ခမည်းကျွဲ အသည်းကွဲသောအခါ(စ/ဆုံး)

 ခမည်းကျွဲ အသည်းကွဲသောအခါ(စ/ဆုံး)

——————————

ဗေဒင်နက္ခတ်ဆရာကြီး ဦးမင်းကျော်ဗလ လွန်ခဲ့သော ၁ဝ နှစ် က ပြောခဲ့သောစကားကို ဦးအောင်မြတ် ပြန်သတိရမိသည်။

“ကိုအောင်မြတ်၊ ခင်ဗျားရဲ့သား အသက်ရှည်ကျန်းမာဖို့နည်းလမ်းက ခမည်းပေးရလိမ့်မယ်ဗျ။ သည်ကလေးအတွက် ဘာခမည်းပေး ရမလဲဆိုတော့ ကျွဲပေါက်တစ်ကောင်ဝယ်ပေးပြီး သူတနင်္လာသားနဲ့ ဓာတ် ဖက်ဆက်ရမှာပဲ။ ဒီလို ကျွဲခမည်းပေးလိုက်ခြင်းအားဖြင့် ခင်ဗျားရဲ့သားကို အမေနံကရိုင်းမယ်တော်နဲ့ အသားမင်းသားတို့က အစဉ်စောင့်ရှောက်နေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ကတိတစ်ခုတော့ပေးရလိမ့်မယ်’’

“ဘာကတိများပါလဲ – ဆရာကြီး၊ – အမိန့်ရှိပါခင်ဗျား’’

ဆရာကြီးမင်းကျော်ဗလက ကျောက်သင်ပုံးပေါ်မှာ မဟာဘုတ် အကွက်များ၊ ဂြိုဟ်နေခွင်အကွက်များချ၍ ထောက်ကြည့်ပြီး ကွမ်းတစ်ယာ ကို ဝါးလိုက်သည်။

“ခင်ဗျားသားအတွက် ရည်မှန်းပြီး ခမည်းပေးထားသည့် ကျွဲကို ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် သူတစ်ပါးလက်လွှဲ ပြောင်းမပေး ရဘူး။ ဒီကျွဲကို အိမ်မှာခိုင်းလို့ရတယ်။ ပြီးတော့ အဲဒီကျွဲကို ခင်ဗျားတို့ မိသားစုအကြားမှာပဲ သူ့ သဘာဝအတိုင်း သေဆုံးခွင့်ပေးရမယ်။ ဒါ့အပြင် သူ့အသားကို ခင်ဗျားတို့လုံးဝမစားရဘူး၊ နားလည်ရဲ့လား”

“ဟုတ်ကဲ့ခင်ဗျာ၊ အကယ်၍များ သူတစ်ပါးလက်လွှဲပြောင်း ပေးရင်ကော ဘယ်လိုအကျိုးဆက်များရှိနိုင်ပါသလဲ ဆရာကြီးခင်ဗျာ”

“ခင်ဗျားသား (သို့) ခင်ဗျားတို့ မိသားစုအတွင်းမှာ အန္တရာယ် အနှောင့်အယှက်တစ်စုံတစ်ခု ကျရောက်နိုင်လို့ပဲ ဦးအောင်မြတ်’

***********

နှစ်အတန်ကြာခဲ့ပြီ . . .

တစ်နေ့မယားဖြစ်သူက

“ကိုအောင်မြတ် လှပိုတို့လင်မယားတီဗွီဝယ်လိုက်ပြီတော့’

‘“သူ့ဘာသာ သူဝယ်တာ ဘာဖြစ်လဲဟ’’

“ဘာဖြစ်ရမှာလဲ၊ သူတောင်တီဗီဝယ်နိုင်ရင် ကျုပ်တို့က ဘာမို့ လို့လဲ။ ဟင်း ခုတော့ ကောင်မက မြောက်ကြွမြောက်ကြွနဲ့ အောက်ခြေ ကို လွတ်လို့။ သူ့ယောက်ျားလှပိုကလည်း ကျုပ်ကို ရိသွားသေးတယ်။ လှရီရေတဲ့၊ နင့်ယောက်ျားအောင်မြတ်လာရင် တီဗီကြည့်ရအောင် လွှတ် လိုက်ပါဦးတဲ့ ဟွန်း”

