ဒါပေမဲ့ ကိုယ် ဒီမှာ ရှိနေပါတယ်
ကျွန်တော့်ဇနီးသည်က သူမကို ပွေ့ဖက်ထားပေးဖို့၊ သူမကိုယ်သူမ အမျိုးသမီးတစ်ယောက်လို့ ပြန်ခံစားရအောင် လုပ်ပေးဖို့ တောင်းပန်ရှာပါတယ်။ ဒါပေမဲ့ သူမရဲ့ အနံ့အသက်တွေကြောင့် ကျွန်တော့်ဗိုက်ထဲ တစ်မျိုးကြီးဖြစ်ပြီး အသက်အောင့်ထားခဲ့ရတယ်။
သူမက နမ်းဖို့ ကျွန်တော့်ဆီ တိုးကပ်လာတဲ့အခါမှာလည်း မျက်နှာလွှဲလိုက်ရအောင် ခေါင်းအုံးကို ပြင်ပေးချင်ယောင် ဆောင်ခဲ့ရပါတယ်။
ကျွန်တော့်နာမည်က ဖရန့်ခ်ပါ။ အသက် ၆၈ နှစ်ရှိပြီ၊ ပြီးတော့ ကျွန်တော်ဟာ လူလိမ်တစ်ယောက်လည်း ဖြစ်ပါတယ်။
အိမ်နီးနားချင်းတွေအတွက်တော့ ကျွန်တော်ဟာ မေပယ်လမ်းရဲ့ "သူတော်စင်" ပေါ့။ ကျွန်တော် ဝရန်တာ တံမြက်စည်းလှည်းနေတာ၊ အောက်ဆီဂျင်ဘူးတွေ သယ်နေတာ၊ ဘီးတပ်ကုလားထိုင်ကို သံချေးတက်နေတဲ့ ဗန်ကားအဟောင်းထဲ တင်နေတာတွေကို သူတို့ မြင်ကြတယ်။ သူတို့က ဟင်းခွက်တွေနဲ့ လာပို့ပေးရင်း သနားစရာကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး "အယ်လီနာကတော့ ဖရန့်ခ်လို ခင်ပွန်းမျိုးရတာ ကံကောင်းလိုက်တာ" ဒါမှမဟုတ် "ဖရန့်ခ်လို လူမျိုးတွေကတော့ ဒီဘက်ခေတ်မှာ မရှိသလောက်ပါပဲ" စသဖြင့် ပြောတတ်ကြတယ်။
ကျွန်တော်ကတော့ ခေါင်းညိတ်ပြတယ်၊ ကျေးဇူးတင်စကား ပြောတယ်။ ကြံ့ကြံ့ခံနိုင်တဲ့ သံမဏိစိတ်ဓာတ်ရှိတဲ့ ခင်ပွန်းတစ်ယောက်အဖြစ် သရုပ်ဆောင်တယ်။ ဒါပေမဲ့ ရှေ့တံခါးကြီး ပိတ်သွားတဲ့အခါ ဘာတွေဖြစ်ကုန်လဲဆိုတာ သူတို့ မသိကြဘူး။ ဧည့်ခန်းထဲက ဆေးရုံသုံးကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သူမဆီကို လျှောက်သွားဖို့ သတ္တိတွေ စုစည်းရင်း အသက်ရှူသံတွေ တရွှတ်ရွှတ်နဲ့ စင်္ကြံလမ်းမှာ ၅ မိနစ်လောက် ရပ်နေရတာကို သူတို့ မသိကြဘူး။
ကျွန်တော့်ကို အစိမ်းလိုက် ဝါးစားနေတဲ့ လျှို့ဝှက်ချက်ကတော့ ကျွန်တော့်ခန္ဓာကိုယ်က သူမကို လက်မခံနိုင်တော့တာပါပဲ။
