ဝမ်းမီး

 ဝမ်းမီး


 ငြိမ်းကျော်


(၁)


ပုလဲသန္တာ လက်ဖက်ရည် ကော်ဖီဆိုင်သည်

ထင်ရှားသော အအေးဆိုင်လည်း ဖြစ်သည်။ ကူဖီ ၊ ရေခဲမုန့် ၊ ဖာလူဒါနှင့် အခြားအခြား အဖျော်ယမကာများမှာ နာမည်ရသည်။အချိန်တိုင်းတွင် စားပွဲပြည့်၊ထိုင်ခုံပြည့်။စနေရက်မျိုးတွင် နေရာမရတတ်။စောင့်ပင် စောင့်ရ၏။ကော်ဖီ၊ လက်ဖက်ရည်ကို လွင်လွင်ရီဇော်နည်းတူ ကျွန်တော် မခုံမင်လှ။ ထိုဆိုင်သို့ ရောက်တိုင်း ရေခဲမုန့်၊

ဖာလူဒါနှင့် ကူဖီ တစ်ခုခုကိုသာ စားဖြစ်သောက်ဖြစ်သည်။ကျွန်တော်တို့ နှစ်ယောက်သည် အကြိုက်

တူကြသည်။


' ကူဖီက အကောင်းဆုံးပဲနော်၊ ကိုဖုန်းဝေဝင်း '

ကျွန်တော် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

အကောင်းဆုံးဟုသာ လွင်လွင်ရီဇော် ဆို၏။

မည်သည့် အခါကမျှ တစ်ပွဲမကုန်။တစ်ဝက်သာသာ

တစ်ဝက်ကျော်သာ စားလေ့ရှိသည်။ဆိမ့်သော

နူးညံ့စွာ ကျစ်လျစ်သော အာခံတွင်း အထိအတွေ့

ကိုသာ အာရုံခံစားနေလေ့ရှိသည်။


' တစ်ပွဲတောင် မကုန်ပါလား လွင်ရီ'

သူ ပြုံးသည်။ဥရောပ ရေမွှေးရနံ့ထုံသောအပြုံး။

'လွင်ရီက အဲသလိုပဲ စားတတ်တာ'

'ကိုယ်တော့ နောက်တစ်ပွဲလောက် ဝမှာ။နှစ်ပွဲ

စားရတယ်ဆိုတာတောင် လွင်ရီ ပါလာလို့၊ပတ်ဝန်း

ကျင် ကိုလဲ ရှက်လို့၊ အဝစားရရင် လေးပွဲလောက်မှ

ဝမှာ'


စိမ်းဖန့်ဖန့် ရေးရေး အရောင်ရှိသော မျက်ခွံအလှ

ဆေးများကပင် ရယ်နေသည်ဟု ထင်ရ၏။

' ကိုဖုန်းဝေဝင်းကလဲ ဗိုက်ကြီးတင်းပြီး 

ကယ်နေမှာပေါ့၊ ဘယ်မှာအရသာရှိပါ့တော့မလဲ၊

အဝ စားရတယ်လို့များ"

' ကူဖီးက သိပ်ကောင်းတာကိုး'

'အို. . . . ကောင်းတာနဲ့ပဲ စားပိုးနင့်အောင်

စားချင်သတဲ့လား'


ကျွန်တော် တိုးတိုးညင်သာ ရယ်၍ နေ၏။


' လျှာပေါ်မှာ ရောက်နေတဲ့ အရသာကို တင်းလွန်း

နေတဲ့ဗိုက်က နှောက်ယှက်မှာ တွေးဦးလေ '


ပြန်မပြောမိ။ရယ်မြဲ ရယ်၍သာ ကျွန်တော် နေလိုက်သည်။


(၂)


နွေပင် ဖြစ်လင့်ကစား ဟင်း၌ အစပ်ကဲ ထားလင့်က

ကစား ချွေးမပြန်။ ဆောင်းရာသီလေး တစ်ခုသည် 

မြယုဒါ အအေးခန်း မြန်မာ ထမင်းဟင်းဆိုင်တွင်

ဖြစ်ပေါ်၍နေသည်။နှုတ်မိန်လွန်းသောကြောင့် ဝချင်သည်မရှိ။ 

ငါးရံ့အူဟင်း ။ ဆီက ပျံနေသည်။ငရုတ်ဆီ

အဆင်းမှာ ဝင်းနေ၏။မြန်မာဟင်းခတ် အမွှေးအကြိုင်

စပါးလင်နံ့က သင်းနေ၏။ပုစွန်ချဉ်သုပ်မှာ ပန်းနုရောင်

အသွေးဖြင့် စားချင့်သဖွယ်။ ကြယ်သွန်ဖြူ နီ နိုင်နိုင်။

ပဲတောင့်စိမ်းသုပ်ကို မစားဖူးခင်က စိမ်းစော်နံမည်

ထင်သည်။စမ်း၍ မှာစားဖူးစကပင် ခံတွင်းတွေ့ခဲ့သည်။

ကြွပ်ဆတ်ဆတ် ပဲတောင့်များကို စွေစွေလှီးထားသည်။

ကြက်သွန်ဆီချက် နိူင်လှသည်။ ပုစွန်ခြောက်မှုန့်နိုင်းချင်း။ ဟင်းချိုသည် ဆိုင်တိုင်းတွင် မရတတ်သော မဲဇလီဟင်းချို

