ငါးမိနစ်စာ မေတ္တာ

 ငါးမိနစ်စာ မေတ္တာ


ကျွန်တော် အမှန်တရားကို သဘောပေါက်သွားချိန်မှာတော့ အေးခဲနေတဲ့ ကားလမ်းမပေါ်မှာ လဲကျနေခဲ့တာ ၄၂ မိနစ်တောင် ရှိသွားပါပြီ။

 အဲ့ဒီအမှန်တရားကတော့ 

“ငါ ဒီနေရာမှာတင် သေသွားနိုင်တယ်၊ ငါသေသွားတာကို သိလိုက်မှာဆိုလို့ အချိန်တန်ရင် အလိုအလျောက် ပိတ်သွားမယ့် ဝရံတာမီးသီးလေးပဲ ရှိလိမ့်မယ်" ဆိုတာပါပဲ။


အသက် ၇၈ နှစ်အရွယ်မှာ "လဲကျ" တယ်ဆိုတာ သာမန်လဲကျတာမျိုး မဟုတ်တော့ဘဲ "ကြေမွ" သွားတာပါ။ ခရက်ဒစ်ကတ် လျှောက်လွှာတွေမဟုတ်ဘဲ 

တကယ့်လက်ရေးစာတစ်စောင်များ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စာတိုက်ပုံးကို လှမ်းအနှိုက်မှာ ကမ္ဘာကြီးတစ်ခုလုံး စောင်းသွားခဲ့တယ်။ ကျွန်တော့်ရဲ့ တင်ပါးဆုံရိုးဟာ သစ်ကိုင်းခြောက်တစ်ခု ကျိုးသွားတဲ့အသံမျိုးနဲ့ ကွန်ကရစ်လမ်းပေါ်ကို ရိုက်မိသွားတော့တယ်။

၉၁၁ အရေးပေါ်အော်ပရေတာရဲ့ အသံဟာ နားထဲမှာ သတ္တုသံလို သေးသေးလေး ထွက်ပေါ်လာတယ်။ 


“အဘိုး... အိမ်ထဲမှာ ဘယ်သူရှိသေးလဲခင်ဗျာ"


အဲ့ဒီမေးခွန်းက ကျွန်တော့်လည်ချောင်းထဲမှာ ကျောက်ခဲတစ်လုံး တစ်နေသလို ခံစားရစေတယ်။ "အတိအကျပြောရရင်တော့ မရှိဘူး" လို့ ကျွန်တော် ဝန်ခံချင်ခဲ့မိတယ်။ 

“ကျွန်တော့်မှာ အောင်မြင်နေတဲ့ သားသမီး ၃ ယောက်၊ မြေး ၇ ယောက်နဲ့ Facebook မှာ သူငယ်ချင်း ၃၀၀ တောင် ရှိတယ်" လို့ အားကိုးတကြီး အော်ပြောချင်ခဲ့တယ်။

ဒါပေမဲ့ ဆောင်းလေက ကျွန်တော့်ရဲ့ ဖလန်နယ်ရှပ်အင်္ကျီကို ဖောက်ပြီး တိုက်ခတ်လာတဲ့အခါမှာတော့ အမှန်ကန်ဆုံးနဲ့ အရိုးသားဆုံး အဖြေက "ကျွန်တော် လုံးဝကို တစ်ယောက်တည်းပါ" ဆိုတာပဲ ဖြစ်ခဲ့တယ်။


####

ကျွန်တော့်နာမည်က ဂျိုးမီလာ (Joe Miller) ပါ။ 

မီချီဂန်က ဖော့ဒ် (Ford) စက်ရုံက လူတွေကတော့ ကျွန်တော့်ကို "ဆေးလိပ်သောက်တဲ့ ဂျိုး" လို့ ခေါ်ကြတယ်။ ကျွန်တော် ဒီနိုင်ငံကို တည်ဆောက်ခဲ့တဲ့ ကုန်တင်ကားတွေကို ဆင်ရင်းနဲ့ အလုပ်ရုံမှာ နှစ်ပေါင်း ၄၀ ကျော် အချိန်ကုန်ခဲ့တယ်။ 