ဒါဟာ ပိုးသတ်ဆေးနံ့၊ ဆေးဝါးနံ့တွေ၊ ဒါမှမဟုတ် အချိန်မီ မလဲနိုင်သေးတဲ့ လူကြီးသုံး ဒိုင်ပါတွေရဲ့ ချဉ်စုတ်စုတ် အနံ့တွေကြောင့်တင် မဟုတ်ပါဘူး။ ဒါဟာ ပုပ်ဆွတ်ပျက်စီးနေတဲ့ အနံ့ပါ။ ဒါဟာ ရပ်တန့်သွားတဲ့ ဘဝတစ်ခုရဲ့ အနံ့ပါ။ အဲဒီအနံ့ဟာ နံရံတွေ၊ ကော်ဇောတွေထဲကနေတစ်ဆင့် ကျွန်တော့်အရေပြားရဲ့ ချွေးပေါက်တွေအထိ စိမ့်ဝင်နေခဲ့ပြီ။ ကျွန်တော် ဘယ်လောက်ပဲ ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပါစေ၊ အဲဒီအနံ့က ကျွန်တော့်ကိုယ်ပေါ်မှာ ရှိနေတုန်းပဲ။
အယ်လီနာဟာ မှတ်ဉာဏ်ချို့ယွင်းမှု နောက်ဆုံးအဆင့်နဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားနေရတာပါ။ သူမဟာ ကျွန်တော်တို့ မင်္ဂလာဆောင်တုန်းက စားပွဲပေါ်တက်ပြီး ကခဲ့တဲ့ အမျိုးသမီးပါ။ ကျွန်တော် အနှစ် ၄၀ ကြာ အလုပ်လုပ်ခဲ့တဲ့ မော်တော်ကားစက်ရုံက လူတွေထက်တောင် အင်ဂျင်ပိုင်းကို ပိုကျွမ်းကျင်အောင် ပြင်နိုင်တဲ့ အမျိုးသမီးပါ။ အခုတော့ သူမဟာ စက္ကူလို ပါးလွှာနေတဲ့ အရေပြားနဲ့ အုပ်ထားတဲ့ အရိုးစုလေးတစ်ခု ဖြစ်နေပြီ။
မနေ့ညက အဆိုးဆုံးပါပဲ။
မနက် ၂ နာရီ ရှိပြီ။ မီးဖိုချောင် စရိတ်သက်သာအောင် အပူပေးစက်ကို လျှော့ထားလို့ အိမ်ထဲမှာ ခဲနေအောင် အေးနေတယ်။ ကျွန်တော်တို့ တစ်သက်လုံး အခွန်ဆောင်ခဲ့တဲ့ အစိုးရဌာနက မနေ့က စာတစ်စောင် ထပ်ပို့လာတယ်။ ကျွန်တော်တို့ဟာ "အာမခံ မလုံလောက်တဲ့ အခြေအနေ" ထဲ ရောက်နေပြီတဲ့။ အစိုးရရဲ့ အကူအညီအပြည့်အဝ ရဖို့လောက်အောင်လည်း ကျွန်တော်တို့က မဆင်းရဲသေးဘူး၊ ဒါပေမဲ့ ပုဂ္ဂလိက ဆေးရုံမှာ ထားနိုင်လောက်အောင်လည်း မချမ်းသာဘူး။ သူတို့က ပြောတယ်၊ အယ်လီနာအတွက် ပြုစုစောင့်ရှောက်ခ အပြည့်အဝ လိုချင်ရင် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို "ကုန်အောင် သုံးပစ်ရမယ်" တဲ့။
တခြားစကားနဲ့ ပြောရရင်တော့ အိမ်ကို ရောင်း၊ လက်လုပ်ကိရိယာတွေကို ရောင်း၊ အိမ်ခြေမဲ့ ဖြစ်သွားပါ၊ အဲဒီကျမှ ငါတို့ ကူညီမယ် တဲ့။
ကျွန်တော် အဲဒီစာကို ကြည့်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်နေတုန်း အယ်လီနာ နိုးလာတယ်။ တစ်ခါတစ်လေမှ ဖြစ်တတ်တဲ့ အချိန်လေးတစ်ခုမှာ သူမဦးနှောက်ထဲက မြူနှင်းတွေ ခဏလောက် ကွယ်ပျောက်သွားတယ်။ စိတ်ရဲ့ ရက်စက်တဲ့ လှည့်ကွက်တစ်ခုပေါ့။
