စေတနာနှင့် ငွေအသပြာ(စ/ဆုံး)
———————-
ကျွန်တော် ဆိုက်ကားနင်းစဉ်က ဘူတာတွင် ဂိတ်ထိုးပါသည်။
တစ်နေ့
“ဟေ့ … မင်းကို ဦးရွှေတောင်က လာခဲ့ဦးတဲ့”
ကျွန်တော့်ကို အခြားဆိုက်ကားသမားတစ်ယောက်က လာပြောခြင်းဖြစ်သည်။
ကျွန်တော်က ဆိုက်ကားကို ဂိတ်မှထွက်ကာ ဦးရွှေတောင် ဆေးလိပ်ခုံကို နင်းလာခဲ့သည်။ ဦးရွှေတောင်ကား ဆေးလိပ်ခုံပိုင်ရှင် သူဌေးကြီးတစ်ဦးဖြစ်ပြီး ကျွန်တော်နှင့် မိတ်ဆွေ ဖောက်သည်တွေ ဖြစ်နေပြီ။
“ကလင် … ကလင် … ကလင်”
ကျွန်တော်က သူ့ဆေးလိပ်ခုံရှေ့ရောက်သည့်အခါတွင် ဘဲလ်တီးလိုက်သည်။
ဦးရွှေတောင်က အပြင်ကိုထွက်လာသည်။ သူဌေးဆိုသော်လည်း ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ပလေကပ် ပုဆိုးအနွမ်း၊ စွပ်ကျယ် လက်စကနှင့်ဖြစ်သည်။ ယနေ့တော့ လွယ်အိတ်ကြီးတစ်လုံးလည်း လွယ်ထားသည်။ လက်ထဲတွင် ထီးကောက်ကြီးတစ်လက်။
“ဟေ့ … မင်းရောက်လာပြီလား”
“ဟုတ်ကဲ့ ဦးလေး မှာလိုက်တယ်ဆိုလို့”
“အေး ဘုရားကို သွားမလို့ကွ”
“မဟာစေတီလား … ရွှေမော်ဓောလား”
ဦးရွှေတောင်က ဆိုက်ကားပေါ်တက်ထိုင်လိုက်ပြီး
“ရွှေမော်ဓော” ဟုပြောလိုက်သည်။
ကျွန်တော်က ရွှေမော်ဓော ဘုရားကို ဆိုက်ကားနင်းလာသည်။
လမ်းတွင်
“မင်း ကျောင်းပြန်ဖွင့်တော့မှာလား”
“ဟုတ်ကဲ့ ဦးလေး နောက်လဆန်းဆိုရင် သွားရတော့မယ်”
“အေးကွာ … မင်းမရှိရင်တော့ ငါလည်း စကားပြောဖော်မရှိတော့ဘူးကွ”
“ကျွန်တော်က ဆိုက်ကားကို ယာယီနင်းတာပါဦးလေးရယ် … အရင်စီးနေကျသူတွေပဲ စီးပေါ့”
“အဲဒီကောင်တွေက ဈေးအမျိုးမျိုးတောင်းတယ်ကွ … စကားမပြောချင်ဘူး”
ကျွန်တော်က သူပေးသလောက်သာယူသည်။ ဈေးကို တောင်းလေ့မရှိ။ သူကလည်း နှိမ်ပြီး ပေးလေ့မရှိ။ သို့သော် တစ်ကျပ်တန်ခရီးကို တစ်မတ်ပင် ပိုမပေးချင်သူဖြစ်သည်။
ရွှေမော်ဓောဘုရားကို ရောက်သည့်အခါတွင် ဦးရွှေတောင်က ကျွန်တော့်ကို
“ငါ့ကို နာရီဝက်လောက် စောင့်နိုင်မလားကွ” ဟု မေးသည်
“စောင့်မှာပေါ့ ဦးလေးရယ်”
“အေး ဒါဆိုရင် ဟို အရိပ်မှာ သွားစောင့်ကွယ်”
သူက ခြင်္သေ့ကြီးတွေနား အရောက်တွင် ဖိနပ်ကို ချွတ်လိုက်သည်။ ထို့နောက် ခြင်္သေ့ကြီးအောက်တွင် ထိုင်ပြီးတောင်းနေသော သူတောင်းစားတစ်ယောက်နှင့် စကားသွားပြောကာ သူ့ဖိနပ်ကို သူတောင်းစား ဘေးတွင် ထားခဲ့သည်ကို မြင်လိုက်ရသည်။
ကျွန်တော်ကလည်း ရေတွင်းကြီးနားတွင် ဆိုက်ကားကိုထားပြီး ရေတွင်း ဇရပ်ထဲဝင်ကာ ပါလာသည့် စာအုပ်တစ်အုပ်ကို ဖတ်နေမိသည်။ ခဏအကြာတွင်
