ပါးစပ်ပိတ်မနေကြပါနှင့်

 ပါးစပ်ပိတ်မနေကြပါနှင့်

-------------------------

ယနေ့ ဥပဒေမေဂျာ ပထမနှစ်သင်တန်း စတင်မည့်နေ့ဖြစ်သည်။


ပါမောက္ခကြီးက အတန်းထဲကို ဝင်လာသည်။ သူက စာသင်ခန်းထဲတွင် ပြည့်လုနီးပါးထိုင်နေသော ကျောင်းသား များကို ကြည့်လိုက်သည်။


သူက ရှေ့ဆုံး ခုံတန်းတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ကို လက်ညှိုးထိုးလိုက်ပြီး


“မောင့် နာမည်ပြောစမ်းပါကွယ်” ဟု ဆိုလိုက်သည်။


ကျောင်းသားက မတ်တတ်ထလိုက်ပြီး


“ကျွန်တော့်နာမည် နေဆန်းပါခင်ဗျာ” ဟု ဖြေလိုက်သည်။


ပါမောက္ခကြီးက


“မင်း ဒီအခန်းထဲက ချက်ချင်းထွက်သွားစမ်း။ ဘယ်တော့မှ ပြန်မလာနဲ့” ဟု အော်လိုက်သည်။


တစ်ခန်းလုံး တိတ်သွားသည်။ အားလုံးသော မျက်လုံးတွေက နေဆန်းကို ဝိုင်းကြည့်နေကြသည်။ သူဘာလုပ်မိ လို့လဲ။ ဘာပြောမိလို့လဲ။ သူ့နာမည်လေး ဖြေရုံရှိသေးသည် ပါမောက္ခကြီးက အခန်းထဲမှ မောင်းထုတ်နေသည်။ ဘာကြောင့်လဲ။


နေဆန်းလည်း အံ့အားသင့်သွားသည်။ သူက သူ့စာအုပ်တွေ ဘော့ပင်တွေကိုသိမ်းလိုက်ပြီး အခန်းထဲက ထွက်သွားသည်။


ကျောင်းသားတိုင်း ကြောက်ရွံပြီး နှုတ်ဆိတ် ဆွံ့အနေကြသည်။ ပါမောက္ခကြီးက


“ကောင်းပြီး ဒီနေ့ မင်းတို့ကို ဥပဒေပညာမိတ်ဆက်အနေနဲ့ စတင်ပို့ချမှာဖြစ်တယ်။ ကိုင်း မသင်ကြားမီ မင်းတို့ကို မေးစရာလေးရှိတယ်။ မင်းတို့မှာ ဥပဒေနဲ့ပတ်သက်ပြီး ဘယ်လောက်များ သိထားသလဲဆိုတာ မေးရုံပါ။ ကဲ ... ဥပဒေဆိုတာဘာလဲ”


ကျောင်းသားတွေက မဖြေ၊ ငြိမ်နေကြသည်။


“ပြောကြလေကွယ်”


ကျောင်းသားတစ်ယောက်က ဖြေသည်။


“လူ့ဘောင်အဖွဲ့အစည်းမှာ စနစ်တကျရှိစေဖို့”


“မဟုတ်ဘူး” ပါမောက္ခကြီးက ငြင်းပယ်လိုက်သည်။


နောက်တစ်ယောက်က


“လူ့ဘောင်လောကကြီးရဲ့ လိုအပ်ချက်တစ်ခုအနေနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့”


“မဟုတ်သေးဘူး”


“အမှားလုပ်တဲ့သူတွေအတွက် သူတို့လုပ်တဲ့အတိုင်း ပြစ်ဒဏ်ခံစားနိုင်စေဖို့”


“မဟုတ်သေးဘူး ... မင်းတို့ ဥပဒေတန်းလည်းလာတတ်သေးတယ် ... ဒီလောက်လေးမှ မသိကြဘူးလား” 


သင်တန်းသူတစ်ဦးက မဝံ့မရဲထဖြေသည်


“တရားမျှတမှုရှိစေဖို့”


“ဟုတ်ပြီ ... ငါလိုချင်တာ အဲဒါပဲ။ တရားမျှတမှု ... ကဲ ... တရားမျှတမှုဆိုတာကရောဘာလဲကွယ်”