"ဖရန်ကီ”သူမ တိုးတိုးလေး ခေါ်တယ်။
ကျွန်တော် အနားသွားလိုက်တယ်။ "ကိုယ် ဒီမှာ ရှိတယ် အယ်လ်"
သူမ ကျွန်တော့်ကို ကြည့်တယ်၊ လပေါင်းများစွာအတွင်း မတွေ့ခဲ့ရတဲ့ ကြည်လင်တဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို သေချာကြည့်တယ်။ သူမ မျက်လုံးတွေ စိုနေတယ်။ "ကျွန်မ ကြောက်တယ် ဖရန်ကီ။ ကျွန်မ... ကျွန်မ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသလို ခံစားနေရတယ်"
"မင်း ဘယ်မှ မသွားရပါဘူး" လို့ ကျွန်တော် လိမ်ပြောလိုက်တယ်။
သူမက တုန်ရီနေတဲ့ လက်လေးနဲ့ ကျွန်တော့်ရင်ဘတ်ကို လာကိုင်တယ်။ သူမ လက်ချောင်းတွေက အေးစက်နေပြီး လက်သည်းတွေက ကျိုးလွယ်နေပုံရတယ်။ "ဒီနားလာပါဦး" သူမက ပြောတယ်။
“ကျွန်မဘေးမှာ လာအိပ်ပါဦး။ တစ်မိနစ်လောက်ပဲ ဖြစ်ဖြစ်။ အရင်တုန်းကလို ကိုယ့်ကို ပွေ့ဖက်ထားပေးပါ။ ကျွန်မ လုံခြုံတယ်လို့ ခံစားချင်လို့ပါ"
ကျွန်တော့်ဦးနှောက်က အော်ဟစ်နေတယ်။
'လုပ်လိုက်စမ်းပါ။ သူက မင်းရဲ့ ဇနီးလေ။ မင်းကလေးတွေရဲ့ အမေလေ။ သူ့ကို နှစ်သိမ့်ပေးလိုက်စမ်းပါ'
ဒါပေမဲ့ ကျွန်တော့်ဗိုက်ထဲကတော့ ရုန်းကန်နေပြီ။
ကျွန်တော် ငုံ့လိုက်တဲ့အခါ အနံ့က ကျွန်တော့်ကို ရိုက်ခတ်သွားတယ်။ အိပ်ရာခင်းတွေဆီကနေ ထွက်လာတဲ့ ပုပ်စပြုနေတဲ့ အနံ့ဆိုးကြီး။ သူမ လက်မောင်းက အနာတွေ၊ မွေ့ယာပေါ်က ပိုက်တွေ၊ ဝါကျင့်ကျင့် ဖြစ်နေတဲ့ သူမရဲ့ မျက်လုံးတွေကို ကျွန်တော် မြင်လိုက်ရတယ်။ ကျွန်တော့်ရဲ့ ရှင်သန်လိုစိတ် ဗီဇက နိုးကြားလာတယ်။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ လှပတဲ့ အယ်လီနာကို မမြင်တော့ဘူး။ ဇီဝအန္တရာယ် (Biological Hazard) တစ်ခုကိုပဲ မြင်နေရတယ်။ ကျွန်တော့်ရဲ့ အနားယူချိန်တွေ၊ သိက္ခာတွေနဲ့ ငြိမ်းချမ်းမှုတွေကို ခိုးယူသွားတဲ့ အရာတစ်ခုကိုပဲ မြင်နေရတော့တယ်။
ကျွန်တော် တောင့်သွားခဲ့တယ်။