ကျွန်တော့်လက်တွေက ထူထဲပြီး အမာရွတ်တွေနဲ့၊ ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ရတဲ့ ဘဝရဲ့ ချောဆီအမဲစက်တွေက လက်သည်းခွံတွေအထိ စွဲထင်နေခဲ့တယ်။

ဇနီးဖြစ်သူ မာသာ (Martha) ဆုံးသွားတာ ၄ နှစ်ရှိပြီ။ သူမက အိမ်ရဲ့ ပြက္ခဒိန်ကို ထိန်းသိမ်းသူ၊ မိသားစုကို စုစည်းပေးတဲ့ ကော်လိုမျိုး လူစားမျိုးပါ။ သူမ မရှိတော့ကတည်းက အဲ့ဒီမိသားစုဆိုတဲ့ ကော်တွေလည်း ခြောက်သွေ့သွားခဲ့ပါပြီ။


အဲ့ဒီလဲကျမှုက ကျွန်တော့်ကို Heritage ဆေးရုံကြီးရဲ့ အခန်း ၄၀၂ ကို ရောက်သွားစေခဲ့တယ်။ ကျွန်တော် ဒီမှာရှိနေတာ နှစ်ပတ်ရှိပြီ၊ နံရံက အက်ကြောင်းကြီးကို ကြည့်ရင်း အချိန်တွေကို သတ်နေခဲ့ရတယ်။

ကျွန်တော့်ကလေးတွေလား။

သူတို့က "လိမ္မာတဲ့" ကလေးတွေပါ။ 

သူနာပြုတွေကို ကျွန်တော် ဂုဏ်ယူသလိုလိုနဲ့ အဲ့ဒီလိုပဲ ပြောပြလေ့ရှိတယ်။ 

သူတို့က Silicon Valley နဲ့ Manhattan လို နေရာမျိုးတွေမှာ ရာထူးကြီးကြီးတွေ ရထားကြတာ။ ကျွန်တော် တစ်ပတ်ကို နာရီ ၆၀ အလုပ်လုပ်ပြီး ပံ့ပိုးပေးခဲ့တဲ့ လောကကြီးထဲမှာ သူတို့ ရှင်သန်နေကြတာလေ။

ဒါပေမဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာက လူကိုယ်တိုင် ရောက်မလာဘဲ ပါဆယ်ထုပ်တွေနဲ့ပဲ ရောက်လာတတ်တယ် ။

• ကျွန်တော်တို့ Video Chat လို့ရအောင် သူတို့ပို့ပေးတဲ့ iPad တစ်လုံး (အသံဘယ်လိုချဲ့ရမှန်း ကျွန်တော် အခုထိ မသိသေးပါဘူး)။

• နာရေးအိမ်က အနံ့မျိုးရတဲ့ ဒေါ်လာ ၁၀၀ တန် နှင်းပန်းပန်းစည်းကြီး။

• "ဆောရီးပါ အဖေ၊ သား ခဏပဲ အချိန်ရတယ်၊ အခု အစည်းအဝေးဝင်ရတော့မှာမို့လို့" ဆိုတဲ့ အလျင်စလို ဖုန်းခေါ်ဆိုမှုတွေ။


ကျွန်တော်ကတော့ အမြဲတမ်း "စစ်ပြန်ကြီးတစ်ယောက်" လို ခံနိုင်ရည်ရှိကြောင်း သရုပ်ဆောင်ပြရပါတယ်။ "ငါ့အတွက် မစိုးရိမ်ပါနဲ့" လို့ ကျွန်တော် ပြောလိုက်ပေမဲ့ ကျွန်တော့်နှလုံးသားထက် အသံက ပိုပြီး တည်ငြိမ်အောင် ဟန်ဆောင်နေခဲ့ရတယ်။