ဒီလို မိန်းမလုပ်သူက မဲ့ကာရွဲ့ကာနှင့် မိန်းမသဘာဝ အပြိုင် စိတ် မခံချင်စိတ်နှင့် ပြောကာဆွဲလာသောအခါ အောင်မြတ်လည်း စိတ်ထဲနည်းနည်းကြွလာသည်။

“ဒင်းတို့ဟာ ဘယ်လောက်ပေးရသတဲ့လဲ

“နှစ်သောင်းတဲ့၊ အဖြူအမည်းလို့ ကြားတာပဲ”

‘နင်လိုချင်ရင် နင့်လည်ပင်းပေါ်က ဆွဲကြိုးရောင်းပြီး အဲဒါမျိုး ဝယ်လိုက်ပါလား’

“အိုတော် ဆွဲကြိုးရောင်းရမလားတော့၊ တော့ရွှေတိုးကြီး ခုနေရောင်းလိုက်ရင် တီဗီမရဘူးလား.”

ရွှေတိုးကြီးရောင်းလိုက်ရင် မရဘူးလားဆိုသည့် စကားကြား တော့ သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။

“ဒါတော့ မဖြစ်နိုင်ဘူးနဲ့တူတယ် လှရီ’”

‘‘ဘာဖြစ်လို့ မဖြစ်ရမှာလဲ၊ တော်ကြာ သေသွားရင် မြှုပ်ပစ်ရမှာ တော့။ ခုနေရောင်းရင် နှစ်သောင်းဝန်းကျင်ပြေးမလွတ်ဘူး။ ရှင်ဒါကို မသိဘူးလား၊ ဒုံးဝေးပါ့ ကိုအောင်မြတ်ရယ်’’

မိန်းမလုပ်သူကဆန်ရွေးရင်းမှ မျက်စောင်းကြီးခဲ၍ ဆန်ကော ကို ဆောင့်ချလိုက်သည်။

“ရှင် တုံးပုံမျိုးနဲ့ ကျုပ်တို့မိသားစု ဒီဝန်းကျင်မှာ လူရာမဝင် လူတန်းမစေ့ဖြစ်ရဦးမှာပဲ။ တောက် ကျုပ် လင်ရွေးမှားလိုက်တာ ကိုအောင်မြတ်ရယ် ဖွီး’’

အောင်မြတ် နှုတ်သီးကောင်း လျှာပါးအသံကျယ်လှသည့်မိန်းမ ကို ခွန်းတုံ့မပြန်တော့။ ငေါက်ခနဲထ၍ လှပိုတို့အေးစီတို့အိမ်ဘက်သို့ ထွက်လာလိုက်သည်။ ကြည့်စမ်း၊ လှပိုတို့အိမ်မှာ လူစည်နေလိုက်တာ။ ဘုရားစင်အောက်ခေါင်းရင်းခန်းမှာ အဖြူအမည်းတီဗီကြီးက ထည်ထည် ဝါဝါကြီး။ လွင်မိုးရဲ့ ခန့်ချောကြီးကြော်ငြာပေါ်လာသောအခါ မိန်းကလေး အုပ်က ရိုးတိုးရွတွ ဖြစ်ကုန်ကြသည်။

လှပိုက တီဗီရှေ့ပက်လက်ကုလားထိုင်ပေါ်မှာ ` ဆေးပြင်းလိပ် ခဲရင်း အောင်မြတ်ကိုမြင်တော့ သူ့တီဗီကို လက်မထောင်၍ ထိုးပြလိုက် သည်။ အောင်မြတ်မချိပြုံးပြုံးရင်း အသည်းယားယားနှင့် မတ်တတ်ခဏ အာရုံစိုက်၍ အကဲခတ်လိုက်သည်။

*************

ပွဲစားဘအေးနှင့် ကျွဲအဝယ်တော်များက သူ့ကျွဲရွှေတိုးကြီးကို လှည့်ပတ်အကဲခတ်သည်။ သည့်နောက် သူတို့ချင်း တိုးတိုး တိုးတိုး ပြောကြပြန်သည်။

“အဖေ၊ သူတို့ ရွှေတိုးကြီးကို ဘာလုပ်ကြမလို့လဲ ဟင်”