ကျဉ်းမြောင်းတဲ့ မွေ့ယာပေါ်ကို ကိုယ်ကို လျှော့ချဖို့ ကြိုးစားပေမဲ့ ကြွက်သားတွေက တောင့်တင်းနေတယ်။ အဆုတ်တွေ ပူလာတဲ့အထိ အသက်ကို အောင့်ထားမိတယ်။
အယ်လီနာ ဒါကို မြင်သွားခဲ့တယ်။
ကျွန်တော့်ရဲ့ တွန့်ဆုတ်မှုကို သူမ မြင်သွားတယ်။ ကျွန်တော် အမြန်ဖုံးကွယ်ဖို့ ကြိုးစားပေမဲ့ မမှီလိုက်တဲ့ ရွံရှာမှု အမူအရာလေးကို သူမ မြင်သွားတယ်။ သူမ မျက်လုံးထဲက ခဏတာ ကြည်လင်မှုလေးဟာ ဝတ်ခနဲ ပျောက်ကွယ်သွားတယ်။ ဒီတစ်ခါတော့ မှတ်ဉာဏ်ချို့ယွင်းမှုကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်ကြောင့်ပါ။ ကျွန်တော်ကိုယ်တိုင် အဲဒီအလင်းလေးကို ငြှိမ်းသတ်လိုက်တာ။
"ဪ..." သူမ တိုးတိုးလေး ရေရွတ်ရှာတယ်။ အဲဒီစကားသံလေးက အရမ်းကို သိမ်ငယ်ပြီး အရှက်ရမှုတွေနဲ့ ပြည့်နေတယ်။ သူမဟာ မီးလောင်သွားတဲ့အတိုင်း လက်ကို အမြန်ပြန်ရုတ်လိုက်တယ်။ "စိတ်မရှိပါနဲ့။ ကျွန်မက ရွံစရာကြီး ဖြစ်နေလို့ပါ"
"မဟုတ်ဘူး အယ်လ်၊ မဟုတ်ဘူး" ကျွန်တော် စိုးရိမ်တကြီးနဲ့ စကားတွေ ထစ်ကုန်တယ်။ "ကိုယ်... ကိုယ့်ကျောက နာနေလို့ပါ။ မင်းလည်း သိသားပဲ ကိုယ့်ကျောအကြောင်း"
"သိပါတယ်" သူမက နံရံဘက်ကို မျက်နှာလွှဲရင်း ပြောတယ်။ "မီးပိတ်လိုက်တော့ ဖရန့်ခ်"
ကျွန်တော် အမှောင်ထဲမှာ မတ်တတ်ရပ်ရင်း သူမက ခေါင်းအုံးထဲ မျက်နှာအပ်ပြီး တရှုံ့ရှုံ့ငိုနေတာကို နားထောင်နေမိတယ်။ ကျွန်တော် သူမကို မချော့ခဲ့ဘူး။ အခန်းထဲက ထွက်လာပြီး ဂိုဒေါင်ထဲ သွားတယ်၊ သုံးနှစ်လောက် လက်မထိဖြစ်တော့တဲ့ ၁၉၇၈ ခုနှစ်ထုတ် ကားဟောင်းကြီးထဲမှာ ထိုင်ပြီး လည်ချောင်းက သွေးထွက်မတတ် အော်ဟစ်ပစ်လိုက်တယ်။
ကျွန်တော့်လက်တွေကို ကြည့်မိတယ်။ ဆီတွေပေနေတဲ့၊ အသားမာတွေ တက်နေတဲ့ လက်တွေ။ တစ်ခုခုကို တည်ဆောက်ခဲ့တဲ့ လက်တွေ။ စည်းကမ်းအတိုင်း ရှင်သန်ရင် "ရွှေရောင် အချိန်ကာလ" တွေ ရလိမ့်မယ်ဆိုတဲ့ ကတိကို ယုံကြည်ပြီး တစ်ပတ်ကို နာရီ ၆၀ အလုပ်လုပ်ခဲ့တဲ့ လက်တွေ။
