ဖခင်သောက
--------------------
“ကိုဖိုးနီ ဘယ်လဲဗျ။ မိုးချုပ်နေပြီ”
“ဒီအချိန်အထိ သားကပြန်မလာသေးဘူးဆရာရေ။ အဲဒါ လမ်းထိပ်ထွက်ကြည့်မလို့။ ဆရာရော”
သူပြောသည့်အချိန်က ၈ နာရီထိုးခါနီးပြီ။ ခုကာလက ကျွန်တော်တို့ရွာလေးတွင် ၈ နာရီသည့် ညဉ့်နက်နေပြီ။
“ကျွန်တော်က လမ်းထိပ်ဆိုင်မှာ မုန့်လေးများသွားဝယ်မလို့ဗျာ။ ဗိုက်ဆာတာနဲ့”
ကျွန်တော်တို့နှစ်ယောက် လမ်းထိပ်ကိုရောက်လာကြသည်။ မုန့်ဆိုင်တွင် ပေါင်မုန့်တစ်ထုပ်ဝယ်ပြီး ကျွန်တော်က ကိုဖိုးနီထိုင်နေသည့် အုတ်ခုံဆီသွားကာ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
“ရော့ ကိုဖိုးနီ စားပါဦး”
“နေပါစေဆရာ”
“နှစ်ခုဝယ်လာတာဗျ။ တစ်ယောက်တစ်ခု စားကြတာပေါ့။ ဒါနဲ့သားက ဘယ်မှာလုပ်လို့လဲ”
“သားက လှိုင်သာယာဘက်မှာ အလုပ်ဆင်းရတယ်ဆရာ။ ညပြန်အလာမိုးချုပ်ရင် စိတ်ပူရတယ်”
“သားက ဘယ်အရွယ်ရှိပြီလဲ”
“၁၉ နှစ်ဆရာ”
“အင်း စိတ်ပူရမယ့်အရွယ်ပေပဲ”
“ဟုတ်တယ်ဆရာ … ညဆို ၈ နာရီလောက်မှ ပြန်မရောက်ရင် စိတ်ပူနေရပြီ။ ဒါတောင် ဟိုက ၅ နာရီလောက် ကတည်းက အလုပ်ဆင်းတာနော်”
“အေးဗျာ ကားတွေကလည်း ကျပ်တာကိုးဗျ”
“ကျွန်တော့်မှာ ဒီရှာကျွေးတဲ့ သားလေးတစ်ယောက်ပဲရှိတာကြောင့် စိတ်ပူရတာဆရာရေ။ သူသာ တစ်ခုခု ဖြစ်သွားလို့ကတော့ ကျွန်တော်ရော၊ ကျွန်တော့်မိန်းမပါ ဒုက္ခပဲ”
“ခင်ဗျား မိန်းမကရော သက်သာရဲ့လားဗျာ”
“မသက်သာပါဘူးဆရာရယ် … ဆေးဖိုးနဲ့တင် တော်တော်လေး ရုန်းနေရတာ။ မလွယ်ဘူးဆရာ။ သားလေး မရှာနိုင်တဲ့နေ့ စားဖို့ရော၊ ဆေးကုဖို့ရော ဘယ်လိုလုပ်ရမှန်းတောင်မသိဘူး”
“ခင်ဗျားကရော အလုပ် မဆင်းနိုင်တော့ဘူးလား”
“ပန်းနာရင်ကျပ်က နာတာရှည်ပါဆရာရယ်။ ကျွန်တော်လည်း ဆေးသောက်နေရတာ။ ပင်ပန်းတာတွေ မလုပ် နိုင်တော့ဘူး”
“အေးဗျာ သားကလိမ္မာလို့တော်သေးတာပေါ့”
“သားအတွက် အလုပ်သွားလည်း စိတ်ပူ။ အလုပ်ပြန်လည်း စိတ်ပူနေရတာဆရာရေ။ ပိုဆိုးတာက အလုပ်က အိမ်ပြန်ရောက်လည်း ကောင်းကောင်းအိပ်ရတယ် မရှိပါဘူး”
“ဘာဖြစ်လို့လဲဗျ”