သံချောင်းရဲ့အမေးကြောင့် အဖေလုပ်သူ ကိုအောင်မြတ် မျက်နှာ ပျက်သွားသည်။

“ဟို . . . ဟို . . . ဝယ်မလို့တဲ့ . . . သား”

“ဗျာ… အဖေက ရောင်းမယ်”

“အင်း . . . ရောင်းမလားလို့”

သံချောင်းမျက်နှာ တစ်ချက်ညိုသွားသည်။ သည့်နောက် ရွှေတိုးကြီးကို ကရုဏာသက်စွာငေးမော၍ ကြည့်နေရှာသည်။ ရွှေတိုးကြီးကား လူစိမ်းများဝိုင်းကြည့်နေသောကြောင့် လှုပ်လှုပ်ရွရွဖြစ်နေသည်။

“ဘာဖြစ် . . . လို့ . . . ရောင်းမှာလည်း အဖေရာ . . . သ . . . နား . . . ပါတယ်”

သူ သံချောင်းကို မျက်ရိပ်ပြလိုက်ပြီး ခပ်လှမ်းလှမ်းသို့ ခေါ် သွားကာ ရွှေတိုးကြီးအခြေအနေမကောင်းကြောင်း၊ များမကြာခင် သေသွားနိုင်ကြောင်း၊ ဒါကြောင့် မတတ်သာ၍ရောင်းရမှာဖြစ်ပြီး ရသည့် ။ ငွေကို လှပိုတို့အိမ်ကလို တီဗီတစ်လုံးဝယ်ပေးမည့်အကြောင်း ချော့၍ နားချရသည်။ သံချောင်းကား ဖအေကိုကြောက်၍သာ ပြန်မပြောဘဲ နေရသည်၊ ရင်ထဲမကောင်း။ မျက်နှာကြီးကိုအောက်ငုံ့၍ မြေကြီးကို အဓိပ္ပာယ်မဲ့စွာကြည့်ရင်း အသံတိတ်မျက်ရည်ကျနေလိုက်သည်။

““ကိုအောင်မြတ်’’

“ပြောကွာ”

“အဝယ်တော်တွေက တစ်သောင်းခွဲပဲ ပေးနိုင်မယ်တဲ့ကွာ”

“နည်းတာပေါ့ ကိုဘအေးရာ၊ နှစ်အတိထားပေးပါဗျာ”

“မရဘူးအစ်ကို၊ အစ်ကိုကျွဲနော် နေသိပ်မကောင်းဘူး၊ အမြန် ရှင်းပစ်မှ တန်ကာကျမယ်။ ဒီတော့ အစ်ကိုကြိုက်ရင်ရောင်းပါ၊ မရောင်း ချင်ရင်လည်းနေပါ’

နောက်ဆုံး သူမနေနိုင်တော့။ ရသမျှဈေးနှင့် လက်ခံလိုက် ရသည်။ ရွှေတိုးကြီးကို အဝယ်တော်များက ဆွဲသွားကြသောအခါ သံချောင်းက အော်၍ငိုသည်။ သူ့အမေက ကောင်လေးတိတ်တိတ်နေ စမ်းဟု ငေါက်ရင်းဆွဲထားသည်။

သံချောင်းက ရုန်းထွက်ပြီး ရွှေတိုးကြီးလည်ပင်းကို ပြေးဖက် သည်။ ရွှေတိုးကြီးက မျက်ရည်များကျရင်း ကျွဲဆွဲများလက်မှရုန်းသည်။ အဝယ်တော်နောက်လိုက်များက သံချွန်ကြိမ်နှင့်ထိုးရင်း သုံးလေးချက် ဆင့်ရိုက်လိုက်သောအခါ အသားများတုန်ခါရင်း မလိုက်ချင်လိုက်ချင်နှင့် လိုက်သွားရှာသည်။

ကိုအောင်မြတ်ကား ငွေတစ်သောင်းခွဲကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်းစဉ်းစားလျက်.

