ကျောက်စစ်ဒိုး
လယ်တွင်းသားစောချစ်
ဂေါ်လီရိုက်ရာတွင် ကျောက်စစ်ဒိုးသည် အကောင်းဆုံးဖြစ်သည်။ချော်ဒိုးများသည် တစ်လုံး ငါးဆယ်ပေးရသော်လဲ ကြာကြာမခံ။ ရိုက်ဖန်များလျှင် ကွဲသည်။ ကျောက်စစ်ဒိုးက မာသည် အလေးချိန်ကောင်းပီး လက်ဆမှန်သည်။ဖြူဖြူဖွေးဖွေးလေးမို့ လှလည်းလှသည်။
သို့သော် ကျောက်စစ်ဒိုးတစ်လုံးကို သုံးရာပေးရသည်။ ကျွန်တော်ရသည့်မုန့်ဖိုးက တစ်နေ့မှ ၅၀ ဖြစ်သည်။ ကျောက်စစ်ဒိုးတစ်လုံး၀ယ်နိုင်အောင် ကျွန်တော် ၆ ရက်တိုင်တိုင် မုန့်မစားပဲစုရသည်။
၃၀၀ ပြည့်သောနေ့တွင် စျေးသို့ပြေးသည်။ သို့သော် စျေးမှာ ကျောက်စစ်ဒိုးရောင်းနေကျဆိုင်တွင် တစ်လုံးမှမရှိ။ ကုန်နေသည်။ တစ်ခြားဘယ်ဆိုင်မှလဲမရှိ။
ကျွန်တော်ကကျောက်စစ်ဒိုးလိုချင်သည်။ စျေးမှာ၀ယ်မရကြောင်း အိမ်နီးချင်းသူငယ်ချင်းဗုံးဒီးကိုပြောပြသည်။ဗုံးဒီးမှာကျွန်တော်နှင့်အတန်းတူဖြစ်သည်။ ဗုံးဒီးမှာနာမည်ထူးဆန်းသလို လူကလဲထူးဆန်းသူဖြစ်သည်။
ကျောင်းသွားကျောင်းပြန်လမ်းတွင် တွေ့သမျှသံတိုသံစကိုကောက်ယူသည်။ သံချေးတက်နေသော သံမှိုချောင်း အကောက်ကလေးပင်ဖြစ်သော်လဲ ကောက်ယူသည်။
ကျောင်းပိတ်ရက်များတွင် တုတ်တစ်ချောင်းဖြင့် အမှိုက်ပုံများကို ယက်ပြီးရှာတတ်သည်။သံစည်ပတ်ပြားသံချောင်း သံခွေစပရင် အကျိုးအပြတ် ဝါယာကြီးအပြတ်တွေ့သမျှ ကောက်ယူသည်။
တစ်ခါတွင် ကျွန်တော့ရှေ့မှာပင် သံချေးတက်နေသောတံစဉ်းအကျိုးကြီးတစ်ခုကို အမှိုက်ပုံးမှကောက်ရပီး ဗုံးဒီး၀မ်းသာအားရ ဖြစ်နေသည်။
ဗုံးဒီးရဲ့မိဘများကဆင်းရဲသည်။ ဗုံးဒီးသည်မိဘများကိုကစားစရာ၀ယ်ခိုင်းလေ့မရှိ ကိုယ်တိုင်လုပ်ပီးကစားသည်။ တွန်းသွားလျှင် ဘီးနှင့်တွဲဆက်လျက် တောင်ပန်ခတ်နေသောငှက်ရုပ် ပလုပ်တုတ်သံမြည်သောလက်တွန်းလှည်း လက်ကိုင်တုတ်နှစ်ချောင်းကြားမှာ ဂျွမ်းအမျိုးမျိုးထိုးသော မျောက်ရုပ် ညအခါတွန်းသွားလျှင်ဖယောင်းတိုင်မီးလင်းနေသည့် ပတ်ချာလည်သော နို့ဆီခွက်စသည်တို့ကိုစုံအောင်လုပ်တတ်သည်။
ကစားစရာမျိုးစုံ လုပ်နေရခြင်းသည်ပင် ဗုံးဒီးရဲ့အကောင်းဆုံးကစားနည်းဖြစ်သည်။ သူလုပ်ထားသည့် ကစားစရာကို တစ်ယောက်ယောက်ကလိုချင်လို့၀ယ်လျှင်စျေးသက်သာစွာနှင့်ရောင်းသည်။
သူ့အတွက်နောက်တစ်ခုထပ်လုပ်သည်။ ထိုသို့ကစားစရာလုပ်သောအခါ သူစုဆောင်းထားသော အတိုအထွာအမျိုးမျိုးမှာ သူ့နေရာနှင့်သူ အသုံး၀င်သည်ကို အံ့ဖွယ်ရာ တွေ့ရသည်။
