အသံတိတ် အော်ဟစ်သံ

 အသံတိတ် အော်ဟစ်သံ


ကျွန်တော့်သမီးဆီကနေ ကြားခဲ့ရသမျှ အကျယ်လောင်ဆုံး အော်ဟစ်သံဟာ... လုံးဝကို တိတ်ဆိတ်နေခဲ့တာပါ။

ဒါဟာ ဒေါသတကြီး ပေါက်ကွဲတာမျိုး မဟုတ်ဘူး။ တံခါးတွေ ဝုန်းဒိုင်းကြဲ ပိတ်တာမျိုး၊ အပြင်ထွက်ချိန် ဒါမှမဟုတ် ဖုန်းသုံးချိန်အတွက် အကြီးအကျယ် ငြင်းခုံအော်ဟစ်တာမျိုးလည်း မဟုတ်ပါဘူး။

ဒါဟာ သာမန်အင်္ဂါနေ့ မနက်ခင်းလေးမှာ ဖြစ်ပျက်ခဲ့တာပါ။ ကျွန်တော် ကော်ဖီဖျော်ရင်း ဖုန်းထဲမှာ ယာဉ်ကြောအခြေအနေကို ကြည့်နေတုန်း သမီးက မီးဖိုချောင်ထဲကို တရွေ့ရွေ့ လျှောက်ဝင်လာတယ်။ သူ့ပုခုံးပေါ်က လွယ်အိတ်ကြီးက ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသလိုမျိုး တွဲကျနေတယ်။ သူ့မျက်လုံးတွေက နီရဲမနေဘူး၊ မျက်ရည်လည်း ကျမနေဘူး။ ဒါပေမဲ့... အားအင်ကုန်ခမ်းနေတယ်။ ဟာလာဟင်းလင်း ဖြစ်နေတယ်။

ကျွန်တော့်ကို တုန်လှုပ်သွားစေလောက်အောင် တိုးညင်းပြီး တည်ငြိမ်တဲ့ အသံလေးနဲ့ သူပြောလိုက်တာက -

"ဖေဖေ... သမီးကို ကျောင်းပြောင်းပေးလို့ ရမလားဟင်"

ကျွန်တော် ကော်ဖီသောက်လက်စတန့်သွားတယ်။

ကျွန်တော် ပုံမှန်အတိုင်းပဲ အချက်အလက်တွေကို လိုက်စစ်ကြည့်မိတယ်။

"တစ်ခုခုဖြစ်လို့လား" (မဟုတ်ဘူး)၊ "အမှတ်တွေမကောင်းလို့လား၊ ဆရာမတွေက အရမ်းခက်လို့လား" (မဟုတ်ဘူး)၊ "သူငယ်ချင်းတွေနဲ့ အဆင်မပြေလို့လား၊ တစ်ယောက်တည်း ထမင်းစားနေရလို့လား" သူက သူ့ဖိနပ်ကိုပဲ စိုက်ကြည့်နေပြီး "သမီး မသိဘူး" လို့ပဲ ဖြေတယ်။ "တစ်ယောက်ယောက်က နှောင့်ယှက်နေလို့လား"

ဘာမှ မထွက်လာဘူး။ ရင်ဘတ်ကို ဖိထားသလိုမျိုး လေးလံဆို့နင့်နေတဲ့ တိတ်ဆိတ်မှုကြီးပဲ ရှိနေခဲ့တယ်။

အဲ့ဒီညက ကျွန်တော် အိပ်လို့မရဘူး။ ဘေးမှာ ဇနီးဖြစ်သူက အေးအေးဆေးဆေး အိပ်ပျော်နေပေမဲ့ ကျွန်တော့်ဦးနှောက်ထဲမှာတော့ ကလေးတွေ စိတ်ပင်ပန်းလွန်းလို့ ဖြစ်ပျက်ခဲ့ရတဲ့ ဝမ်းနည်းစရာ သတင်းခေါင်းစဉ်တွေကိုပဲ တရစပ် ပြန်မြင်နေမိတယ်။ "ငါ့ကလေးတော့ မဟုတ်လောက်ပါဘူး၊ ဒီမှာတော့ မဖြစ်နိုင်ပါဘူး" လို့ ကိုယ့်ကိုယ်ကိုယ် ညာနေတတ်ကြပေမဲ့... အမှန်တရားက ရှေ့တည့်တည့်မှာ ရောက်နေတဲ့အခါ ရှောင်လွှဲလို့ မရတော့ဘူး။

