နောင်တကင်းသောနေဝင်ချိန်(စ/ဆုံး)
————————-
ဒေါ်အေးမိက အရာရှိကတော်မို့မတောင့်မတ မကြောင့်မကြဘဝပါ ၊သားနှစ်ယောက်ကလည်း နိုင်ငံခြားသဘ်ောလိုင်းအရာရှိများမို့ဝင်ငွေကောင်းလှပါတယ်၊ခင်ပွန်းသည်ပင်စင်ယူပြီးနောက်မှာလည်း သားနှစ်ယောက်ကလိုလေသေးမရှိထောက်ပံ့လို့ ဒေါ်အေးမိဘဝက အဆင်ပြေလွန်းလှပါတယ်။
ခင်ပွန်းသည်မမာမကျန်းဖြစ်တော့လည်းဒေါ်အေးမိသေချာပြုစုစောင့်ရှောက်ပေးပါတယ်၊သို့သော် ကိုယ်ခံအားနည်းချိန် ကိုဗစ်ဆိုတဲ့ရောဂါကြီးဝင်လာတော့ ဒေါ်အေးမိနဲ့ခင်ပွန်းသည် သေကွဲကွဲခဲ့ရပါတယ်၊ သားနှစ်ယောက်ရှိနေလို့သာ သူပြိုလဲမသွားတာဖြစ်ပါတယ်၊အမေချစ်တဲ့သားနှစ်ယောက်ရှိနေသ၍ သူအားတင်းရပ်တည်နိုင်ပါတယ်လို့မှတ်ယူထားလိုက်တယ်။
သားနှစ်ယောက်ကတစ်ယောက်တလဲပြန်လာကြလို့ သားနှစ်ယောက်ဆုံပြီးအတူတူထမင်းစားရတဲ့ရက်များဆိုဒေါ်အေးမိသိပ်ပျော်ခဲ့ပါတယ်၊ဟိုးယခင်က မိသားစုလေးယောက်စုံစုံညီညီနဲ့အတူစားခဲ့ရတဲ့ ထမင်းဝိုင်းလေးကို ပြန်လည်တမ်းတရင်းနဲ့ပေါ့ ၊တစ်ရက်မှာတော့သားကြီးကပြောလာတယ်။
“မေမေ သားအိမ်ထောင်ပြုပါရစေ သားချစ်သူက လုပ်ငန်းရှင်ကြီးတစ်ဦးရဲ့သမီးပါ ပညာတတ်တယ် ရုပ်ချောတယ် မေမေမြင်ရင်လည်းချစ်မှာပါ”
ဒေါ်အေးမိရင်ကို ဒိန်းကနဲဖြစ်သွားစေပါတယ်၊သားကြီးကအသက်သုံးဆယ်ကျော်ပြီးမို့အိမ်ထောင်ပြုရမယ့်အရွယ်တော့ရောက်ပါပြီ၊သို့ပေမယ့် ဒေါ်အေးမိကသားကိုကလေးပဲထင်နေမိသေးတာမို့ ကိုယ့်ကိုကိုယ်ပြန်ထိမ်းရင်း
“အေးပါသားကြီးရယ် သားလည်းအချိန်တန်အရွယ်ရောက်ပါပြီ မေမေခွင့်ပြုပါတယ်သားရယ်”
အဲ့ဒိနောက် သားကြီးလည်း မင်္ဂလာပွဲအတွက်ပြင်ဆင် မင်္ဂလာဆောင်ပြီးရင်နေဖို့အိမ်ပြင်နဲ့ ဒေါ်အေးမိနဲ့ဆုံဖို့ပိုခက်သွားပါတယ်၊ အမေချစ်တဲ့သားကြီးက ရတဲ့အချိန်အမေနဲ့ပြေးလာတွေ့ ထမင်းအတူလာစားပါသေးတယ်၊ဒေါ်အေးမိလည်း သူချက်တဲ့ဟင်းတွေ သားကြီးလာစားတာကိုပျော်နေမိတယ်၊သားကပြောသေးတယ်။
“နောက်ရက်မှာ အမေ့ချွေးမလောင်းလေးနဲ့အတူလာစားမယ်နော်”
“အေးပါသားရယ် သူကြိုက်တာဘာတွေလည်းပြောပြထား အမေချက်ထားမယ်”
ဒေါ်အေးမိတို့သားအမိဘဝထဲ မိန်းခလေးတစ်ယောက်တိုးလို့ သမီးလေးတစ်ယောက်ရသလိုခံစားရပါတယ်၊သားငယ် နဲ့အဆက်အသွယ်ရတော့ ကိုကိုကြီးမင်္ဂလာဆောင်ပြန်လာမယ်ဆိုတော့ ဒေါ်အေးမိပျော်ရပြန်ရော ၊ခင်ပွန်းကွယ်လွန်ပြီးကတည်းက သားနှစ်ယောက်ကိုဖက်တွယ်နေသူမို့ သားနှစ်ယောက်နဲ့ဆုံချိန်ကိုမျှော်လင့်နေမိပါတယ်။