သူကကျွန်တော့အတွက် ကျောက်စစ်ဒိုးလုပ်ပေးမယ် ပြောပီးလမ်းထိပ်ကိုခေါ်သွားသည်။ လမ်းထိပ်ရောက်သောအခါကားလမ်းဘေးမှာ ဖြူဖွေးနေသော ကျောက်ခဲအရွယ်တော်ရအောင် လိုက်ရှာသည်။
ဖြူတိုင်းလဲမယူ ကျောက်သားကောင်းမကောင်းကြည့်သေးသည်။ သူ့စိတ်ကြိုက် အရွယ်တော်ငါးလုံးခန့် ရသောအခါ သူ့အိမ်ကို သွားကြသည်။
" အဲ့ဒါ ဘယ်လိုလုပ်မှာလဲ " လမ်းတွင် ကျွန်တော်ကမေးသည်။
" မင်းကြည့်ပေါ့ "
" ကျောက်စစ်ဒိုး ဖြစ်မှာလား "
" ဖြစ်မှာပေါ့ "
ဗုံးဒီးရဲ့ ခိုင်မာသောအဖြေ။ ကျွန်တော်၀မ်းသာသွားသည်။ ဗုံးဒီးကဖြစ်မည်ဆိုလျှင် သေချာပေါက်ဖြစ်သည်။
အိမ်ရောက်သည်နှင် ဗုံးဒီးက သူရဲ့ စက္ကူ ကတ်ဘူးကြီးနှစ်ခုမှာ မွှေနှောက်ရှာဖွေသည်။ မီးရထားလမ်း ဇလီဖားတုန်းရိုက်သည့် သံမှိုကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ သူ့အိမ်အောက်မှ အလယ်မှာအပေါက်ပါသော သစ်သားပြားတစ်ခုကိုလဲ ထုတ်ယူလိုက်သည်။
ကျောက်တုံးကို သစ်သားပြားမှ အပေါက်တွင် မလှုပ်အောင် နေရာချသည်။ သံမှိုကြီးကို ဗုံးဒီးက တူငယ်အဖြစ်အသုံးချပြီး ကျောက်တုံးကိုဖြည်းဖြည်းချင်း ထုသည်။ ဗုံးဒီးအလုပ်လုပ်နေပုံမှာ ကြည့်လို့ကောင်းသည်။
ကျောက်တုံးကိုထုနေသောသူ့မျက်လုံးများမှာ စူးစူးစိုက်စိုက်ရှိလှသည်။ တူထုနေပုံက လက်ဆမှန်သည်။ ကျောက်ခဲအစနများ ဘေးသို့စင်ထွက်လာသည်။ နာရီ၀က်ခန့် အဖက်ဖက်မှလှည့်ထုသောအခါ ကျောက်ခဲသည် ဝိုင်းလာသည်။ သံမှိုကြီးရဲ့ ခေါင်းသည် စောင်းထက်သောတူတစ်ခုဖြစ်နေပီး ထုရာတွင် အဆင်ပြေလှသည်။ ကျောက်စစ်ဒိုးတစ်ခုရတော့မည်ဖြစ်လို့ ကျွန်တော်၀မ်းသာနေသည်။
ဗုံးဒီးက ကျောက်ဒိုးကိုလှည့်ပတ်ကြည့်သည်။ အနည်းငယ်စူထွက်သောနေရာကိုတွေ့လို့ ပြေအောင်ထပ်ထုပီး ဖြေပေးသည်။
" ခွပ် "
" ဟာ "
ကျွန်တော်စိတ်မကောင်းစွာ အသံထွက်သွားမိသည်။ ကျောက်ဒိုး ထပ်ခြမ်းကွဲသွားလေပီ၊ ဗုံးဒီးကိုကြည့်ရတာ စိတ်ပျက်ဟန်မရှိ။
" ဘာမှမဖြစ်ပါဘူးကွာ ငါနားလည်သွားပီ နောက်တစ်လုံး ထပ်လုပ်ရင် ဒီလောက်မကြာတော့ပါဘူး ပိုတောင်ကောင်းအုန်းမယ် "