တစ်နေ့တာရဲ့ အဆိုးဆုံးအချိန်က ည ၈ နာရီပါ။ အဲ့ဒီအချိန်က တကယ့်မိသားစုဝင်တွေ အိမ်ပြန်ကြတဲ့အချိန်။ လူသွားလမ်းတွေ တိတ်ဆိတ်သွားတဲ့အခါ အဲ့ဒီတိတ်ဆိတ်မှုက ဖုန်မှုန့်အရသာလို ခါးသက်ပြီး ဟာလာဟင်းလင်း ဖြစ်နေတတ်တယ်။ အဲ့ဒါက "အသုံးမဝင်တော့တဲ့ လူတစ်ယောက်" ဖြစ်သွားတဲ့ အသံပါပဲ။


ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျွန်တော် အတော်လေး စိတ်ဓာတ်ကျနေခဲ့တယ်။ ဖုန်းလည်း မလာ၊ စာလည်း မလာ။ အိပ်ရေးပျက်နေတဲ့ သူနာပြုဆရာမလေးက ကျွန်တော့်ရဲ့ ဗလာဖြစ်နေတဲ့ ဧည့်သည်စာရင်းကို ကြည့်ပြီး သနားသလို ကြည့်သွားတယ်။ ကျွန်တော် တံခါးဘက်ကို ကျောပေးပြီး အပြင်မှာ နှင်းတွေကျနေတာကို ငေးကြည့်နေမိတယ်၊ ကိုယ့်ကိုယ်ကိုယ် တစ္ဆေတစ်ကောင်လို ခံစားနေရပြီ။

ည ၈ နာရီ ၄၅ လောက်မှာ အသံတစ်ခု ကြားလိုက်ရတယ်။ သူနာပြုဖိနပ်သံ မဟုတ်ဘဲ ဟောင်းနွမ်းနေတဲ့ Sneaker ဖိနပ်သံမျိုး။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ကလေးတစ်ယောက် တံခါးဝမှာ ရပ်နေတယ်။ အသက် ၁၇ နှစ်လောက်၊ အရောင်လွင့်နေတဲ့ Hoodie အင်္ကျီနဲ့ ကျောပိုးအိတ်အကြီးကြီး လွယ်ထားတဲ့ ကောင်လေး။ သတင်းတွေထဲမှာ "သတိထားရမယ့် လူငယ်" လို့ ပုံဖော်လေ့ရှိတဲ့ ပုံစံမျိုးပေါ့။


"အော်... ဆောရီးပါ အဘိုး" 

သူက ခပ်တိုးတိုး ပြောရင်း နောက်ဆုတ်သွားတယ်။ 

“ကျွန်တော် အခန်း ၄၀၆ ကို ရှာနေတာ၊ ကျွန်တော့် အဒေါ်ဆီ လာတာပါ။ ဓာတ်လှေကားနားမှာ လမ်းမှားသွားတယ် ထင်တယ်"

သူ ခဏလောက် ရပ်နေသေးတယ်။ ကျွန်တော့်ရဲ့ တစ်နပ်စာ ထမင်းဗန်းကို ကြည့်တယ်၊ ပြီးတော့ ၁၄ ရက်တိုင်တိုင် ဘယ်သူမှ မထိုင်ခဲ့တဲ့ ကုတင်ဘေးက ထိုင်ခုံအလွတ်လေးကိုလည်း သူ ကြည့်နေတယ်။

"အဘိုး... အဘိုး ဒီည အတော်လေး ပင်ပန်းနေပုံရတယ်နော်"

ကျွန်တော့်ရဲ့ မာန်မာနက ထလာတယ်။ "ငါ နေကောင်းပါတယ်။ အရိုးတွေ အနားပေးနေတဲ့ အဘိုးကြီးတစ်ယောက်ပါပဲ၊ သွားတော့"

သူ မသွားဘူး။ ကျွန်တော့်ရဲ့ ဟန်ဆောင်မှုကို သူ မယုံဘူး။ သူ လမ်းလျှောက်လာပြီး ထိုင်ချလိုက်တယ်။ ကျောပိုးအိတ်ကို ပေါင်ပေါ်တင်ပြီး သူ့ဖိနပ်သူ ကြည့်နေခဲ့တယ်။ 