**************************
သားကြီးမင်္ဂလာဆောင်ပြီး အိမ်ခွဲသွားတော့ သားငယ်နဲ့ဒေါ်အေးမိနှစ်ယောက်တည်း ကျန်နေခဲ့ပါတယ်၊သားငယ်ကလည်း ခေတ္တခဏပြန်လာရင်း သင်တန်းတက် စာမေးပွဲပေးဖြေပြီး ပြန်သွားရမှာမို့ ဒေါ်အေးမိတစ်ယောက်တည်းနေရပေဦးမည်၊ တစ်ယောက်တည်းနေတော့လည်း ဘုရားတရားပိုလုပ်ဖြစ်တာပေါ့လို့ တွေးရင်း ခြံထဲကအပင်တွေပြုစု စားချင်တာတွေချက် ဦးဦးဖျားဖျားလေးတွေအနီးအပါးကဘုန်းတော်
ကြီးကိုသွားလှူရင်း နေတတ်အောင်နေခဲ့ပါတယ်၊ဆွေမျိုးတော်တော်များများကလည်း နယ်မှာမို့ ဒေါ်အေးမိ တစ်ယောက်တည်းနေရတာကို အကျင့်လုပ်ယူရပါတယ်၊သို့သော် သံယောဇဉ်ဆိုတာက အခက်သားကလား ၊အခြားအချိန်မေ့မေ့ပျောက်ပျောက်ပေမယ့် ထမင်းစားချိန်လေးရောက်ရင် ခင်ပွန်းသည်အကြိုက် သားကြီးအကြိုက် သားငယ်အကြိုက်တွေ တန်းစီပြီးပေါ်လာပါရော။
သားကြီးက နိုင်ငံခြားပြန်မထွက်ခင်အမေကိုလာကန်တော့ကာ ထမင်းအတူစားလိုက်လို့အလွမ်းအနည်းငယ်ပြေသလိုခံစားလိုက်ရပြန်တယ်၊သားငယ်လေးလည်းပြန်ထွက်မှာမို့ အစားအသောက်လေးတွေကြော်လှော် ဆီမစိမ့်အောင်အထပ်ထပ်ထည့်ကာ ထည့်ပေးရသေးတယ်၊သားလေးအစားဆင်းရဲမှာစိုးလို့ပါလေ။
သားလေးက ဗီဒီယိုကောလ်နဲ့ပြောတော့ ဒီတစ်ခေါက်ပြန်လာရင် အိမ်ထောင်ပြုတော့မယ်တဲ့၊ဒေါ်အေးမိတစ်ယောက် ရင်တွေပူသွားရပြန်ပါပြီ၊သူလည်း အချိန်တန်အရွယ်ရောက်ပြီလေ ၊ဟုတ်သားပါဘဲ၊ဒေါ်အေးမိ ရင်ဆိုင်နိုင်အောင်ကြိုးစားရမှာပါ ၊သားငယ်လေး ပြန်လာတော့လည်း အစစအဆင်ပြေအောင် ဖြည့်ဆည်း ပေးချင်တဲ့မိခင်တစ်ယောက်ရဲ့မေတ္တာတွေကိုပေးနိုင်သလောက်ပေးဝေခဲ့ပါတယ်၊သားငယ်လေးမင်္ဂလာကိစ္စလည်း အစစအရာရာအဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး အိမ်လည်းခွဲသွားလို့ ဒေါ်အေးမိတစ်ယောက်တည်းဖြစ်ရပြန်ပါတယ်။
သားကြီးနဲ့သားငယ်က အိမ်ထောင်ခွဲတွေဖြစ်သွားကြပေမယ့် အမေကိုလစဉ်ထောက်ပံ့ကြတဲ့အပြင် အမေပျင်းနေမှာစိုးလို့ဆိုပြီး သူတို့ပြန်ရောက်လာချိန်မှာ စားသောက်ဆိုင်တွေခေါ်ကျွေးလေ့ရှိပါတယ်၊သို့ပေးမယ့် ကိုယ်တိုင်ချက်ရမှနှစ်သက်သူဒေါ်အေးမိကတော့ မိမိလက်ရာကိုသာ သားတွေချက်ပြုတ်ကျွေးမွေးချင်နေပါတော့တယ်။