ဗုံးဒီးက ကျွန်တော့်ကိုအားပေးပီး ကျန်သည့် ကျောက်ခဲ လေးခုမှ အကောင်းဆုံးတစ်ခုကိုရွေးပီး ဆက်ထုသည်။ ဗုံးဒီးသည် ကျောက်ရဲ့ အကြောကို နားလည် သွားပီဖြစ်သည်။ ပိုပီး မြန်မြန်ဝိုင်းအောင်ထုလာနိုင်သည်။ မိနစ် နှစ်ဆယ်ခန့် ထုရုံနှင့် ခပ်ကြမ်းကြမ်း ကျောက်ဒိုးတစ်ခုဖြစ်လာသည်။ မညီသောအပိုင်းများ ကျန်သေးသော်လည်း ဗုံးဒီးက ဆက်မထုတော့ပါ။
သူရဲ့ ကတ်ပုံးထဲမှ တံစဉ်းအကျိုးကြီးကို ထုတ်ယူပီး ကျောက်ဒိုးကိုသစ်သားပြား အပေါက်ထဲမှာ ငြိမ်အောင်ထားပြီး တံစဉ်းဖြင့်စားသည်။ တံစဉ်းစားပီးသောနေရာများမှာ ချောညက်သွားသည်။
ဗုံးဒီးရဲ့မျက်နှာမှာ ချွေးများရွှဲနေသည်။ သို့သော် ဗုံးဒီးကိုကြည့်ရသည်မှာ ပင်ပန်းဟန်မရှိ ကျောက်ဒိုးကို အဖက်ဖက်မှ လှည့်ကြည့်ပီး မညီသေးသောနေရာများကို တံစဉ်းဖြင့် ပွတ်တိုက်ပေးနေသည်။
" တော်ပီပေါ့ ဝိုင်းနေပီပဲ "
ကျွန်တော် ကစားချင်လှပီ။
ဗုံးဒီးက ကျောက်ဒိုးကို မြေညီညီမှာ လှိမ့်ကြည့်သည်။ မဝိုင်းမညီသေးသောကြောင့် တည့်တည့်မလိမ့်ပါ။ မညီသောနေရာများကို တံစဉ်းဖြင့်ဆက်စားသည်။
အကြိမ်ကြိမ်ညှိသောအခါ ကျောက်ဒိုးကို ကျွန်တော့ထံလှိမ့်ပေးလိုက်သည်။ ဝိုင်းစက်နေသောကြောင့် တန်းတန်းမတ်မတ်လှိမ့်လာသည်။
" ဟာ ကောင်းလိုက်တာ ကစားလို့ရပြီ "
" ခဏပြန်ပေးအုန်း အချောသပ်ဖို့ ကျန်သေးတယ် "
ဗုံးဒီးကပြန်တောင်းနေသောကြောင့် မကျေမနပ်နဲ့ပြန်ပေးလိုက်ရသည်။ ဗုံးဒီးက ကျောက်ဒိုးကို ရေတွင်းသို့ယူသွားပြီး အ၀တ်လျှော်သောကျောက်ပြားပေါ်မှာ ရေဖျန်းပီး လှည့်ပတ်သွေးသည်။ ပြီးသောအခါ ကျောက်ဒိုးကို ရေဖြင့် ဆေးကြောလိုက်သည်။
" အိုးးး ကောင်းလိုက်တာ "
" ဒါဘယ်လောက်ပေးရမလဲဟင် "
" မပေးရဘူး မင်းကြောင့်ငါ ကျောက်ဒိုးလုပ်တတ်သွားပီ "
" ဒီ့ပြင်ကောင်တွေ ၀ယ်ချင်ရင်ကော "
" တစ်လုံး တစ်ရာလို့ပြောလိုက် "
" ဟာ နည်းတာပေါ့ကွ စျေးမှာ၀ယ်ရင် သုံးရာကွ အဲ့ဒါတောင် တစ်လုံးမှမရှိဘူး နှစ်ရာဆိုလဲ၀ယ်မှာပဲကွ "
" တစ်ရာဆိုရပါပီကွာ လုပ်ရမှာ သိပ်မှမခက်ပဲ "
ဗုံးဒီးမှာ လောဘကြီးသူမဟုတ်ပါ။ ကျွန်တော်က သူ့ကိုအနည်းဆုံး နှစ်ရာယူစေချင်သည်။ သို့သော် ဗုံးဒီးကပြောလို့ရမည်မဟုတ် သူ့ဆုံးဖြတ်ချက်နှင့် သူလုပ်သူဖြစ်သည်။ ကျွန်တော်က ကျောက်ဒိုးရိုက်နေကြသော မြင့်သိန်းတို့ အဖွဲ့ရှိရာသွားပီး ကျောက်ဒိုးအသစ်နဲ့ ၀င်ကစားသည်။ အားလုံးကပင် ဖြူဖွေးတောက်ပြောင်ချောနေသော ကျွန်တော်ရဲ့ကျောက်စစ်ဒိုးကို သဘောကျနေကြသည်။
" မင်းဘယ်က၀ယ်လာတာလဲ "