ချိုသက်သက် ၊အညာငါးပိ ထောင်းသည် အငြီးပြေ။


'ထမင်းနည်းနည်းလောက် လွင်ရီ ထပ်ယူပါလား'

'ဝပြီ ကိုဖုန်း'

'စားတာ နည်းလိုက်တာ၊တစ်ပန်းကန်တောင် 

မကုန်ချင်ဘူး၊သုံးလေးလုတ်စာတောင် ကျန်သေးတယ် ဒီဆိုင်မှာ စားလို့ ကောင်းတယ်ဆို'


ခေါင်းညိတ်သည်။


'ကောင်းတယ်လေ၊ ဒါပေမယ့် လွင်ရီက

ကိုဖုန်းလိုမှ မစားတတ်တာ၊ကိုဖုန်းက သုံးပန်ကန် 

ရှိနေပြီ၊ယူပါဦး၊မရှက်ပါနဲ့လေ၊ လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲပေါ့၊ ရီလွင်က စားလို့‌ကောင်းတဲ့အစာ ကြိုက်တဲ့အစားအသောက်ကို ဝအောင် စားလေ့စားထ မရှိတာ၊တန်ရုံလေးပဲ၊စာလောင်နေတာ ငြိမ်သွားရုံလေးပဲ'


ငါးပိရည်မှာ အနံ့အရသာ အပြစ်ပြောစရာမရှိ။

ရှောက်ရွက်ပဲတီချဉ်၊ တညင်းသီးဆားရည်စိမ်

ခရမ်းကြွပ်သီး၊ယင်းတိုက်ရွက် တို့စရာတို့ကြောင့်

ဗိုက်သာတင်းလာ၏။အာသာမပြေ။


'ကိုယ်တို့ချင်း အကြိုက်တော့တော်တော်

တူတယ်၊ ဟင်းကအစ၊တို့စရာ အမျိုးအစားရော၊

ရုပ်ရှင်ဝတ္ထုလဲ အကြိုက် တူတာပဲ။မုန့်ပဲသွားရည်

စာလဲ ဒီလိုပဲ'


သူ့ပါးနုနုအောက်ဘက်တွင် အရုဏ်တက်အလှ နီစစ

ရောက်လာ၏။ ရှက်ပြုံးဖြင့် ခေါင်းငုံ့ကာ လက်သုတ်နေ၏။

စားရင်းနှင့်ပင် ရေခဲရည်ပုလင်းထဲမှ ရေကို

ဖန်ခွက်ထဲသို့ ကျွန်တော်ငှဲ့ပေး၏။လက်သုံးလေးသစ်

အရောက်တွင် 'တော်ပြီ ကိုဖုန်း ' ဟု ဆို၏။


(၃)


'ချစ် .... တစ်ပွဲလောက်ထပ်မယူနိူင်တော့ဘူးလား'


သူ ပြုံး၍ ခေါင်းခါကာ မုန့်ဟင်းခါးရည်ကို သောက်သည်။


'ကြီးကြီး နောက်တစ်ပွဲပေးပါဦး၊ပဲကြော် မထည့်

နဲ့တော့၊ဘူးသီးကြော်ထည့်ပါ'


မုန့်ဟင်းခါးသည် အဒေါ်ကြီးက ဘူးသီးကြော်တစ်ခု

ပိုထည့်ပေးလိုက်မယ်ဟု ပြောသည်။ သူက မုန့်ဟင်း

ခါး ပန်းကန် ပြန်ချကာ ပခုံးချိတ်အိတ်ထဲမှ လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းကို တို့နေ၏။

ဟင်းရည် သုံးလေးဇွန်းစာ ပန်းကန်ထဲတွင် ကျန်နေသည်။ သူ မုန့်ဟင်းခါး ကြိုက်သည်။သူ စွဲစွဲမြဲမြဲ စားသောဆိုင်မှာ သည်ဆိုင်။