ကျွန်တော်တို့ အဲဒီအလိမ်အညာကို ယုံခဲ့ကြတယ်။ အလုပ်လုပ်ရတာက အခက်ခဲဆုံးလို့ ထင်ခဲ့ကြတယ်။ အဆုံးသတ်က ဒီလောက် ခက်ခဲလိမ့်မယ်လို့ ကျွန်တော်တို့ မသိခဲ့ကြဘူး။
ဂိုဒေါင်ထဲကို ကြည့်မိတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အနားယူချိန်တွေ ဖြစ်ရမှာ။ ဒီကားကြီးနဲ့ လျှောက်လည်နေရမှာ။ ဝရန်တာမှာ ကော်ဖီသောက်ရင်း မိုးလေဝသအကြောင်း ပြောနေရမှာ။ အခုတော့ အင်ဆူလင် ဝယ်မလား၊ အပူပေးစက်အတွက် ဆီဝယ်မလားဆိုတာကို ပြားစေ့လေးတွေ ရေတွက် ဆုံးဖြတ်နေရတယ်။
အဲဒီအချိန်မှာ ကျွန်တော် နားလည်လိုက်တာက ကျွန်တော်ဟာ သူမအတွက်တင် ဝမ်းနည်းနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် ဝမ်းနည်းနေတာ။ ဘဝကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ လွဲမှားတဲ့ ယုံကြည်ချက် ပျောက်ဆုံးသွားတာအတွက် ဝမ်းနည်းနေတာ။
ဒီနိုင်ငံမှာ နာတာရှည် လူနာကို ပြုစုရတာဟာ ပြောမပြနိုင်တဲ့ ရက်စက်မှု တစ်ခုပါပဲ။ ဒါဟာ ခင်ဗျားရဲ့ အခန်းကဏ္ဍတွေကို ရိုက်ချိုးပစ်တယ်။ ကျွန်တော်ဟာ ခင်ပွန်းတစ်ယောက် မဟုတ်တော့ဘူး၊ ကျွန်တော်ဟာ သူနာပြု၊ သန့်ရှင်းရေးသမား၊ ပြီးတော့ ဆင်းရဲဒုက္ခတွေကို တွက်ချက်နေရတဲ့ စာရင်းကိုင်တစ်ယောက် ဖြစ်သွားပြီ။ သူမဟာလည်း ဇနီးတစ်ယောက် မဟုတ်တော့ဘူး၊ လူနာ၊ ဝန်ထုပ်ဝန်ပိုး၊ ပြီးတော့ အာမခံပယ်ချခံရတဲ့ မှတ်တမ်းထဲက နံပါတ်တစ်ခု ဖြစ်သွားပြီ။
အေးစက်နေတဲ့ ကားထဲမှာ ထိုင်ရင်း ကျွန်တော့်ရဲ့ အမှောင်ဆုံး အမှန်တရားကို ဝန်ခံလိုက်တယ် ။ကျွန်တော့်စိတ်ထဲက တစ်စိတ်တစ်ပိုင်းက သူမ သေဆုံးမယ့်အချိန်ကို စောင့်မျှော်နေမိတာ။
သူမကို မုန်းလို့ မဟုတ်ပါဘူး။ ဘုရားသခင် သိပါတယ်၊ ကျွန်တော် သူမကို ကိုယ့်အသက်ထက် ပိုချစ်ပါတယ်။ ဒါပေမဲ့ သူမကို တစ်ခါပြန်ချစ်နိုင်ဖို့အတွက် သူမ သေဆုံးစေချင်တာပါ။
အခု အနံ့အသက်တွေ ထွက်နေတဲ့၊ အရှက်ရပြီး ငိုနေတဲ့၊ ကျွန်တော်တို့ စုဆောင်းထားသမျှကို ဖြုန်းတီးနေတဲ့ ဒီပုံစံကြီးကို မရှိစေချင်တော့ဘူး။ မျက်စိမှိတ်လိုက်ရင် ပါးပေါ်မှာ ဆီပေနေပြီး ကျွန်တော် လက်နက်ကျောက်ချလိုက်တဲ့အခါ ရယ်တတ်တဲ့ ထိုအမျိုးသမီးကိုပဲ အမှတ်ရချင်တော့တယ်။ အသက်အောင့်ထားဖို့ မလိုဘဲ စင်ကြယ်သန့်ရှင်းတဲ့ အမှတ်တရတွေနဲ့ပဲ သူမကို ချစ်ချင်တော့တယ်။
