စေတနာနှင့် ငွေအသပြာ(စ/ဆုံး)

 စေတနာနှင့် ငွေအသပြာ(စ/ဆုံး)

‎———————-

‎ကျွန်တော် ဆိုက်ကားနင်းစဉ်က ဘူတာတွင် ဂိတ်ထိုးပါသည်။

‎တစ်နေ့

‎“ဟေ့ … မင်းကို ဦးရွှေတောင်က လာခဲ့ဦးတဲ့”

‎ကျွန်တော့်ကို အခြားဆိုက်ကားသမားတစ်ယောက်က လာပြောခြင်းဖြစ်သည်။

‎ကျွန်တော်က ဆိုက်ကားကို ဂိတ်မှထွက်ကာ ဦးရွှေတောင် ဆေးလိပ်ခုံကို နင်းလာခဲ့သည်။ ဦးရွှေတောင်ကား ဆေးလိပ်ခုံပိုင်ရှင် သူဌေးကြီးတစ်ဦးဖြစ်ပြီး ကျွန်တော်နှင့် မိတ်ဆွေ ဖောက်သည်တွေ ဖြစ်နေပြီ။

‎“ကလင် … ကလင် … ကလင်”

‎ကျွန်တော်က သူ့ဆေးလိပ်ခုံရှေ့ရောက်သည့်အခါတွင် ဘဲလ်တီးလိုက်သည်။

‎ဦးရွှေတောင်က အပြင်ကိုထွက်လာသည်။ သူဌေးဆိုသော်လည်း ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ပလေကပ် ပုဆိုးအနွမ်း၊ စွပ်ကျယ် လက်စကနှင့်ဖြစ်သည်။ ယနေ့တော့ လွယ်အိတ်ကြီးတစ်လုံးလည်း လွယ်ထားသည်။ လက်ထဲတွင် ထီးကောက်ကြီးတစ်လက်။

‎“ဟေ့ … မင်းရောက်လာပြီလား”

‎“ဟုတ်ကဲ့ ဦးလေး မှာလိုက်တယ်ဆိုလို့”

‎“အေး ဘုရားကို သွားမလို့ကွ”

‎“မဟာစေတီလား … ရွှေမော်ဓောလား”

‎ဦးရွှေတောင်က ဆိုက်ကားပေါ်တက်ထိုင်လိုက်ပြီး

‎“ရွှေမော်ဓော” ဟုပြောလိုက်သည်။

‎ကျွန်တော်က ရွှေမော်ဓော ဘုရားကို ဆိုက်ကားနင်းလာသည်။

‎လမ်းတွင်

‎“မင်း ကျောင်းပြန်ဖွင့်တော့မှာလား”

‎“ဟုတ်ကဲ့ ဦးလေး နောက်လဆန်းဆိုရင် သွားရတော့မယ်”

‎“အေးကွာ … မင်းမရှိရင်တော့ ငါလည်း စကားပြောဖော်မရှိတော့ဘူးကွ”

‎“ကျွန်တော်က ဆိုက်ကားကို ယာယီနင်းတာပါဦးလေးရယ် … အရင်စီးနေကျသူတွေပဲ စီးပေါ့”

‎“အဲဒီကောင်တွေက ဈေးအမျိုးမျိုးတောင်းတယ်ကွ … စကားမပြောချင်ဘူး”

‎ကျွန်တော်က သူပေးသလောက်သာယူသည်။ ဈေးကို တောင်းလေ့မရှိ။ သူကလည်း နှိမ်ပြီး ပေးလေ့မရှိ။ သို့သော် တစ်ကျပ်တန်ခရီးကို တစ်မတ်ပင် ပိုမပေးချင်သူဖြစ်သည်။

‎ရွှေမော်ဓောဘုရားကို ရောက်သည့်အခါတွင် ဦးရွှေတောင်က ကျွန်တော့်ကို

‎“ငါ့ကို နာရီဝက်လောက် စောင့်နိုင်မလားကွ” ဟု မေးသည်

‎“စောင့်မှာပေါ့ ဦးလေးရယ်”

‎“အေး ဒါဆိုရင် ဟို အရိပ်မှာ သွားစောင့်ကွယ်”

‎သူက ခြင်္သေ့ကြီးတွေနား အရောက်တွင် ဖိနပ်ကို ချွတ်လိုက်သည်။ ထို့နောက် ခြင်္သေ့ကြီးအောက်တွင် ထိုင်ပြီးတောင်းနေသော သူတောင်းစားတစ်ယောက်နှင့် စကားသွားပြောကာ သူ့ဖိနပ်ကို သူတောင်းစား ဘေးတွင် ထားခဲ့သည်ကို မြင်လိုက်ရသည်။

‎ကျွန်တော်ကလည်း ရေတွင်းကြီးနားတွင် ဆိုက်ကားကိုထားပြီး ရေတွင်း ဇရပ်ထဲဝင်ကာ ပါလာသည့် စာအုပ်တစ်အုပ်ကို ဖတ်နေမိသည်။ ခဏအကြာတွင်

