နာရီမရှိသောမြို့

 နာရီမရှိသောမြို့

---------------------

ဤမြို့တွင် နေထိုင်သူများကား ထူးဆန်းလှပေသည်။ သင်သည် တစ်ဦးဦးကို


“ဘယ်နှနရီထိုးပြီလဲ” ဟူ၍မေးငြားအံ့ သူတို့က


“နေဝင်ချိန်”


“နေထွက်ချိန်”


“ကြက်တွန်ချိန်” ဟူ၍သာပြောလေ့ရှိသည်။


ထိုမြို့တွင် နေထိုင်သူများသည် နာရီပတ်ခြင်းမရှိ။ အိမ်တိုင်းတွင်လည်း နာရီတွေမရှိ။ နာရီအကြောင်းလည်း စကားလုပ်ပြီး ပြောလေ့မရှိ။ မြို့လယ်ခေါင် ပန်းခြံထဲတွင် နာရီစင်ကြီးတစ်ခုရှိသည်။ ဟောင်းလောင်း ပေါက်ဖြစ်နေသော နာရီစင်မြင့်သည် ခိုငှက်လေးတွေ၏ ခိုနားရာနေရာဖြစ်နေသည်။


နာရီစင်ကြီးပေါ်တွင် နာရီမျက်နှာပြင်သည် အရည်ပျော်ကျသလို ဖြစ်နေသည်။ ပန်းချီဆရာကြီး ဒါလီ၏ ပန်းချီ ကားထဲက အရည်ပျော်နေသည့် နာရီကဲ့သို့ပင်။ လေးဘက်လေးတန်မှ နာရီတွေအားလုံး အရည်ပျော်နေကြ သည်။


တစ်နေ့တွင် နာရီရောင်းသူတစ်ဦးသည် ထိုမြို့လေးကို ရောက်လာသည်။ သူက ဘုတ်ပြားနှစ်ခုကို ကိုယ်တွင် ရှေ့ဘက်နှင့်ကျောဘက်ကို ကြိုးသီပြီး ပခုံးတွင် ဆွဲထားသည်။ ဘုတ်ပြားပေါ်တွင် လက်ပတ်နာရီအမျိုးမျိုးကို ချိတ်ဆွဲကာ ပြသထားသည်။


“လက်ပတ်နာရီတွေ … အချိန်မှန်တယ် … တိကျတယ် … ဈေးချိုတယ်”


သူသည် တစ်လမ်းဝင်တစ်လမ်းထွက် နာရီလိုက်ရောင်းသည်။ မည်သူမျှ သူ့နာရီတွေကို စောင်းငဲ့၍ပင်မကြည့်။ နာရီသည် သူတို့နှင့် မဆိုင်သည့်အလား သွားမြဲသွား၊ စားမြဲစားနေကြကုန်သည်။


မြို့လေးကား တိတ်ဆိတ်လွန်းလှသည်။ နာရီရောင်းသူသည် သူ့ဘုတ်ပြားတွင် ချိတ်ထားသည့် နာရီသံတွေ ကိုသာ ကြားရလောက်အောင် တိတ်ဆိတ်နေသည်။


“ချက် … ချက် … ချက်”


ကြာလာသောအခါ နာရီသံတွေက ဗုံသံတွေလို ကျယ်လောင်လာသည်ဟု သူထင်နေသည်။


နာရီရောင်းသူသည် မောလာသဖြင့် ဈေးတွင်ခေတ္တနားသည်။ ပခုံးတွင် ချိတ်လာသည့် ဘုတ်ပြား တွေကိုဖြုတ်ကာ ဘေးတွင်ချသည်။ သူက သစ်ပင်အရိပ် ခုံတန်းလေးတွင်ထိုင်ရင်း အနီးနားမှ အဘိုးအိုကို မေးလိုက်သည်


“အဘိုးရေ … နာရီလေးများ ကြည့်ပါဦး”


အဘိုးအိုက သူ့ကို ပြုံးပြလိုက်ပြီး


“မောင်ရင် ဒီမြို့က ဟုတ်ဟန်မတူဘူး”


“မှန်ပါတယ်ခင်ဗျာ … ကျွန်တော် ဟိုတောင်တန်းကြီးရဲ့တစ်ဘက်မှာရှိတဲ့ မြို့ကပါ”


