးကို သားရဲတွင်းထဲကို ကိုယ်တိုင် လမ်းပြခေါ်ဆောင်သွားမိမှန်း မသိခဲ့ဘူး။

ပထမအပတ်မှာတင် "နောက်ပြောင်တာ" လိုလိုနဲ့ အဆိပ်အတောက်တွေ စတင်ခဲ့တာပါ။ အမေက "အိမ်ကို ဘယ်လိုထိန်းသိမ်းရမလဲ" ဆိုတာကို အရမ်းဂုဏ်ယူတတ်တဲ့သူ။ စာရာကတော့ သူနာပြုအကူတစ်ယောက်အနေနဲ့ တစ်နေ့ကို နာရီပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရသူပါ။ တစ်ညမှာတော့ စာရာဟာ အလုပ်ကနေ ပင်ပန်းနွမ်းနယ်ပြီး ပြန်လာတော့ အသင့်စား အစားအစာကို နွှေစားလိုက်တယ်။ အဲ့ဒီမှာ အမေက အေးစက်စက်နဲ့ လှောင်ရယ်ပြီး ပြောလိုက်တာက "အိုး... သမီးရယ်၊ ယောက်ျားတစ်ယောက်ကို ဘယ်လိုပြုစုရမလဲဆိုတာ လူတိုင်း သင်ယူခဲ့ရတာ မဟုတ်ဘူး ထင်ပါရဲ့" တဲ့။

ကျွန်တော့်ညီမတွေက ပိုဆိုးပါတယ်။ သူတို့က စာရာ့ကို တိရစ္ဆာန်ရုံက သတ္တဝါတစ်ကောင်လို ဝိုင်းကြည့်ကြတယ်၊ စာရာ ဝယ်လာတဲ့ ပစ္စည်းတွေကို လိုက်စစ်ပြီး "တံဆိပ်မပါတဲ့ မုန့်လား”လို့ စာရာကြားအောင် တိုးတိုးလေး ပြောတတ်ကြတယ်။ ဒါဟာ ပရိယာယ်ကြွယ်ဝတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲတစ်ခုပါပဲ။

စာရာကတော့ အဆင့်အတန်းရှိတဲ့သူမို့လို့ အရာရာကို ငြိမ်ခံနေခဲ့တာ။ ကျွန်တော် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ပင်ပင်ပန်းပန်း ပြန်လာတဲ့အခါ "ဒီနေ့ ဘယ်လိုလဲ" လို့ မေးရင် သူက အားငယ်တဲ့ အပြုံးလေးနဲ့ "အဆင်ပြေပါတယ်" လို့ပဲ ဖြေတတ်တယ်။ ဒါပေမဲ့ သူ့မျက်လုံးထဲက အလင်းရောင်တွေ မှေးမှိန်လာတာ၊ ရေချိုးရင်း သီချင်းဆိုတတ်တဲ့ အလေ့အကျင့်လေး ပျောက်သွားတာတွေကို ကျွန်တော် သတိထားမိလာတယ်။ ကျွန်တော့်ရဲ့ ကားသံကို ကြားမှသာ သူက အိပ်ခန်းထဲကနေ ထွက်လာရဲတော့တာ။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားခဲ့ရတယ်။ မိုးရွာလို့ ကျွန်တော် အလုပ်ကနေ စောစောပြန်လာခဲ့တဲ့အချိန်မှာ ဧည့်ခန်းပြတင်းပေါက်ကနေ အမေ့အသံကို ကျွန်တော် ကြားလိုက်ရတယ်။ အဲ့ဒါက အဆိပ်အတောက်တွေ ပြည့်နေတဲ့ အသံမျိုးပါ။

"မင်းက တကယ်ပဲ ဒီနေရာနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား။မိုက်ခ်က တစ်နေ့ကျရင် နိုးကြားလာပြီး သူ့အတွက် အဆင့်အတန်းရှိတဲ့ အမျိုးသမီးတစ်ယောက် လိုအပ်တယ်ဆိုတာ သိသွားလိမ့်မယ်။ မင်းကတော့ သူ့ကို အသုံးချဖို့ပဲ ကြည့်နေတာလေ"