‎“ဟေ့ … ဟို ခြင်္သေ့ကြီး အောက်နားမှာ ထိုင်တောင်းနေတဲ့ သူတောင်းစားကို တွေ့မိသေးလား”

‎ကျွန်တော်က မော့ကြည့်လိုက်သည်။ ဦးရွှေတောင်ဖြစ်နေသည်။

‎“ဟော … ဦးလေး ရောက်လာပြီလား … ဘာဖြစ်လို့လဲခင်ဗျာ”

‎“ငါကွာ … သူ့ကို ဖိနပ်အပ်ခဲ့တာ … အဲဒါ ခု ဖိနပ်ရော သူပါ မရှိတော့ဘူး ဖြစ်နေလို့”

‎“ကျွန်တော်လည်း ဦးလေး ဘုရားပေါ်တက်သွားပြီးကတည်းက စာအုပ်ထိုင်ဖတ်နေတာ။ သတိမထားမိဘူး ခင်ဗျ”

‎“ဟာကွာ … ဒီသူတောင်းစားနှယ် … ငါက ဆင်းလာရင် သူ့ကို ပိုက်ဆံ တစ်ကျပ်လောက်ပေးပြီး ကုသိုလ်ယူမလို့ စိတ်ကူးလာတာ … ခုတော့ ငါ့ဖိနပ်ကို ယူသွားတယ်”

‎ထိုစဉ်က ဘုရားတွင် ဖိနပ်အပ်ခြင်းကို လက်ခံသည့် နေရာများ မရှိသေး။ လူတိုင်း ဘုရားပေါ်ကို ဖိနပ်ယူသွား ကြသည်က များသည်။

‎ဦးရွှေတောင်က သူတောင်းစားကို သနားပြီး တစ်ကျပ်လှူရန် စိတ်ကူးလာသော ကုသိုလ်သည် ပျက်သွားရတော့သည်။

‎“ဦးလေးရယ် ဖိနပ်က အသစ်ကြီး အတော်တန်မှာ”

‎“အေးကွ … ဒီနေ့မှ ချစီးလာတာ အသစ်ကြီး ရှိသေးတယ် … ကဲပါကွာ လှူတယ်လို့ပဲ သဘောထားပါတယ်”

‎“ဦးလေး တစ်ခုလောက် ပြောချင်လို့”

‎“ဘာများလဲကွ”

‎“ကြုံတုန်း ဟိုသက်သာဆိုင်မှာ ကျွန်တော် ထမင်းစားပါရစေ … ခဏလောက်စောင့်ပေးနိုင်မလား”

‎ထိုစဉ်က ဘုရားရှေ့တွင် သက်သာဆိုင်ဖွင့်ထားသည်။ ထမင်းတစ်ပွဲမှ တစ်ကျပ်ခွဲပေးရသည်။ အမဲသား အတုံးကြီး တစ်တုံး သို့မဟုတ် ငါးတစ်တုံးနှင့် ထမင်းကို ပုံစံခွက်ထဲထည့်ပေးသည်။ ကျွန်တော်တို့အတွက် အလွန်တန်သော ထမင်းဆိုင်ဖြစ်သောကြောင့် ကြုံတုန်း စားချင်နေသည်။

‎“သွားစားလေကွာ … ငါလည်း စားမယ်”

‎“ဦးလေးတို့လို သူဌေးတွေက ဒီဆိုင်မှာ စားမလို့လားခင်ဗျာ”

‎“ဘာလဲကွ မင်းတို့ဆိုင်က သူဌေးမစားရဘူးလို့ ကန့်သတ်ထားလို့လား”

‎“မဟုတ်ပါဘူး ဦးလေးရယ် … ဘယ်သူမဆို စားနိုင်ပါတယ်”

‎“ကဲ ဒါဆိုလည်း စားမယ်”

‎ကျွန်တော်ဆိုင်ထဲရောက်သည့် အခါတွင် ဦးရွှေတောင်ကို စားပွဲတွင်ထိုင်ခိုင်းပြီး ထမင်းပွဲကို ကိုယ်တိုင်သွားယူပေးရသည်။ ငွေက တစ်ခါတည်းရှင်းရသဖြင့် ကျွန်တော်က အိတ်ထဲမှ သုံးကျပ်ထုတ်ကာ ပိုက်ဆံ ရှင်းလိုက်သည်။ ဦးရွှေတောင်က ငါးဟင်း၊ ကျွန်တော်က အမဲသားနှင့်စားသည်။

‎“ကောင်းသားပဲကွ … မဆိုးဘူး တန်တယ်” ဟု ဦးရွှေတောင်ကပြောသည်။

‎ကျွန်တော်တို့ စားသောက်ပြီးနောက် သူ့ကို ဆိုက်ကားဖြင့် ပြန်တင်ပြီး ခေါ်လာသည်။ နေပူလာပြီဖြစ်သဖြင့် သူက ထီးဖွင့်ဆောင်းသည်။