ကျွန်တော်သည် မုန့်ဟင်းခါး အရာ၌ စားသောက်သူ

ပါရဂူ ရသင့်သည် ထင်၏။ မြန်မာပြည် အရပ်ရပ်

ရောက်တတ်ရာ နေရာတွင် မုန့်ဟင်းခါးဆိုင်ရှာပြီး စားသည်။

ရန်ကုန်၏အရပ်ရှစ်မျက်နှာတွင် မုန့်ဟင်းခါးဆိုင်ကောင်းကောင်းရှိသော သတင်း ကျွန်တော် အမြဲနား

စွင့်သည်။

ယခုအထိ အကောင်းဆုံးမှာ "ကျိုတ်လတ်ဝံသာ မုန့်ဟင်းခါးဆိုင်"။ သည်ဆိုင်သို့ တစ်ပတ် နှစ်ခေါက်

သုံးခေါက်တော့ အမြဲရောက်သည်။


'မောင် ဝ မှ ဝရဲ့လား'


သူ ကျွန်တော့်ကို ကျီစယ်စကား ဆို၏။


'မောင် ညနေစာကို ထမင်း မစားတော့ဘူးလေ၊

မုန့်ဟင်းခါး အဝ စားပြီး ညစာ စားလိုက်ပြီ'


'မနက်တုန်းကလဲ ကျောင်းမှာ ဆီချက်နှစ်ပွဲနဲ့

မနက်စာ စားပြီးခဲ့တာပဲ'


ကျွန်တော် ရယ်၍ နေလိုက်သည်။


'အစားအသောက် စားတယ်ဆိုတာ၊အဲသလို

စားရတယ်ဗျ"


သူ ခေါင်းခါလေ၏ ။ ပြည့်တင်းသော ပခုံးနှင့် လက်

မောင်းသားတို့ ဝင်းကာနေ၏။လှပနုနယ်သော မျက်နှာသည် ကြည့်တိုင်းလှလေ၏။ အမြင်မဝ။


'မောင်နဲ့က အစားအသောက် အကြိုက် ဝါသနာ

တူပေမယ့် စားပုံသောက်ပုံကျတော့ တစ်ခြားစီ'


'လွင်ရီ စားတာ သောက်တာက တို့ကနန်း ဆိတ်

ကနန်း မောင်မြည်းသလောက်လေး'


'အိမ်မှာ လွင်ရီ ထမင်းစားတာကို မောင် မမြင်ရ

သေးလို့ပါ၊ အိမ်ထမင်း အိမ်ဟင်းကျတော့ လွင်ရီ အဝစားတာ၊မောင့် လောက်တော့ မဟုတ်ဘူးပေါ့၊လွင်ရီ အတိုင်းအတာနဲ့ကတော့ ဗိုက်ကို တင်းသွားတာပဲ၊အပြင်မှာစားတာက သွားရည်စာပဲမောင်ရဲ့'


' ‌မောင် တစ်ခါလောက် အိမ်လိုက်ပြီး လွင်ရီ ထမင်းစားတာ ကြည့်ချင်တယ်'


ကျွန်တော် မုန့်ဟင်းခါး စားသည်ကို လှမ်းကြည့်သည်။


' အချိန်ကျရင် ခေါ်မှာပေါ့'


'ခုဆို မောင်တို့ တစ်နှစ်တောင်ကျော်ပြီ၊ ဒေသ 

ကောလိပ်မှာက ခြောက်လ၊ ခု ဝိဇ္ဇာသိပ္ပံမှာ၊ စာမေးပွဲတောင် ဖြေရခါနီးပြီပဲ လွင်ရီ'


'မာမီတို့ ဒယ်ဒီတို့ သိသွားရင် လွင်ရီကို ဆူမှာ၊မောင် လွင်ရီ အဆူခံရမှာကို မသနားဘူးလား'


ထိုင်ခုံတွင် ကိုယ်ကို ဘယ်ညာ မသိမသာ ယိမ်းလှုပ်ပြီးနေ၏။ 

လွင်ရီ၏ ကိုယ်ခန္ဓာသည် အချိုးပြေစွာ လှပလျက် ရှိ၏။တင်းရင်းသော်လည်း နူးညံ့သော အလှအပ

များ။


'သနားတာပေါ့၊ဘွဲ့ရပြီးမှ လက်ထပ်မယ် ဆိုပေမယ့် လွင်ရီပတ်ဝန်းကျင်မှာ မောင့်ထက်သာတဲ့ လူချည်းပဲလေ၊ စိုးရိမ်တာပေါ့'


သူ ရယ်နေသည်။ပတ်ဝန်းကျင် ကြားမည်စိုးသဖြင့်. . .