မလှရီကား မျက်လုံးထဲမှာ ပေါ်လာသည်။ တီဗွီကြည့်ရင်း ကြည်နူးလျက်……

သံချောင်းကတော့ ငယ်ပေါင်းကြီးရွှေတိုးကြီးထွက်သွားသည် ကိုငေးကြည့်ရင်း သိမ့်သိမ့်သည်းသည်း ရှိုက်ငိုလျက်

ရွှေတိုးကြီးခြံဝမှအထွက် ကြုံလိုက်ရသည်ကား အံ့သြဖို့ကောင်း သည်။ ရွှေတိုးကြီးသည် ရင်ကွဲသံကြီးနှင့် တစ်ချက်အော်လိုက်သံအဆုံး ခြံခေါင်းရင်းဘက်နားမှာကိုးထားသည့် အမေနံကရိုင်းနတ်ကွန်းစင်ပေါ်မှ ကညွှတ်ပန်းထည့်ထားသည့်ရေအင်တုံသည် လေမတိုက်ကြွက်မတိုက် ပါဘဲနှင့် ရုတ်တရက် ပြုတ်ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့လေ သည်။

***********

ကြမ္မာဆိုးကား ချိုရောအတောင်ပံပါ ပေါက်ခဲ့လေပြီ။

နွားသတ်ရုံသို့ရောက်သောအခါ နွားသတ်သမားများက ရွှေတိုး ကြီးကို သားသတ်ရုံထဲသို့ သွင်းလိုက်သည်။ ကျွဲ၊ နွားများ၏ သွေးညှီ နံ့ကိုရသောအခါ ရွှေတိုးကြီးက မဝင်ဘဲရုန်းသည်။ ထိုအခါ သားသတ် သမားများက စူးတပ်ကြိမ်နှင့်ဖိ၍ ရိုက်ကြတော့သည်။ ကျွဲနဖားကြိုး ကို တုံ့ဆွဲပြီးသွင်းသည်။ တိရစ္ဆာန်ပင်ဖြစ်သော်လည်း ရွှေတိုးကြီးက သိသည်။

ဘဝတူများ၏ ဝိညာဉ်နံ့ကိုရသောအခါ ကြမ္မာ၏လှုံ့ဆော်မှု ကြောင့်လားမသိ၊ အတင်းရုန်းကန်ပြီး ထွက်ပြေးသည်။ သို့ကလို ရုန်း လိုက်သဖြင့် နဖားကြိုးဆွဲသူလဲကျသွားပြီး ရှေ့ခြေနှင့် အနင်းခံလိုက်ရကာ ငယ်သံပါအောင်အော်တော့သည်။ သည့်နောက် နွားသတ်သမားများက တုတ်၊ ဝါးရင်းတုတ်၊ သံတုတ်များနှင့် ရွှေတိုးကြီးကိုပိတ်၍ ရက်ရက်စက်စက် ဝိုင်းထုရိုက်ချိုးကြသည်။

“ဖြောင်း. . . ဖြောင်း”

“ဒုတ်. . . ဒုတ်”

ရွှေတိုးကြီး ချာလပတ်လည်သွားသည်။ နှာနုဆီမှ သွေးစိမ်းများ စီးကျလာသည်။ အသည်းခိုက်မျှနာကျင်လွန်း၍ သူ့ဒူးများတုန်ယင်လာ သည်။ သားသတ်သမားက နောက်တစ်ချက်ရိုက်ရန် သံတုတ်ကို အမြှောက်မှာ ရွှေတိုးကြီးက ဦးချိုကားကြီးနှင့် ဝှေ့၍ယမ်းပစ်လိုက်သည်။

“စွပ်”

“အား… အား…အ…အ”

“ဟေ့ လာကြစမ်းပါဦးဟ၊ ကျွဲသောင်းကျန်းနေပြီ ချကွာ”

“မဲတူကို ကျွဲခတ်လိုက်ပြီဟေ့ ချ. . . အသေချ’”

သားသတ်သမားရဲ့ ဝမ်းဗိုက်ကိုချွန်မြသည့် ချိုကားကြီးက စိုက်ဝင်ကာ သားသတ်သမား စူးစူးဝါးဝါးအော်ရင်း လဲကျသွားသည်။ သည့်နောက် လက်နက်မျိုးစုံနှင့် သားသတ်သမားများ ဝိုင်းလာစဉ် ရွှေတိုးကြီးသည် သော့ခတ်ထားသည့်သစ်သားတံခါးကို ဦးခေါင်းနှင့် အားကုန်တိုက်ဝှေ့ကာ ခြံပြင်သို့ လွှားခနဲခုန်ထွက်၍ ရှေ့သို့တစ်ဟုန်ထိုး ကဆုန်ချပြေးတော့သည်။