‎“ဦးလေး”

‎“ဟေ”

‎“ဦးလေး ဖိနပ်က အသစ်ကြီးဆိုတော့ အဲဒီ သူတောင်းစား စီးမှာလည်း မဟုတ်ဘူး။ ရောင်းစားမှာ ကျိန်းသေပဲခင်ဗျ”

‎“ဘာလုပ်လုပ်ပါကွယ် … လှူတယ်လို့ပဲ သဘောထားလိုက်ပါတယ်”

‎“ဒီကောင်တွေ ဘယ်မှာ သွားရောင်းတတ်တယ်ဆိုတာ ကျွန်တော်သိတယ်ဦးလေး”

‎“သိတော့ ဘာလုပ်မလို့လဲကွ”

‎ကျွန်တော်က ဆိုက်ကားကို နင်းလာပြီး ပဲခူး မြစ်ကူးတံတားထိပ်အရောက်တွင် ဘယ်ဘက်ခြမ်း၌ ဆိုက်ကားကို သွားရပ်လိုက်ကာ

‎“ဦးလေး တစ်ချက်လောက် ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါလား”

‎“ဘာလုပ်မလို့လဲကွ”

‎“ဒီနားလေးပါ … ဦးလေးကို ပြစရာ ရှိလို့ပါ”

‎ကျွန်တော်က တာဘက်ကို ဆင်းသည့် လမ်းလေးထဲကို သူ့အားခေါ်သွားသည်။ ထိုလမ်းထဲတွင် သူခိုးပစ္စည်းလေးများကို လမ်းဘေးတွင် ရောင်းတတ်သည်။

‎“ဦးလေး … ဟိုဆိုင်ပေါ်မှာတွေ့လား … ဖိနပ် … အဲဒါ ဦးလေး ဖိနပ် မဟုတ်လား”

‎“အေး … ဟုတ်တယ် … နေပါကွာ … ပြဿနာ သွားမလုပ်နေပါနဲ့ … ရှိပါစေတော့”

‎“ဦးလေး အသာနေ ကျွန်တော် မေးပြမယ်”

‎ကျွန်တော်က ဆိုင်ပေါ်မှ ဖိနပ်ကို ကောက်ကိုင်လိုက်ပြီး

‎“ဒီဖိနပ် ဘယ်လောက်လဲ”

‎“တစ်ဆယ်”

‎“ငါးကျပ်ရမလား”

‎“ယူသွား”

‎ကျွန်တော်က ဦးရွှေတောင်ထံ လှည့်ကြည့်လိုက်ကာ

‎“ဦးလေး ဖိနပ်က ငါးကျပ်တဲ့”

‎“ဝယ်လိုက်ကွယ် … ငါ အသစ်အပြန်ဝယ်ရရင် ၁၂ ကျပ်လောက်ပေးရမှာ”

‎သူက အိတ်ထဲမှ ပိုက်ဆံ ၅ ကျပ်ထုတ်ပေးသဖြင့် ကျွန်တော်က ဝယ်ပေးလိုက်သည်။

‎“မင်းက တယ်ဟုတ်ပါလားကွ … ငါ့ဖိနပ် ဘယ်မှာရောက်နေမယ်ဆိုတာ သိသားပဲ”

‎“ကျွန်တော်က ဆိုက်ကားသမားပါ ဦးလေးရယ်”

‎ဦးရွှေတောင်က ဖိနပ်ကိုစီးကာ ဆိုက်ကားပေါ်တက်ထိုင်လိုက်သည်။

‎ကျွန်တော် သူ့ဆေးလိပ်ခုံရှေ့သို့ ရောက်သည့်အခါ ဆိုက်ကားကို ရပ်လိုက်သည်။

‎ဦးရွှေတောင်က လွယ်အိတ်ထဲကို လက်နှိုက်ပြီး ကျွန်တော့်ကို ကျပ်တန် သုံးရွက်နှင့် အကြွေပြား ငါးဆယ် ထုတ်ပေးသည်။

‎“ဦးလေး ကျွန်တော့ကို ပေးရမှာ ဆိုက်ကားခ နှစ်ကျပ်လေ”

‎“ဆိုက်ကားခက နှစ်ကျပ်၊ ထမင်းဖိုးက တစ်ကျပ်ခွဲ … စုစုပေါင်း သုံးကျပ်ခွဲပေါ့ကွယ်”

‎“ဦးလေးရယ် ထမင်းက ကျွန်တော့် စေတနာပါ”

‎“စေတနာဆိုတာ လူတိုင်းနဲ့ ထိုက်တန်၊ မတန်ဆိုတာ စဉ်းစား။ နေရာတကာတိုင်း စေတနာ မကောင်းနဲ့ သိလား”

‎“ဟုတ်ကဲ့”

‎(Ref: Rich Man’s Shoe)

‎တင်ညွန့်

‎၂၅.၁၂.၂၀၂၂

‎#နီလာအာကာ