ကျွန်တော် ကားရှေ့ခန်းမှာပဲ အိပ်ပျော်သွားခဲ့တယ်။
နိုးလာတဲ့အခါ ဂိုဒေါင်ပြတင်းပေါက်ကနေ နေရောင်ခြည် ဝင်နေပြီ။ အရိုးအဆစ်တွေကလည်း တောင့်တင်းနေတယ်။ အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။
အနံ့က ရှိနေတုန်းပဲ။ ဆေးဖိုးတွေက စားပွဲပေါ်မှာ ပုံနေတုန်းပဲ။ အာမခံကုမ္ပဏီက စာကလည်း ကျွန်တော့်ကို လှောင်ပြောင်နေတုန်းပဲ။
ဧည့်ခန်းထဲ လျှောက်သွားတော့ အယ်လီနာ နိုးနေပြီ၊ မျက်နှာကြက်ကို ငေးကြည့်နေတယ်။ သူမက သေးသေးလေး ဖြစ်နေရှာတယ်။
ကျွန်တော် စင်ဆီသွားပြီး ရေနွေးနွေးထဲကို နှင်းဆီနံ့ ဆပ်ပြာလေး ထည့်လိုက်တယ်။ ဒါက သူမမွေးနေ့တုန်းက ဝယ်ပေးထားတဲ့ ဈေးကြီးတဲ့ ဆပ်ပြာ၊ ထူးထူးခြားခြား နေ့တွေမှ သုံးဖို့ သိမ်းထားတာ။ အဝတ်လေးကို စိမ်လိုက်တယ်။
ကုတင်နား သွားလိုက်တယ်။ "မင်္ဂလာပါ အယ်လ်"
သူမ ကျွန်တော့်ကို မကြည့်ဘူး။ "ကျွန်မဆီက အနံ့တွေ ထွက်နေတယ်" လို့ တိုးတိုးလေး ပြောတယ်။
"ကိုယ်တို့ ဒါကို ပြင်လို့ရပါတယ်" လို့ ကျွန်တော် ပြောလိုက်တယ်။
ကုလားထိုင် ဆွဲထိုင်လိုက်တယ်။ ဒီတစ်ခါတော့ အသက်မအောင့်ထားတော့ဘူး။ အဲဒီအနံ့ကို ရှူသွင်းလိုက်တယ် ။ဖျားနာမှု၊ ပုပ်ဆွတ်မှု၊ ပြီးတော့ ကျွန်တော်တို့ ဘဝရဲ့ လက်တွေ့တရား။ အဲဒီအနံ့ဟာ ကြောက်စရာလို့ မခံစားရတော့ဘဲ အမှန်တရားလို့ ခံစားရတဲ့အထိ အဆုတ်ထဲ နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်တယ်။
သူမ မျက်နှာကို စတင် သစ်ပေးတယ်၊ ညင်ညင်သာသာလေး။ ပြီးတော့ သူမ လက်ကလေးတွေကို။
"မနေ့ညက ကိစ္စအတွက် တောင်းပန်ပါတယ်" လို့ ကျွန်တော့်အသံတွေ တုန်ယင်ရင်း ပြောလိုက်တယ်။ "ကိုယ်က ခါးမကောင်း၊ နှလုံးမကောင်းတဲ့ လူအိုကြီး ဖြစ်နေလို့ပါ။ ဒါပေမဲ့ ကိုယ် ဒီမှာ ရှိနေပါတယ်"
သူမ ကျွန်တော့်ကို ကြည့်တယ်၊ မျက်လုံးတွေက ထပ်ပြီး ဝေဝါးနေပြန်ပြီ၊ ကြည်လင်မှုတွေ မရှိတော့ဘူး။ "ရှင်က ဘယ်သူလဲ”လို့ သူမ မေးတယ်။