***********

ရွှေတိုးကြီးဦးချိုမှာ သွေးစွန်းညစ်ထေးသွားခဲ့ပြီ။ ကြောက်စိတ် နှင့် စိတ်ရိုင်းများက သူ့သည်းခြေကို ပျက်ခဲ့စေပြီ။

သူ့ပြေးလမ်းကြောင်းတစ်လျှောက် အဆီးအတားမှန်သမျှ မြင်မြင်ရာကို အကုန်ခတ်၍ကော်၍ ` သူ့သခင်လေးခြံရှိရာသို့ ဦးတည် ပြီး ပြေးနေသည်။ သစ်သီးဆိုင်အချို့ အခတ်ခံရ၍ လွင့်စဉ်မှောက်ကွဲ ကုန်သည်။ ရှေ့မှ ပိတ်မိနေသည့် ရေခဲခြစ်လှည်းကို ချိုကားကြီးနှင့် ခတ်ပစ်လိုက်သည်။

ယခုအခါ သားသတ်သမားများသာမက လူအုပ်ကြီးကပါ ရရာ လက်နက်များဆွဲကိုင်၍ သူ့ကို သုတ်သင်ရှင်းလင်းရန် အော်ဟစ်၍ နောက် မှလိုက်လာကြသည်။ ကလေးအချို့နှင့် ဈေးသွားခရီးသွားများသည် ဥဒဟို ပြေးလွှားပုန်းအောင်းနေကြသည်။

ဆိုက္ကားသမားများကလည်း ကတ္တရာလမ်းမပေါ်မှာ ချိုကား ကြီးကိုဝှေ့ယမ်း၍ သွေးသံရဲရဲနှင့် ကဆုန်စိုင်းသောင်းကျန်းနေသည့် ကျွဲဆိုး ကြီးကိုမြင်သောအခါ ကိုယ့်အသက်ဘေးအတွက် ဆိုက္ကားကိုပစ်၍ ပြေး တော့သည်။ ကားတွေလည်း ရပ်ကုန်သည်။

ထိုစဉ် သတ္တိကောင်းပုံရသည့် လူရွယ်တစ်ဦးက လှံတစ်ချောင်း နှင့် ရှေ့မှာရပ်၍ပစ်ရန် ပြင်လိုက်သည်။ ရွှေတိုးကြီးက ရှေ့မှရန်သူကို ဝက်ခေါင်းတိုးဝင်၍ တိုက်ပစ်လိုက်ရာ လူတခြား လှံတခြားဖြစ်သွား ပြီး မထနိုင်တော့။ သူဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်သည် အော်သံ ဟစ်သံ ကျိန်ဆဲသံ ငိုကြွေးသံများနှင့် ကမ္ဘာပျက်၍ ကျန်ခဲ့သည်။

ရွှေတိုးကြီး သားသတ်ရုံမှထွက်ပြေးပြီး မြို့ထဲမှာရပ်ထဲမှာ သောင်းကျန်းနေသည့်သတင်းက ညောင်သုံးပင်ကွင်းစပ်မှာနေသည့် ကိုအောင်မြတ်နားသို့ ဈေးသွားများမှတစ်ဆင့် ပေါက်လာခဲ့သည်။

ကိုအောင်မြတ်တွက်လိုက်သည်။ ရွှေတိုးကြီးဆိုးသွမ်း၍ စိတ် ရိုင်းဝင်သွားပြီ။ ဧကန်မုချဒီကောင်သူ့ချည်တိုင်ရှိရာ သည်အိမ်ခြံကို ပြန်လာလိမ့်မည်။ ဘယ်လိုလုပ်ရပါ့မလဲ။ စဉ်းစားအကြံထုတ်နေဆဲမှာပင် ရွာမြောက်ဖျားမှ အော်သံများကြားလိုက်ရသည်။´

“အောင်မြတ်ရေ၊ မင်းကျွဲကြီးသောင်းကျန်းနေပြီဟေ့ လုပ်.. လုပ် . . . ပါဦး ဟ”