“ဟေ့ … ဟို ခြင်္သေ့ကြီး အောက်နားမှာ ထိုင်တောင်းနေတဲ့ သူတောင်းစားကို တွေ့မိသေးလား”
ကျွန်တော်က မော့ကြည့်လိုက်သည်။ ဦးရွှေတောင်ဖြစ်နေသည်။
“ဟော … ဦးလေး ရောက်လာပြီလား … ဘာဖြစ်လို့လဲခင်ဗျာ”
“ငါကွာ … သူ့ကို ဖိနပ်အပ်ခဲ့တာ … အဲဒါ ခု ဖိနပ်ရော သူပါ မရှိတော့ဘူး ဖြစ်နေလို့”
“ကျွန်တော်လည်း ဦးလေး ဘုရားပေါ်တက်သွားပြီးကတည်းက စာအုပ်ထိုင်ဖတ်နေတာ။ သတိမထားမိဘူး ခင်ဗျ”
“ဟာကွာ … ဒီသူတောင်းစားနှယ် … ငါက ဆင်းလာရင် သူ့ကို ပိုက်ဆံ တစ်ကျပ်လောက်ပေးပြီး ကုသိုလ်ယူမလို့ စိတ်ကူးလာတာ … ခုတော့ ငါ့ဖိနပ်ကို ယူသွားတယ်”
ထိုစဉ်က ဘုရားတွင် ဖိနပ်အပ်ခြင်းကို လက်ခံသည့် နေရာများ မရှိသေး။ လူတိုင်း ဘုရားပေါ်ကို ဖိနပ်ယူသွား ကြသည်က များသည်။
ဦးရွှေတောင်က သူတောင်းစားကို သနားပြီး တစ်ကျပ်လှူရန် စိတ်ကူးလာသော ကုသိုလ်သည် ပျက်သွားရတော့သည်။
“ဦးလေးရယ် ဖိနပ်က အသစ်ကြီး အတော်တန်မှာ”
“အေးကွ … ဒီနေ့မှ ချစီးလာတာ အသစ်ကြီး ရှိသေးတယ် … ကဲပါကွာ လှူတယ်လို့ပဲ သဘောထားပါတယ်”
“ဦးလေး တစ်ခုလောက် ပြောချင်လို့”
“ဘာများလဲကွ”
“ကြုံတုန်း ဟိုသက်သာဆိုင်မှာ ကျွန်တော် ထမင်းစားပါရစေ … ခဏလောက်စောင့်ပေးနိုင်မလား”
ထိုစဉ်က ဘုရားရှေ့တွင် သက်သာဆိုင်ဖွင့်ထားသည်။ ထမင်းတစ်ပွဲမှ တစ်ကျပ်ခွဲပေးရသည်။ အမဲသား အတုံးကြီး တစ်တုံး သို့မဟုတ် ငါးတစ်တုံးနှင့် ထမင်းကို ပုံစံခွက်ထဲထည့်ပေးသည်။ ကျွန်တော်တို့အတွက် အလွန်တန်သော ထမင်းဆိုင်ဖြစ်သောကြောင့် ကြုံတုန်း စားချင်နေသည်။
“သွားစားလေကွာ … ငါလည်း စားမယ်”
“ဦးလေးတို့လို သူဌေးတွေက ဒီဆိုင်မှာ စားမလို့လားခင်ဗျာ”
“ဘာလဲကွ မင်းတို့ဆိုင်က သူဌေးမစားရဘူးလို့ ကန့်သတ်ထားလို့လား”
“မဟုတ်ပါဘူး ဦးလေးရယ် … ဘယ်သူမဆို စားနိုင်ပါတယ်”
“ကဲ ဒါဆိုလည်း စားမယ်”
ကျွန်တော်ဆိုင်ထဲရောက်သည့် အခါတွင် ဦးရွှေတောင်ကို စားပွဲတွင်ထိုင်ခိုင်းပြီး ထမင်းပွဲကို ကိုယ်တိုင်သွားယူပေးရသည်။ ငွေက တစ်ခါတည်းရှင်းရသဖြင့် ကျွန်တော်က အိတ်ထဲမှ သုံးကျပ်ထုတ်ကာ ပိုက်ဆံ ရှင်းလိုက်သည်။ ဦးရွှေတောင်က ငါးဟင်း၊ ကျွန်တော်က အမဲသားနှင့်စားသည်။
“ကောင်းသားပဲကွ … မဆိုးဘူး တန်တယ်” ဟု ဦးရွှေတောင်ကပြောသည်။