" ဘယ်လောက်ပေးရလဲ "
၀ိုင်းမေးကြသည်။
ကျွန်တော်က ဗုံးဒီးလုပ်ပေးကြောင်းပြောလိုက်သည်။ သူတို့အားလုံး ဗုံးဒီးထံသို့ပြေးသွားပီး တစ်ယောက်တစ်လုံးမှာကြသည်။ ညနေပိုင်းတွင် ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဗုံးဒီးရဲ့ ကျောက်ဒိုးဖြူဖြူလေးများနှင့် ကစားသူများစွာဖြစ်နေသည်။
မြောက်ပိုင်းမှ ဇော်မိုးတို့အဖွဲ့ရောက်လာသည်။ ဗုံးဒီးလုပ်သည်ကိုကြည့်ပီး အတုခိုးကြသည်။ သူတို့အိမ်ပြန်ပီး ဗုံးဒီးလုပ်သလို ကျောက်စစ်ဒိုးလုပ်ကြသည်။
" ဟေ့ ဗုံးဒီး ဟိုမြောက်ပိုင်းကကောင်တွေ မင်းဆီလာအတုခိုးပီး ကျောက်ဒိုးလုပ်နေကြပီ နောက်တစ်ခါ မကြည့်စေနဲ့ကွ "
" ကြည့်ပါစေကွာ သူတို့လဲ လုပ်တတ်ရင်ကောင်းတာပေါ့ "
" အေး ဒါပေမဲ့ သူတို့မှာ မင်းလို တံစဉ်းမရှိတော့ လုပ်လို့ဘယ်ရမလဲကွနော် "
" ရပါတယ်ကွ တံစဉ်းမရှိရင် ကျောက်ပြားပေါ်မှာ သွေးလို့ရတဲ့အကြောင်း ငါပြောလိုက်ပါတယ် ဒါမှမဟုတ်ရင်လဲငါ့ဆီလာပီး တံစဉ်းနဲ့စားဖို့ ပြောလိုက်သည် "
ဗုံးဒီးပြောသည်ကို ကျွန်တော်သဘောမကျပါ။
" သိပ်အတဲ့ကောင် "
အိမ်ပြန်ရောက်သောအခါ ဗုံးဒီး'အ'ပုံ အဖေ့ကိုပြောပြသည်။ ဖေဖေကကျွန်တော်ပြောသည်ကို အစအဆုံး နားထောင်ပီး
" ငါ့သားစိတ်ထားမှားနေတယ် "
ဗုံးဒီးစိတ်ထားကမှန်တယ် ငါ့သားဗုံးဒီးကို အတုယူရမယ်။ သူ့မှာ ချီးမွန်းစရာတွေအများကြိးရှိတယ်။ ဗုံးဒီးက တီထွင်တယ်။ အလေအလွင့်ပစ္စည်းတွေကို ကောက်ယူစုဆောင်းပီး သူ့နေရာနဲ့သူ အသုံးချတတ်သည်။
ကစားစရာအတွက် မိဘကိုမပူစာဘူး ငွေမကုန်ရဘူး ကိုယ့်အားကိုယ်ကိုးပြီးလုပ်တယ်။
ပြန်ရောင်းတော့လဲ လောဘမကြီးဘူး။ သူများကိုကူညီချင်တယ်။
ငါ့သားက ဘေးကနေနှမျောတွန့်တို ဖြစ်နေတာမကောင်းဘူး။ ဗုံးဒီးလို စိတ်ကောင်းထားရမယ်။ ငါသားတို့သူငယ်ချင်းတွေအားလုံး ဗုံးဒီးကိုချစ်ခင်ကြတယ် မဟုတ်လားး
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
" ဗုံးဒီးကို မချစ်တဲ့လူ မုန်းတဲ့လူရှိလား "
ကျွန်တော် စဉ်းစားပီးမှ ခေါင်းရမ်းပြလိုက်သည်။
" အဲ့ဒါဘာဖြစ်လို့လဲ သားစဉ်းစားကြည့်ပေါ့ "
ကျွန်တော်နားလည်သွားပါပီ။ ဗုံးဒီးကို ကျွန်တော်တို့အားလုံး ချစ်ခင်ကြသည်မှာ ထူးခြားစွာလုပ်ဆောင်တတ်ရုံမက စိတ်ထားကလဲ ထူးခြားစွာ ကောင်းမွန်သောကြောင့်ဖြစ်ပါသည်။
⬛
လယ်တွင်းသား စောချစ်