“ဘယ်အချိန် လာဆွဲမလဲဆိုတာ စိတ်ပူနေရတာ။ အသံတွေကြားရင် ကလေးမှာ နေစရာမရှိဘူး။ ပုန်းနေရတာ။ ပုန်းနေရတဲ့ ညတွေဆို အိပ်ရေးတွေကပျက်ရော။ မနက်ဆိုလည်း အစောကြီး ဒီကနေ ၅ နာရီလောက် ထွက်ရတာ ဆိုတော့ မှောင်မှောင်မည်းမည်းနဲ့ ကားဂိတ်ကို အရောက်သွားတဲ့လမ်းမှာ ပူရသေးတယ်ဆရာရေ။ ၁၉ နှစ်သားကို စိတ်မချလို့ ကျွန်တော်ကိုယ်တိုင် မနက်ဆို ကားဂိတ်လိုက်ပို့၊ ညဆိုရင် ထွက်ကြိုနေရတဲ့ဘဝ ဘယ်တော့များမှာ ငြိမ်းမလဲ မသိပါဘူး”
“အေးဗျာ ခုချိန်မှာ သားရှင်တိုင်းရဲ့ ဝဋ်ဒုက္ခတွေပေါ့”
“ဒီခေတ် ကလေးတွေ ဝဋ်ကြီးတယ်ဆရာ။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရနဲ့။ သူတို့မှာ အပျော်ဆိုတာလည်း ဘာမှ မရှိဘူး။ မိုးမလင်းခင် အလုပ်သွား၊ မိုးချုပ်မှပြန်လာ။ ညဆိုလည်း ပုန်းလျှိုးကွယ်လျှိုး နေရ။ ဘယ်သွားသွား ကျီးလန့်စာစားနဲ့ပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပွဲတွေသွား မိုးလင်းမှပြန်လာ ဘယ် လောက်ပျော်စရာကောင်းလိုက်သလဲ။ သူတို့ခေတ်ကျမှာ ပွဲလည်းမရှိ ဘာမရှိ။ မိုးချုပ်ရင် အပြင်မထွက်ရဲ။ လမ်းတွေမှာ သရဲတောင်ချောက်မှာ ကြောက်နေရတဲ့ဘဝ”
“အေးဗျာ အပျော်တွေပျောက်နေတာ ကြာပြီပေါ့”
“ဟော ဟိုမှာ သားတော်မောင်ပဲ”
“အဖေကလည်း ဘာဖြစ်လို့ ထွက်စောင့်နေရတာလဲ။ ဟာ ဦးရောပဲ”
“အေးကွ မင်းအဖေနဲ့ အဖော်ထိုင်ပေးနေတာ။ နောက်ကျလှချည်လားကွ”
“ဦးရေ ဒီအချိန် ဟိုနေရာကို မဖြတ်ရဲလို့ ရပ်ကွက်တွေထဲကဆင်းပြီး လမ်းလျှောက်လာရလို့ကြာနေတာ”
“အေးကွာ မင်းအဖေက မင်းကို စိတ်ပူနေတာ”
“ကျွန်တော်တို့လည်း အလုပ်သွား၊ အလုပ်ပြန် စိတ်တောင်ကုန်လာပြီဦးရေ။ ကားကျပ်တာကတစ်မျိုး၊ ဟိုသတင်းကြားပြေးရ၊ ဒီသတင်းကြားပြေးရနဲ့”
“အေးပါကွယ် မင်းလိုလိမ္မာတဲ့သား ဘေးကင်းမှာပါ”
“အဖေ ထမင်းစားပြီးပြီလား”
“ဆန်ကုန်နေလို့ ထမင်းမချက်ရသေးဘူး။ ဒါကြောင့် ထွက်စောင့်နေတာ”
သူတို့သားအဘ ဆန်ဝယ်ရန် ဆိုင်ထဲကို ဝင်သွားကြသည်။
ကျွန်တော်တစ်ယောက်တည်း ပြန်ခဲ့သည်။
ညက တိတ်ဆိတ်နေသည်။
လမ်းပေါ်တွင် လူလည်းမရှိ ခွေးလည်းမရှိ။ ကျွန်တော်တို့သာရှိသည်။
တင်ညွန့်
၁.၁၀.၂၀၂၅