ကျွန်တော်တို့ စားသောက်ပြီးနောက် သူ့ကို ဆိုက်ကားဖြင့် ပြန်တင်ပြီး ခေါ်လာသည်။ နေပူလာပြီဖြစ်သဖြင့် သူက ထီးဖွင့်ဆောင်းသည်။
“ဦးလေး”
“ဟေ”
“ဦးလေး ဖိနပ်က အသစ်ကြီးဆိုတော့ အဲဒီ သူတောင်းစား စီးမှာလည်း မဟုတ်ဘူး။ ရောင်းစားမှာ ကျိန်းသေပဲခင်ဗျ”
“ဘာလုပ်လုပ်ပါကွယ် … လှူတယ်လို့ပဲ သဘောထားလိုက်ပါတယ်”
“ဒီကောင်တွေ ဘယ်မှာ သွားရောင်းတတ်တယ်ဆိုတာ ကျွန်တော်သိတယ်ဦးလေး”
“သိတော့ ဘာလုပ်မလို့လဲကွ”
ကျွန်တော်က ဆိုက်ကားကို နင်းလာပြီး ပဲခူး မြစ်ကူးတံတားထိပ်အရောက်တွင် ဘယ်ဘက်ခြမ်း၌ ဆိုက်ကားကို သွားရပ်လိုက်ကာ
“ဦးလေး တစ်ချက်လောက် ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါလား”
“ဘာလုပ်မလို့လဲကွ”
“ဒီနားလေးပါ … ဦးလေးကို ပြစရာ ရှိလို့ပါ”
ကျွန်တော်က တာဘက်ကို ဆင်းသည့် လမ်းလေးထဲကို သူ့အားခေါ်သွားသည်။ ထိုလမ်းထဲတွင် သူခိုးပစ္စည်းလေးများကို လမ်းဘေးတွင် ရောင်းတတ်သည်။
“ဦးလေး … ဟိုဆိုင်ပေါ်မှာတွေ့လား … ဖိနပ် … အဲဒါ ဦးလေး ဖိနပ် မဟုတ်လား”
“အေး … ဟုတ်တယ် … နေပါကွာ … ပြဿနာ သွားမလုပ်နေပါနဲ့ … ရှိပါစေတော့”
“ဦးလေး အသာနေ ကျွန်တော် မေးပြမယ်”
ကျွန်တော်က ဆိုင်ပေါ်မှ ဖိနပ်ကို ကောက်ကိုင်လိုက်ပြီး
“ဒီဖိနပ် ဘယ်လောက်လဲ”
“တစ်ဆယ်”
“ငါးကျပ်ရမလား”
“ယူသွား”
ကျွန်တော်က ဦးရွှေတောင်ထံ လှည့်ကြည့်လိုက်ကာ
“ဦးလေး ဖိနပ်က ငါးကျပ်တဲ့”
“ဝယ်လိုက်ကွယ် … ငါ အသစ်အပြန်ဝယ်ရရင် ၁၂ ကျပ်လောက်ပေးရမှာ”
သူက အိတ်ထဲမှ ပိုက်ဆံ ၅ ကျပ်ထုတ်ပေးသဖြင့် ကျွန်တော်က ဝယ်ပေးလိုက်သည်။
“မင်းက တယ်ဟုတ်ပါလားကွ … ငါ့ဖိနပ် ဘယ်မှာရောက်နေမယ်ဆိုတာ သိသားပဲ”
“ကျွန်တော်က ဆိုက်ကားသမားပါ ဦးလေးရယ်”
ဦးရွှေတောင်က ဖိနပ်ကိုစီးကာ ဆိုက်ကားပေါ်တက်ထိုင်လိုက်သည်။
ကျွန်တော် သူ့ဆေးလိပ်ခုံရှေ့သို့ ရောက်သည့်အခါ ဆိုက်ကားကို ရပ်လိုက်သည်။
ဦးရွှေတောင်က လွယ်အိတ်ထဲကို လက်နှိုက်ပြီး ကျွန်တော့်ကို ကျပ်တန် သုံးရွက်နှင့် အကြွေပြား ငါးဆယ် ထုတ်ပေးသည်။
“ဦးလေး ကျွန်တော့ကို ပေးရမှာ ဆိုက်ကားခ နှစ်ကျပ်လေ”
“ဆိုက်ကားခက နှစ်ကျပ်၊ ထမင်းဖိုးက တစ်ကျပ်ခွဲ … စုစုပေါင်း သုံးကျပ်ခွဲပေါ့ကွယ်”
“ဦးလေးရယ် ထမင်းက ကျွန်တော့် စေတနာပါ”
“စေတနာဆိုတာ လူတိုင်းနဲ့ ထိုက်တန်၊ မတန်ဆိုတာ စဉ်းစား။ နေရာတကာတိုင်း စေတနာ မကောင်းနဲ့ သိလား”
“ဟုတ်ကဲ့”
(Ref: Rich Man’s Shoe)
တင်ညွန့်
၂၅.၁၂.၂၀၂၂
#နီလာအာကာ