ဆရာ့ထံကအဖြေကြောင့် သူတို့အားတက်လာပြီး တစ်ယောက်ကပြောသည်


“တရားမျှတမှုဆိုတာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ပါ”


“ဟုတ်တော့ ဟုတ်တယ် ... မပြည့်စုံသေးဘူး”


“အကောင်းနဲ့အဆိုး ခွဲခြားနိုင်ဖို့ ... ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ ဆိုးတာလုပ်ရင် ဆိုးတာကို ခံစားစေရမယ်ဆိုတာ ရလဒ်အနေနဲ့ သိစေချင်တာပါ”


“မဆိုးပါဘူး ဒီအဖြေလေးက လက်ခံနိုင်စရာပဲ။ ကောင်းပြီ ငါမင်းတို့ကို တစ်ခုထပ်မေးမယ်။ ငါ နေဆန်းဆိုတဲ့ ကျောင်းသားကို အတန်းထဲကနေ မောင်းထုတ်လိုက်တာ မှန်သလား”


ကျောင်းသားအားလုံး တိတ်ဆိတ်သွားသည်။ မည်သူမျှ ထပြီး ဖြေဆိုခြင်းမရှိ။ ပါမောက္ခကြီးက


“ဖြေကြလေကွာ ... မင်းတို့ဆီက အဖြေတောင်းနေတာ ... ငါ့လုပ်ရပ်က မှန်သလား”


“မမှန်ပါဘူး”


အားလုံးထံက အသံတွေ တစ်ပြိုင်တည်းထွက်လာသည်။


“မမှန်ဘူး ဟုတ်လား ... ငါသူ့ကို မောင်းထုတ်လိုက်တာ တရားသလား ... မတရားဘူးလား”


“မတရားပါဘူး”


“မင်းတို့ကွယ် ... မမှန်မှန်း ... မတရားမှန်းသိသားနဲ့ ဘာဖြစ်လို့ တားဆီးဆန့်ကျင်တာတွေ မလုပ်ကြတာလဲ။ လူတစ်ယောက်ဟာ ကိုယ့်မျက်စိအောက်မှာ မတရားတာတွေ၊ မမှန်တာတွေ လုပ်နေမှန်းတွေ့သားနဲ့ မင်းတို့ ဘာဖြစ်လို့ ငါ့ကို မေးခွန်းမထုတ်ကြတာလဲ။ ဘာဖြစ်လို့ ဝင်ပြီးတော့ သူ့ဘက်က မရပ်တည်ပေးနိုင်ကြတာလဲ။ မတရားမှုတစ်ခုကို ကိုယ့်မျက်စိအောက်မှာတွေ့နေရင် ဝင်ပြီးတော့ တရားတဲ့ဘက်က ပြောပေး ရပ်တည် ပေးရမှာ လူတိုင်းရဲ့တာဝန်ကွယ့်။ လူတိုင်းက မတရားတာကို တွေ့နေသားနဲ့ နှုတ်ပိတ်နေကြတာ ဘာဖြစ် လို့လဲ။ ကဲ ... မင်းတို့သူငယ်ချင်း နေဆန်းကို သွားရှာ ... ဒီကိုပြန်ခေါ်လာခဲ့ကြ”


ပါမေက္ခကြီး၏ ဥပဒေမိတ်ဆက်အတန်းကား ပြီးဆုံးသွားပြီဖြစ်သည်။


လူတိုင်း အားနည်းသူဘက်ကရပ်တည်ပေးရန်လိုသည်။ မတရားလုပ်ချင်သူတွေက အားနည်းသူတွေအပေါ် ပိုပြီး အခွင့်အရေးယူကာ နင်းချေချင်ကြသည်။ မတရားသည်ကို မတရားဟု ကိုယ်တိုင်လည်းမြင်၊ တရားသည့် ဘက်ကလည်းရပ်တည်ပြီး ခုခံကာကွယ်ပေးရန်မှာ လူတိုင်းတွင်တာဝန်ရှိသည်။


ပါးစပ်ပိတ်မနေကြပါနှင့်။


(Don't be silent! ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)


တင်ညွန့်


၂၂.၃.၂၀၂၅