“ဒါဆိုရင် မောင်ရင် ဒီမှာ နာရီလာရောင်းတာ မှားနေပြီကွယ်”


“ဘာဖြစ်လို့လဲခင်ဗျာ”


“တို့မြို့ကလူတွေ နာရီကို စိတ်မဝင်စားဘူးကွယ့်”


“ဒါပေမဲ့ တစ်ခုလောက်မေးပါရစေ။ လူတိုင်းလက်မှာ နာရီမရှိဘူး။ အိမ်တိုင်းမှာလည်း နာရီတွေမရှိဘူး။ မြို့လယ်က နာရီစင်ကနာရီတွေကလည်း အရည်ပျော်လို့။ နာရီမရှိတဲ့နေရာမှာ နာရီ လာရောင်းတာ ကျွန်တော် မှားသလားခင်ဗျာ”


“မောင်ရင် မမှားဘူး။ ဒါပေမဲ့ ဒီမြို့ကလူတွေ နာရီကို စိတ်ဝင်စားလိမ့်မယ်လို့ မောင်ရင့်အထင်ကမှားနေတာ။ ဒီမြို့က လူတွေ ဘယ်သူမှ နာရီကို စိတ်မဝင်စားဘူး”


“နာရီမရှိဘဲ အဘိုးတို့မြို့က လူတွေ ဘယ်လိုနေထိုင်ကြသလဲခင်ဗျာ”


“ကမ္ဘာဦးကလူတွေမှာလည်း နာရီတွေမရှိကြပါဘူး။ ဒါပေမဲ့ သူတို့ ဒီလိုပဲ နေခဲ့ကြတာပဲ။ တို့မြို့ကလူတွေက အချိန်တွေ၊ နာရီတွေ၊ မိနစ်တွေ၊ စက္ကန့်တွေကို ဂရုမစိုက်ကြဘူး။ သူတို့မှာ တစ်ချိန်က နာရီတွေရှိခဲ့ဖူးပါရဲ့။ တိတိ ကျကျပြောရရင် လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဒီမြို့က လူတိုင်းလက်တွေမှာ နာရီတွေ ရှိခဲ့ဖူးတယ်။ အိမ်တိုင်းမှာ လည်း တိုင်ကပ်နာရီတွေ၊ နှိုးစက်နာရီတွေ ရှိခဲ့ဖူးတယ်။ မြို့လယ်က နာရီစင်ကြီးမှာလည်း အချိန်အတိကျဆုံး နာရီကြီးလေးလုံး ရှိခဲ့ဖူးတယ်”


“ခု ဘာဖြစ်လို့ လူတွေက နာရီတွေမရှိတော့တာလဲခင်ဗျာ”


“မင်း မေးသင့်ပါတယ်။ ငါတို့ တစ်မြို့လုံးက နာရီတွေကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဟိုးမြင်နေရတဲ့ တောင်တန်းကြီးရဲ့ အောက်ခြေမှာ သွားမြှုပ်လိုက်ကြတယ်”


“ထူးဆန်းပါပေ့ အဘိုးရယ် … ဘာကြောင့်များလဲဗျာ ပြောပြပါလား”


“ငါတို့မြို့သားတွေအားလုံးရဲ့ ပျော်ရွှင်မှုတွေအားလုံးဟာ လွန်ခဲ့တဲ့ ၅ နှစ်မှာ ပျောက်ဆုံးခဲ့တယ်။ အဲဒီ ၅ နှစ် တုန်းက ငါတို့မှာ အချိန်တွေ ရှိခဲ့တယ်။ ခုတော့ ငါတို့မှာ အချိန်တွေ မရှိတော့ဘူး။ နာရီတွေပဲရှိတော့တယ်။ နာရီတွေရှိပေမယ့် အချိန်မရှိတဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘူးလေ။ ငါတို့အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ပြီးတော့ အဲဒီပျောက်ဆုံးသွားတဲ့ ပျော်ရွှင်ဖွယ်နေ့မှာပဲ နာရီတွေကို အားလုံး တောင်တန်းဆီ သွားပြီးတော့ မြေမြှုပ်လိုက်ကြတယ်”


“နောက်တစ်ခု ကျွန်တော် သတိထားမိတာရှိသေးတယ် … ဒီမြို့မှာ ကားမရှိဘူး”