'မောင် တိုးတိုးပြောနော်' ဟု သတိပေးသည်။

ကျွန်တော် ခေါင်းညိတ်သောအခါ ကိုယ်ကိုတိမ်းသည်။

လက်မောင်းချင်း လာထိသည်။


' မပူပါနဲ့လေ မောင့်ကိုသာပါ '


(၄)


' ချစ် စဉ်းစားကြည့်နော် ၊ မောင့်အဖေနဲ့အမေက

မဆိုစလောက် ရုံးအရာရှိလေးတွေ၊ဘာမှ မရှိဘူး၊ ချစ်ပတ်ဝန်းကျင်က တကယ့်မဟာတွေ၊ 

ချစ်တို့ မိသားစုဆိုတာက ဧရာမ မဟာ၊ 

ချစ်ပတ်ဝန်းကျင်မှာ ဝိုင်းနေတဲ့

လူတွေကလဲ ရာထူးလက်ကိုင် ရှိပြီးသားတွေ၊ အင်ဂျင်နီယာတွေ၊ သင်္ဘောအရာရှိတွေ၊ ဆရာဝန်တွေ ၊ 

မှောင်ခိုလုပ်စားပါတယ်ဆိုတဲ့ ကောင်ကတောင် သိန်းလေးဆယ်ချမ်းသာတဲ့ကောင်၊

မောင်က ဘွဲ့ရပြီး အလုပ်ကို ဘယ်အထိ စောင့်ရမှန်း မသိဘူး '


' မစိုးရိမ်ပါနဲ့ မောင်ရာ၊ မောင်နဲ့အတူ ရုပ်ရှင်ကြည့်၊ စိန်ဂျွန်းဈေးသွားနေတာ မောင် အသိပဲ '


' ဒါတော့ ဒါပေါ့ လွင်ရီရယ် ၊ စိတ်တော့ မအေးဘူး '


သူ ရယ်၍နေသည်။ကျွန်တော့် ရင်၌ မအေး။


' ဒီကြားထဲမှာ လွင်ရီက မောင်နဲ့ ခါတိုင်းလောက်

ဟိုသွားဒီသွား မလိုက်နိုင်တော့ မောင် ပိုပြီး ခံစားရတယ်'


သဘောကျစွာ ရယ်သည် ။ ခေါင်းကို တစ်ချက် ဆတ်သည်။ ပခုံးထက်ရှိ ဆံစတွေ တဖွာဖွာလွင့်သွားသည်။


' နောက်ဆုံးနှစ်ဆိုတာ စာကြိုးစားရတယ်၊ အမှတ်

ပြည့်မှ ဘွဲ့လွန်ဆက်တက်နိုင်မှာ ၊ မောင်လဲ ကြိုးစားဖို့ကောင်းတယ် '


ဟိုဟိုသည်သည် ဆယ်ခေါက်သွားရန်ခေါ်လျှင် တစ်ခေါက်မျှ အနိုင်နိုင်အဖြစ်သို့ သူ ပြောင်းလဲခဲ့သဖြင့်

စာ အကြည့်ပျက်နေကြောင်း သူမသိ။ကျွန်တော်

မပြောရက်။


(၅)


နိုင်ငံခြား ပင်လယ်ကူးသင်္ဘော ကုမ္ပဏီတွင် ရေဒီယို

အရာရှိ အဖြစ် အမှုထမ်းနေသော ဘိုဘိုကျော်လွင်နှင့်

လက်ထပ်သွားပြီ ဟူသော လွင်လွင်ရီဇော် သတင်းကို

မမျှော်လင့်စွာ ကြားလိုက်ရသည်။ကျွန်တော့်ရင်ထဲသို့

နေစကြဝဠာများစွာ ရုတ်ခြည်းရောက်လာ၏။နက္ခတ်တာရာ အားလုံးတို့ကို 

မယုံကြည်သော်လည်း

သတင်းစာ ကြော်ငြာတို့သည် ကျွန်တော့်တစ်ယောက်ကို ကွက်ပြီး ကျီစားနေခြင်းမဟုတ်ဟု နားလည်သည်။

ဖုန်းဆက်သော်လည်း စကားမဆို ။ ရှောင်တိမ်း၍ နေသည်။ မုန်းပြီ မေ့ပြီဟု တစ်ဆင့်စကားပါးသည်။

သူ့ကြောင့် ခံစားနေရသည်တို့ကို သူ့ရှေ့တွင် ပြောပြ

ချင်သည်။ မကြားလို ပြီဟု သူဆိုသည်။


(၆)


အအေးဆိုင်၊ မုန့်ဟင်းခါးနှင့် အစားအသောက် ဆိုင်များ အတူစားသောက်ခဲ့စဉ်က သူ့အလေ့အထကို ကျွန်တော် သတိပြုမိဖို့ကောင်းသည်။ 

ဆာလောင်ခြင်းကို ငြိမ်သက်ရုံမျှသာ။ သူသုံးဆောင်တတ်မှန်း သိခဲ့ဖို့ ကောင်းလေ၏။ 

🔸🔸🔸

ငြိမ်းကျော်


#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