ကျွန်တော် ဝရံတာမှာတင် တောင့်တောင့်ကြီး ရပ်နေခဲ့တယ်။ ပြီးတော့ ရှိုက်ကြီးတငင် ငိုသံလေး ထွက်လာတယ်။ အဲ့ဒီအသံဟာ ကျွန်တော့်ရင်ထဲမှာ တစ်ခုကို ကျိုးပျက်သွားစေခဲ့တယ်။ အမေ့အလိုကျ အမြဲလိုက်လျောခဲ့တဲ့ "သားလိမ္မာ" ဆိုတဲ့ အသိစိတ်ဟာ ပျောက်ကွယ်သွားခဲ့ပြီ။ ကျွန်တော် တံခါးကို ဖွင့်ဝင်လိုက်တဲ့အခါ အခန်းထဲမှာ တိတ်ဆိတ်သွားတယ်။

"စာရာ... အိတ်တွေ ပြင်တော့" လို့ ကျွန်တော် ပြောလိုက်တယ်။

အမေက "နင်ကလည်း ပိုလိုက်တာ" လို့ ပြောပေမဲ့ ကျွန်တော် အမေ့မျက်လုံးကို စိုက်ကြည့်ရင်း ပြောလိုက်တယ် ။

“အမေက ကျွန်တော့်မိသားစုကို ဖျက်ဆီးနေတာ။ အခုတော့ အမေဟာ အမေ့ရဲ့ သားကို ဆုံးရှုံးလိုက်ရပြီ။"

ကျွန်တော်တို့ ထွက်လာတဲ့အခါ ညီမဖြစ်သူက "သူ နောက်ဆုံးတော့ ထွက်သွားပြီလား၊ အေးရောပဲ" လို့ ရယ်မောရင်း ပြောတယ်။ ကျွန်တော် နောက်ဆုံးတစ်

ခေါက် သူတို့ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။ "သူဟာ ဒီကမ္ဘာပေါ်မှာ ငါ့ကို စစ်စစ်မှန်မှန် ချစ်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ ဒါကို နင်တို့က သူ့ကို အမှိုက်လို ဆက်ဆံခဲ့ကြတယ်"

အဲ့ဒီညက လမ်းဘေးက မိုတယ် (Motel) အစုတ်လေးတစ်ခုမှာ ကျွန်တော်တို့ ညအိပ်ခဲ့ကြတယ်။ ၆ လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် စာရာ့ရဲ့ ပုခုံးတွေ လျော့ကျပြီး စိတ်အေးသွားတာကို ကျွန်တော် မြင်လိုက်ရတယ်။ အခုဆို ကျွန်တော်တို့ဟာ ဈေးကြီးတဲ့ အခန်းကျဉ်းလေးမှာ ငှားနေရတုန်း၊ လစာရတဲ့အထိ ချွေတာနေကြရတုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်ဟာ အခုထက် ပိုပြီး ချမ်းသာနေတယ်လို့ မခံစားရဖူးဘူး။

ဒီမှာ ခါးသီးတဲ့ အမှန်တရားတစ်ခု ရှိတယ်။

 အမျိုးသားတော်တော်များများက "မိဘကို ရိုသေခြင်း" ဆိုတာ မိမိရဲ့ လက်တွဲဖော်ကို မိဘတွေက မလေးမစား လုပ်တာကို ငြိမ်ခံနေတာလို့ ထင်နေကြတယ်။ အဲ့ဒါ မဟုတ်ပါဘူး။ ခင်ဗျား အိမ်ထောင်ကျလိုက်တဲ့အခါ ခင်ဗျားရဲ့ ပထမဆုံး တာဝန်က ဇနီးသည်ရဲ့ စိတ်နှလုံးကို ကာကွယ်ပေးဖို့ပဲ။

တကယ်လို့ ခင်ဗျားရဲ့ မိသားစုက သင့်လက်တွဲဖော်ကို နက်နက်ရှိုင်းရှိုင်း နာကျင်အောင် လုပ်နေတာကို ခွင့်ပြုထားမယ်ဆိုရင်၊ နောက်ဆုံးမှာ အချစ်တွေ ပျောက်ကွယ်သွားတဲ့အခါ ခင်ဗျားဟာ သွေးသားဆိုတဲ့ လူတွေကြားမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့လိမ့်မယ်။ အချိန်မနှောင်းခင်မှာ ဆုံးဖြတ်ချက်ချပါ။ မလေးစားမှုတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ဟာ ဘယ်တော့မှ နွေးထွေးတဲ့ အိမ်တစ်လုံး ဖြစ်မလာနိုင်ပါဘူး။ သင့်လက်တွဲဖော်ကို ကာကွယ်ပါ။ တစ်ယောက်တည်း ရပ်တည်ရမယ် ဆိုရင်တောင်မှပေါ့။


#ဟမ်စိုင်း(ဆေး-မန်း)

ဘာသာပြန် 

Relationships