“ပြီးခဲ့တဲ့နှစ်က ကျွန်တော့်အဖွားလည်း ဒီလိုနေရာမျိုးမှာ နေခဲ့ရတယ်" သူက ခပ်တိုးတိုး ပြောပြတယ်။ 

“အဖွားက တိတ်ဆိတ်တာကို အရမ်းမုန်းတာ။ ဆေးရုံက တိတ်ဆိတ်မှုက လူကို တစ်ကိုယ်လုံး ဝါးမြိုပစ်တော့မယ့်အတိုင်းပဲလို့ အဖွားက ပြောဖူးတယ်"

နှစ်ပေါင်းများစွာ မခံစားခဲ့ရတဲ့ ခံစားချက်မျိုးကြောင့် ကျွန်တော့် မျက်လုံးတွေ ပူခနဲ ဖြစ်သွားတယ်။ 

“ငါ့တူ ဒီမှာ မနေပေးလည်း ရပါတယ်"

"သိပါတယ်" သူက သူ့အိတ်ထဲက အာလူးကြော်ထုတ်လေးကို ထုတ်ရင်း ပြောတယ်။ "ဒါပေမဲ့ ကျွန်တော့်အဒေါ်ကတော့ အိပ်နေလောက်ပြီ။ အိမ်ပြန်ပြီး သင်္ချာအိမ်စာ လုပ်ဖို့ကလည်း သိပ်မလောသေးပါဘူး။ အဘိုး Lions အသင်းကို ကြိုက်လား”


သူ့နာမည်က မာလစ် (Malik) တဲ့။ 

အိမ်လစာ ကူပေးဖို့အတွက် ကုန်စုံဆိုင်မှာ အလုပ်လုပ်ရင်း အင်ဂျင်နီယာပညာ သင်ချင်နေတဲ့ ကောင်လေး။ နောက်နေ့ညတွေမှာလည်း မာလစ် ပြန်လာတယ်။ သူက ပန်းတွေ၊ ဈေးကြီးတဲ့ လက်ဆောင်တွေ ယူမလာဘူး။ သူကိုယ်တိုင်ပဲ ရောက်လာတာ။

အဲ့ဒီ ထိုင်ခုံလေးမှာ ထိုင်ပြီး သူ့ရဲ့ အက္ခရာသင်္ချာ (Algebra II) လေ့ကျင့်ခန်းတွေကို လုပ်ရင်း စက်ရုံမှာ သင်္ချာကို ဘယ်လိုသုံးရသလဲဆိုတာ ကျွန်တော့်ကို မေးတတ်တယ်။ ကျွန်တော့် သားသမီးတွေ ပို့ပေးတဲ့ iPad ကို ဘယ်လိုသုံးရမလဲ သူသင်ပေးတယ်။ မကြာခင်မှာပဲ မာလစ်ဟာ ကျွန်တော့်ဆီ လာတဲ့ ဧည့်သည်တင် မဟုတ်တော့ဘဲ စတုတ္ထထပ်ရဲ့ အသက်သွေးကြော ဖြစ်လာတယ်။

သူက တခြားလူနာတွေကိုလည်း ကူညီပေးတတ်လို့ သူနာပြုတွေက သူ့ကို "၈ နာရီခွဲက နတ်သားလေး" လို့ တင်စားကြတယ်။

ညတစ်ညမှာ ကျွန်တော် သူ့ကို မေးမိတယ်။ 

“မာလစ်... သား ဘာလို့ ဒီကို လာနေတာလဲ။သားက လူငယ်လေးပဲ၊ အပြင်မှာ ပျော်စရာတွေ အများကြီး ရှိနေတာ။ သား အဘိုးကို ဘာမှ ပေးဆပ်ဖို့ မလိုပါဘူး"

သူက ဖုန်းကြည့်နေတာကို ရပ်ပြီး အသက် ၁၇ နှစ်ထက် ပိုရင့်ကျက်တဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်