“သံချောင်းရေ သံချောင်း. . . ရွှေတိုးကြီး. . . ပြန်. . . ပြန် လာပြီ. . . ဟေ့”

“ဟဲ့ – ဟဲ့ ကလေးတွေ ခြံထဲကိုဝင်ကြ၊ အိမ်ပေါ်ကိုအမြန် တက်ကြစမ်း’”

“ပြေးဟေ့ . . . ပြေးကြ . . . ဟ . . . ပြေး”

သူ . . . သူ ဆိုးသွားပြီ။ ငါ ငါ ဘာလုပ်ရမလဲ။ တော်ကြာ ခြံထဲကိုဝင်လာပြီး မိသားစုကိုရန်ရှာခဲ့ရင် ဘယ့်နဲ့လုပ်ရမလဲ။ ကိုအောင် မြတ်တွေးလန့်လာသည်။

“သံချောင်း . . လူလေး . . အောက်ကို . . မဆင်းနဲ့ လှရီ . . . ငါ့ကို လှံမြန်မြန်ပေးစမ်း’’

“အဖေ အဖေ… မ. . . မလုပ်ပါနဲ့”

“မြန်မြန်ပေးပါဟ’

ကိုအောင်မြတ်က လှရီကမ်းပေးသည့် လှံရှည်ကိုကိုင်၍ ခြံဝ မှာ အခြေအနေကို ကြည့်လိုက်သည်။

““အွမ် အွမ် . . . ညွမ့်”

“ပြေး ပြေး အောင်မြတ် မရဲနဲ့နော် ပြေး’’

“အွမ် . . . အွမ် . . . ညွမ့်”

ရွှေတိုးကြီးက သွေးသံရဲရဲနှင့် သူ့ခြံဝသို့ရောက်လာသည်။ သူ့မျက်လုံးအစုံသည် မကောင်းဆိုးဝါးများအပမှီနေသလို သွေးနီခဲ မီးကျီးခဲဖြစ်နေသည်။ ခန္ဓာကိုယ်ပေါ်မှာလည်း ပစ်ခတ်ဒဏ်ရာများကြောင့် သွေးများယိုစီးလျက်

“ရွှေတိုးကြီး”

“သံချောင်း မလာခဲ့နဲ့””

ကိုအောင်မြတ်က လှံကိုမြောက်လိုက်သည်။

“ရွှေတိုး”

ကိုအောင်မြတ်ရဲ့ မာန်နှင့်အော်လိုက်သံကြောင့် ရွှေတိုးကြီး သွေးမျက်ရည်များနှင့် ပေ၍ကြည့်နေသည်။

“ရွှေတိုး။ မင်းနဲ့ငါတို့ မဆိုင်တော့ဘူး၊ မင်း. . . မင်း
သွားတော့”

“ရွှေ. . . တိုး… ကြီး”

. သံချောင်းကလည်း အိမ်ပေါ်မှ ငိုသံပါကြီးနှင့်အော်သည်။ သံချောင်းအသံကြားသောအခါ ရွှေတိုးကြီးက ခြံထဲသို့ဇွတ်ဝင်ရန် ပြင် လိုက်သည်။ သည်တင် ကိုအောင်မြတ်က အကြင်နာမဲ့စွာ လှံကိုမြှောက် ၍ ရွှေတိုးကြီးလက်ပတ်ကြားကို ထိုးစိုက်ရန်ပြင်လိုက်စဉ်……

ရွှေတိုးကြီးကားမျက်လုံးထဲမှာ သခင်ဟုမမြင်တော့။ ရန်သူဟု မြင်သွားကာ ကျုံးကော်ပက်တင်ခတ်လိုက်သည်။

“အား … အား … အား အား”

“အဖေ”

“ကို . . . အောင်…မြတ်”

သံချောင်းရဲ့ ရင်ကွဲမတတ်အော်သံ၊ မလှရီရဲ့ထိတ်လန့်တ ကြားအော်သံ၊ ကိုအောင်မြတ်ရဲ့ ကျွဲချိုဖျားပေါ်မှာ ကားခနဲပါသွားရင်း အမလေးအော်သံတို့ကား ညောင်သုံးပင်ရွာထဲမှာ ကမ္ဘာပျက်သလို ဆူညံ သွားသည်။ ရွှေတိုးကြီး အရိုင်းစိတ်နှင့် ဦးချိုကိုခါယမ်းချလိုက်သည်။ ကိုအောင်မြတ်ချိုဖျားမှ ဘုတ်ခနဲ မြေကြီးပေါ်သို့ပြုတ်ကျပြီး လူးလွန့်နေစဉ် ချိုနှင့်ထပ်ကော်ရန်ပြေးအလာ –