အဲဒီမေးခွန်းက ကျွန်တော့်ကို ရိုက်နှက်လိုက်သလိုပဲ။ ဒါပေမဲ့ ကျွန်တော့်အမေကို မြှုပ်နှံတုန်းက ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားခဲ့တဲ့၊ လွန်ခဲ့တဲ့ အနှစ် ၃၀ က ဒီအိမ်ကို ဝယ်တုန်းက လက်မှတ်ထိုးခဲ့တဲ့ ထိုလက်ကလေးတွေကို ကျွန်တော် ကြည့်လိုက်မိတယ်။
"ကိုယ်က ကားဆေးပေးတဲ့ လူပါ" လို့ တိုးတိုးလေး ပြောလိုက်တယ်။ "ပြီးတော့ ကိုယ် ဘယ်မှ မသွားပါဘူး"
သူမက ပြုံးတယ်၊ အားနည်းပြီး ဟာလာဟင်းလင်း ဖြစ်နေတဲ့ အပြုံးလေး။ "ဟုတ်ကဲ့"
ကျွန်တော်က ဖရန့်ခ်ပါ။ အသက် ၆၈ နှစ်။ ကျွန်တော် ပင်ပန်းနေပြီ၊ ငွေလည်း မရှိတော့ဘူး၊ ပြီးတော့ ကြောက်လည်း ကြောက်နေတယ်။ ဒါပေမဲ့ ဒီမနက်မှာ တစ်ခုခုကို နားလည်လိုက်တယ်။
စစ်မှန်တဲ့ အချစ်ဆိုတာ အတိတ်က အချစ်ဇာတ်လမ်းတွေ မဟုတ်ပါဘူး။ စက်ရုံတွေ ဖွင့်တုန်းက၊ ကားတွေက သံမဏိနဲ့ လုပ်တုန်းက "ကောင်းခဲ့တဲ့ နေ့ရက်တွေ" လည်း မဟုတ်ပါဘူး။ စစ်မှန်တဲ့ အချစ်ဆိုတာ အိပ်မက်တွေ ပုပ်ဆွတ်သွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့အရာပါ။ စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်သူမှ မကြည့်နေတဲ့ အချိန်မှာတောင်၊ ခင်ဗျား ဘာလုပ်ပေးနေလဲဆိုတာ တစ်ဖက်လူက မသိတော့တဲ့ အချိန်မှာတောင်၊ ကမ္ဘာပေါ်မှာ အကျည်းတန်ဆုံး အလုပ်ကို နူးညံ့တဲ့ လက်တွေနဲ့ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။
ကျွန်တော် သူမကို သန့်ရှင်းရေး လုပ်ပေးပြီး၊ ကျဲပါးနေတဲ့ သူမရဲ့ ဆံပင်ဖြူလေးတွေကို ဘီးဖီးပေးတယ်၊ ပြီးတော့ သူမလက်ကို ဆုပ်ကိုင်ပြီး ထိုင်နေခဲ့တယ်။ နောက်ခံမှာတော့ မနက်ခင်း သတင်းတွေက စီးပွားရေးအကြောင်း၊ စတော့ရှယ်ယာအကြောင်း၊ ဒီအခန်းထဲမှာ ဘာမှ အရေးမပါတဲ့ အကြောင်းအရာတွေကို ပြောနေကြလေရဲ့။
ကျွန်တော် အသက်မအောင့်ထားတော့ပါဘူး။ သူမလက်ကိုပဲ မြဲမြဲဆုပ်ကိုင်ထားခဲ့ပါတယ်။
#ဟမ်စိုင်း(ဆေး-မန်း)
(ဘာသာပြန်
Story Points မှ)