*************************
ဆယ်စုနှစ်တစ်ခုနီးနီးအချိန်ကုန်ခဲ့ပါပြီ၊ဒေါ်အေးမိလည်းတစ်ယောက်တည်းနေတတ်ခဲ့ပါပြီ၊သို့သော် အသက်ရှစ်ဆယ်နားချဉ်းနင်းဝင်ရောက်လာသူဒေါ်အေးမိက သွေးတိုးရောဂါကနေနှလုံးရောဂါဆီသို့လှမ်းတက်ခဲ့တာမို့ ဆရာဝန်နှင့်ပြသကာ ဆေးနှင့်ပြတ်မရသူဖြစ်ခဲ့ပါပြီ၊ငွေကြေးထောက်ပံ့နိုင်သော်လည်း ကိုယ်တိုင်လာမပြုစုနိုင်သူ သားကြီးသားငယ်တို့က အိမ်ဖော်တစ်ယောက် စပါယ်ရှယ်နတ်စ်တစ်ယောက်ခေါ်ထားပေးပေမယ့် စိတ်တိုင်းမကျအဆင်မပြေခဲ့ပါ၊နောက်ဆုံးတော့သားကြီးနှင့်ချွေးမကြီးတို့ကစီစဉ်ပေးသော သက်ကြီးများခိုနားရာနေရာသို့ဒေါ်အေးမိရောက်ခဲ့ပါပြီ။
သက်ကြီးများဂေဟာမှာ အခကြေးငွေပေးပြီး နေရသောနေရာမို့ အိပ်ယာအခန်းအနားများကဟိုတယ်တမျှသားနားကာ စိမ်းစိုသောခြံဝန်းအတွင်းစိတ်လက်အပန်းပြေစရာကောင်းလွန်းလှပါတယ်၊ အစားအသောက်များကလည်းသန့်ရှင်းသပ်ယပ် စားချင့်စဖွယ်တွေပါ ၊လာရောက်နားခိုသူအဖိုးအဖွားများအတွက်ကျန်းမာရေးစစ်ဆေးပေးသောဝန်ဆောင်မှု့များလည်းပါဝင်နေတော့ တစ်ယောက်တည်းနေရသောဒေါ်အေးမိ မူးလဲနေမှာစိုးရိမ်စရာမလိုတော့ဘူးပေါ့။
ဘဝတူအဖိုးအဖွားများနှင့် ဘုရားတရားအကြောင်းများဆွေးနွေးကြ ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်ကြနှင့် တစ်ယောက်တည်းနေရတာနဲ့စာရင်ပျော်သလိုလိုလေးရှိလာခဲ့ပါတယ်၊အတွေးရေယဉ်ကြောမျောနေသောဒေါ်အေးမိကို ဝန်ထမ်းလေးကထမင်းစားဖို့လာခေါ်ချေပြီ။
“အဖွား ထမင်းစားလေ ဟင်းတွေမကြိုက်လို့လား”
“ကြိုက်ပါတယ်သမီးရယ် သိပ်မစားနိုင်လို့ပါ”
ဝတ်ကျေတန်းကျေစားပြီး မိမိနေထိုင်ရာအခန်းသို့ပြန်လာကာ ဂျာနယ်လေးတွေမဂ္ဂဇင်းလေးတွေဖတ်ရင်း ဟိုးအတိတ်ကာလများဆီက ဒါကကိုကိုကြိုက်တာ ဒါကသားကြီးအတွက် ဒါကသားငယ်စားဖို့နဲ့ချက်ပြုတ်ကျွေးမွေးခဲ့ပြီး စားကောင်းလိုက်တာအေးမိရယ် မေမေ့လက်ရာသားကြိုက်တယ် ဆိုတဲ့အသံတွေညံစီနေတဲ့ထမင်းဝိုင်းလေးကိုပြန်တွေးမိနေပါတော့တယ်။
ဒေါ်အေးမိနေထိုင်ရာအခန်းပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့တောင်ကုန်းလေးနားမှာနေလုံးကြီး မေးတင်နေပြီ၊နေဝင်တော့မှာပါလား ၊နေလုံးကြီးက တစ်နေ့တာတာဝန်တွေကျေအောင်ဆောင်ရွက်ပြီး နုတ်ဆက်ထွက်ခွာတဲ့အချိန်မှာနောင်တကင်းကင်းနဲ့ထွက်ခွာသွားတယ်၊ဒေါ်အေးမိလည်းလူ့လောကရဲ့တာဝန်တွေကျေပွန်စွာဆောင်ရွက်ပြီးခဲ့ပြီမို့ နောင်တကင်းကင်းနဲ့ထွက်ခွာနိုင်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ကာ ပခုံးတင်သဘက်လေးကိုလှမ်းယူပြီး ဘုရားကျောင်းဆောင်ရှေ့ထိုင်ချလိုက်ပါတော့တယ်။
************************
#တိုးစန္ဒာဦး