“ဒိုင်း…ဒိုင်း”

“အွမ် . . . အွမ် . . . ညွမ်း”

သေနတ်သံနှစ်ချက်ကြားလိုက်ရပြီး ရွှေတိုးကြီးအသံနက် ကြီးနှင့် ဆက်တိုက်အော်ကာ ရှေ့ဒူးများညွတ်၍ လဲကျသွားသည်, ဒါတွေကိုမြင်လိုက်တော့ သံချောင်းအိမ်ပေါ်မှ ခုန်ဆင်းလိုက်သည်။

သူ့အဖေနှင့် ရွှေတိုးကြီးအကြား ရောက်နေသည်။

အဖေလုပ်သူက သေငယ်ဇောနှင့်လူးလွန့်ရင်း သူ့ကိုလက်ယပ် ခေါ်နေသည်။ ရွှေတိုးကြီးကလည်း မျက်ရည်နှင့်ဧသွေးအိုင်များအကြားမှ သူ့ကိုအမှတ်တရကြီး ကြည့်နေရှာသည်။ ရဲတပ်ဖွဲ့ဝင်များက ရိုင်ဖယ် သေနတ်များကိုထိုးချိန်၍ အခြေအနေကို ကြည့်နေသည်။

မလှရီက ကိုအောင်မြတ်ကို ပြေးပွေ့လိုက်သည်။ မကြာခင် ရွှေတိုးကြီးငြိမ်ကျသွားသည်။ သံချောင်း သူ့အဖေဆီသို့အော်ငိုရင်း ပြေး သွားလိုက်သည်။ အဖေက နံကရိုင်းမယ်တော်ကြီး နတ်ကွန်းစင်ရှေ့မှာ လူးလွန့်နေသည်။ ဝမ်းဗိုက်မှ အန်ထွက်နေသည့်အူများကို ဘယ်လက်နှင့် ပွေ့ရင်း ညာလက်နှင့်သားလုပ်သူသံချောင်းရဲ့လက်ကို သွေးရူးသွေးတန်၊ ဆုပ်ကိုင်ကာ

” သား…သံ. သံချောင်း အ. . . ဖေ. မှား… မှားသွားပြီ၊ – လှ. . . လှရီ. ဆ. . . ဆရာကြီး ဦးမင်းကျော်ဗလ ငါ. . . ငါတို့ နားမထောင်ခဲ့တာ. . . မှား. . . မှားသွားပြီ … အား.”

“အဖေ … အ ဖေ ”

သံချောင်း ရင်ကွဲမတတ်အော်၍ ငိုလိုက်သည်။ မလှရီကား နောင်တများကို မျက်ရည်နှင့်လိမ်းကျံ၍ ပဋာမြေလူး မြေကြီးမှာလှိမ့်၍ ငိုနေသည်။ ပစ်ခတ်ငိုယို အော်ဟစ်သံများကြား၍ ရွာတောင်ဖျားမှ ဆရာကြီး ဦးမင်းကျော်ဗလ ရောက်လာသည်။ ဆရာကြီးသည် ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရသောအခါ တသိမ့်သိမ့်ရှိုက်ငိုနေသည့် သံချောင်းရဲ့ပခုံးကို ကရုဏာသည်းနင့်စွာနှင့်ဖျစ်ညှစ်ရင်း သူပြောခဲ့သည့် စကားကိုနားမထောင်ခဲ့သည့် အောင်မြတ်ရဲ့ သွေးသံရဲရဲအလောင်းကို ဆို့နင့်စွာလှမ်းကြည့်ကာ ဦးခေါင်းကို တွင်တွင်ယမ်းလိုက်လေသည်။

*********

မောင်ညိုမှိုင်း (သန်လျင်)

စာစီ-ဇေယျာမိုး (မွန်းလေးဖေဖေ)