“ဟုတ်တယ် တို့မြို့မှာ ကားမရှိဘူး။ ကားတွေ ဒီမြို့ထဲကို ဝင်ခွင့်မပြုဘူး”


“ဘာဖြစ်လို့လဲအဘိုးခင်ဗျာ”


“ကားတွေ မြို့ထဲဝင်လာရင် ဆူညံတော့မယ်လေ။ တို့မြို့က ဆူညံတာကို မကြိုက်ဘူး။ တိတ်ဆိတ်ငြိမ်းချမ်းခြင်း ကိုကြိုက်ကြတယ်။ ဒီကလူတွေ စကား ကျယ်ကျယ် မပြောကြဘူး။ အိမ်တွေက တံခါးတွေတောင် အသံမြည်မှာစိုးရိမ်လို့ ဆီထိုးထားကြတယ်”


“ကျွန်တော်ကတော့ နာရီရောင်းသူဖြစ်တာကြောင့် နာရီအကြောင်းပဲစိတ်ဝင်စားပါတယ်အဘိုးရယ်”


“တို့မြို့ကလူတွေဟာ အချိန်တစ်ခုကို ရပ်တန့်ပစ်လိုက်ကြတယ်။ သူတို့ပျော်ရွှင်ခဲ့တဲ့အချိန်တွေဟာ လွတ်လပ်တဲ့အရသာကို အကောင်းဆုံး ခံစားနိုင်တဲ့အချိန်လို့ သတ်မှတ်ကြတယ်။ နာရီတွေကို စွန့်ပစ် လိုက်ရခြင်းကလည်း အဲဒါထက်ပိုတယ်။ နောက်ပိုင်းမှာ နာရီရဲ့ ချုပ်နှောင်မှုတွေကို သူတို့မခံဘူးဆိုတဲ့ သဘောပဲ။ အချိန်ရဲ့တုတ်နှောင်မှုတွေကနေ လွတ်ကင်းချင်တာလည်း ပါတယ်”


“ဟိုးတစ်ချိန်ကရော အချိန်ရဲ့တုတ်နှောင်မှုမရှိဘူးလားခင်ဗျာ”


“ငါတို့ဟာပျော်လွန်းလို့ အချိန်ဆိုတာကိုတောင် သတိမထားမိကြပါဘူး။ ငါတို့သတိထားလိုက်မိချိန်မှာ အချိန်က ငါတို့ကို ဖိစီးသလိုဖြစ်နေတယ်။ ဒါကြောင့် ငါတို့ တညီတညွတ်တည်း အမှတ်တရအနေနဲ့ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကို မြေမြှုပ်လိုက်ကြတယ်”


ထိုစဉ် ငှက်ကလေးတွေ မြက်ခင်းပြင်ထဲကို ပျံဝဲကာဆင်းလာကြသည်။


အဘိုးအိုက သူ့လက်ထဲမှ ပေါင်မုန့်စလေးတွေကိုဖဲ့ကာ ငှက်ကလေးတွေကို ပစ်ကျွေးနေသည်။


“အဘိုးတို့မြို့က လူတွေသာမဟုတ်ဘူး ငှက်တွေလည်း ထူးဆန်းနေတယ်”


“ဘာဖြစ်လို့လဲ”


“ငှက်တွေလည်း တေးမသီဘူး။ ဘာသံမှလည်း မထွက်ဘူး။ အစာတွေကို တိတ်တဆိတ်စားပြီး ပျံသွားကြ တယ်”


“ဒီငှက်လေးတွေလည်း တစ်ချိန်က အသံသာသာနဲ့ အော်ဟစ်ခဲ့ဖူးကြပါတယ်။ ဒါပေမဲ့ လူတွေမပျော်ချိန်မှာ ငှက်တွေလည်း အပျော်တွေ ဘယ်ရောက်ကုန်ပြီ မသိဘူးပေါ့”


ငှက်ကလေးတွေ ပျံသွားကြသည်။


“ကဲ သွားဦးမယ်ကွယ် နေဝင်တော့မယ်”


“အဘိုးရေ မသိရင် အဘိုးတို့မြို့က သင်္ချိုင်းကြီးလိုပဲနော်”


“ဟုတ်တယ်လေ ငါတို့မြို့ကလူတွေ သေနေတာကြာမှပဲ”


တင်ညွန့်


၁၇.၁.၂၀၂၆