တယ်။ 

“သားအဖွား အမြဲပြောပြတဲ့ စကားတစ်

ခွန်း ရှိတယ် အဘိုး ။ အဖွားက ပြောတယ်... 'မေတ္တာဆိုတာ Facebook,Instagram ပေါ်မှာ တင်နေကြတဲ့ ဈေးကြီးတဲ့ အရာတွေ မဟုတ်ဘူး။ အဲ့ဒါက ပိုပေးလိုက်တဲ့ ငါးမိနစ်ပဲ။ မြေးပေးစရာ မလိုဘဲနဲ့ ပေးလိုက်တဲ့ အဲ့ဒီ မိနစ်လေးတွေပဲ' တဲ့"


အဲ့ဒီစကားက ကျွန်တော့်ကို ကားလမ်းပေါ် လဲကျခဲ့တုန်းကထက် ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခဲ့တယ်။

ကျွန်တော် ဆေးရုံက ဆင်းတဲ့နေ့မှာ သားသမီးတွေက ကားငှါးပေးတယ်။ လက်ဆောင်ပုံးတွေ ပို့ပေးကြတယ်။ သူတို့က ပြဿနာတစ်ခုကို ငွေနဲ့ ဖြေရှင်းလိုက်တာပေါ့။ ဒါပေမဲ့ တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ ထိုင်နေရင်း ကျွန်တော် မာလစ်အကြောင်းကိုပဲ တွေးနေမိတယ်။

ကျွန်တော့်ရဲ့ ရင်းချာတဲ့ သွေးသားတွေက ထိုင်ခုံမှာ တစ်နာရီလောက် ထိုင်ဖို့ အချိန်မပေးနိုင်ကြပေမဲ့ "ခက်ခဲကြမ်းတမ်းတဲ့" ရပ်ကွက်က လာတဲ့၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်တဲ့ ကောင်လေးတစ်ယောက်ကတော့... သူ ရောက်လာခဲ့တယ်။

ကျွန်တော်တို့ နိုင်ငံကြီးက အသက်အရွယ်၊ လူမျိုး၊ ပညာရေးအလိုက် စည်းတွေတားပြီး ကွဲပြားနေကြတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ မာလစ်ကတော့ အဲ့ဒီစည်းတွေကို မမြင်ဘူး။ သူ မြင်တာက တိတ်ဆိတ်တဲ့ အခန်းထဲက အထီးကျန်နေတဲ့ လူတစ်ယောက်ကိုပဲ။

ကျွန်တော့်ရဲ့ အသက် ၇၈ နှစ်အတွင်းမှာ အရေးကြီးဆုံး သင်ခန်းစာကို အခန်း ၄၀၂ မှာ သင်ယူခဲ့ရပါတယ်။ ကြင်နာမှုဆိုတာ အမွေရတဲ့အရာ ဒါမှမဟုတ် ဘဏ်စာရင်းထဲက အရာ မဟုတ်ဘူး။ အဲ့ဒါက "ရွေးချယ်မှု" တစ်ခုပါ။ အဲ့ဒါက ငါတို့ ထွက်သွားပိုင်ခွင့် အပြည့်အဝ ရှိနေပါလျက်နဲ့ ပေးဆပ်လိုက်တဲ့ မိနစ်လေးတွေပါပဲ။

နောက်တစ်ခါ လူတစ်ယောက် တစ်ယောက်တည်း ထိုင်နေတာကို မြင်ရင် စာတစ်စောင်တည်း ပို့မနေပါနဲ့။ ခင်ဗျားရဲ့ ငါးမိနစ်လောက် အချိန်ပေးလိုက်ပါ။ အဲ့ဒီအချိန်လေးက သူတို့ရဲ့ ကမ္ဘာကြီး ကြေမွမသွားအောင် ထိန်းထားပေးတဲ့ တစ်ခုတည်းသော အရာ ဖြစ်နေနိုင်လို့ပါပဲ။


#ဟမ်စိုင်း(ဆေး-မန်း)

ဘာသာပြန်

Daily Stories Page