နောက်တစ်နေ့မနက်မှာ ကျွန်တော် အလုပ်ကို ခွင့်တိုင်လိုက်တယ်။ သမီးကိုတော့ ကြိုမပြောထားဘူး။ ကျောင်းရှေ့က ဖြတ်သွားရင် အမြဲတမ်း သာမန်လိုပဲ မြင်တွေ့နေရတဲ့ အုတ်နီရဲရဲ ကျောင်းအဆောက်အအုံကြီးဆီကို ကျွန်တော် မောင်းသွားလိုက်တယ်။ ကျောင်းရုံးခန်းမှာတော့ စာရွက်စာတမ်းတစ်ခု မေ့ကျန်ခဲ့လို့ ဆိုပြီး လိမ်ပြောလိုက်ရတယ်၊ တကယ်တော့ ကျွန်တော် ကိုယ်တိုင် မြင်တွေ့ချင်လို့ပါ။

အတန်းပြောင်းချိန် ဆူညံပွက်လောရိုက်နေတဲ့ လူသွားလမ်းရဲ့ ထောင့်တစ်နေရာမှာ ကျွန်တော် နေရာယူလိုက်တယ်။ လူဝင်ပေါက်တွေ ပွင့်သွားတာနဲ့ ကလေးတွေ အော်ဟစ်ရယ်မောပြီး ဝေါခနဲ ထွက်လာကြတာပေါ့။

အဲ့ဒီအချိန်မှာ သမီးကို ကျွန်တော် မြင်လိုက်ရတယ်။

သူ့မှာ အဖော်မရှိဘူး။ ဖုန်းစခရင်ကို ဝိုင်းကြည့်ပြီး ရယ်မောနေတဲ့ အုပ်စုတွေထဲမှာလည်း သူ မပါဘူး။ ခြံစည်းရိုးဘေးက စားပွဲတစ်ခုမှာ တစ်ယောက်တည်း ကျုံ့ကျုံ့လေး ထိုင်နေတယ်။ သူ့ရဲ့ ရေနွေးအိုးလေးကို ချပ်ဝတ်တန်ဆာတစ်ခုလို ရင်ခွင်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ ပုခုံးတွေ တွန့်နေပြီး... လူတွေကြားထဲကနေ ပျောက်ကွယ်သွားချင်နေသလိုပဲ။

ဆံပင်ပုံစံ အလန်းစားတွေ၊ တံဆိပ်အကောင်းစား လွယ်အိတ်တွေနဲ့ မိန်းကလေးတစ်သိုက် သူ့နားက ဖြတ်သွားတဲ့အခါ ခြေလှမ်းတွေကို လျှော့လိုက်ကြတယ်။ တွန်းမသွားဘူး၊ ဆဲဆိုမသွားဘူး။ တိုးတိုးလေး ကုတ်ကုတ်ကပ်ကပ် ပြောကြတယ်၊ တစ်ယောက်တည်း ရပ်နေတဲ့ သမီးကို ဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်လိုက်တယ်၊ ပြီးတော့ အော်ဟစ်သံတွေထက် ပိုကျယ်လောင်တဲ့ ရယ်မောသံတွေကို ဝိုင်းပြီး ထုတ်လိုက်ကြတယ်။

မိနစ်ပိုင်းအကြာမှာ ကောင်လေးတစ်ယောက်ဟာ သမီးနားက ပြေးထွားရင်း သမီးဟန်ချက်ပျက်သွားအောင် သူ့ပုခုံးနဲ့ တမင် "တိုက်" သွားတယ်။ ကောင်လေးကိုင်ထားတဲ့ အားဖြည့်အဖျော်ယမကာတွေ သမီးရဲ့ အင်္ကျီလက်မောင်ပေါ် ဖိတ်ကျသွားတယ်။ အဲ့ဒီကောင်လေးက ရပ်မကြည့်ဘူး၊ ဘာမှမဖြစ်သလိုပဲ သူ့သူငယ်ချင်းနဲ့ လက်သီးချင်းတိုက်ပြီး ဆက်သွားနေခဲ့တယ်။

သမီး ဘာမှ ပြန်မလုပ်ဘူး။ အော်လည်း မငိုဘူး။ အိတ်ကပ်ထဲက တစ်ရှူးကို ထုတ်၊ ပေသွားတဲ့ အစွန်းအထင်းကို သုတ်ရင်း နှုတ်ခမ်းကို ကိုက်ထားရှာတယ်။ ဒါကို လုပ်နေတဲ့ ပုံစံက... အရမ်းကို ကျွမ်းကျင်နေပြီး "ဒါမျိုးကတော့ ဖြစ်နေကျပဲ" ဆိုတဲ့ အရှုံးပေးထားတဲ့ ပုံစံမျိုးမို့လို့ ကျွန်တော့်ရင်ထဲမှာ မီးစနဲ့ ထိုးသလို ခံစားလိုက်ရတယ်။ ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူး။ ဒါက နေ့စဉ် လုပ်ရိုးလုပ်စဉ်ကြီး ဖြစ်နေတာ။

ဒါပေမဲ့ တကယ့် အနာကျင်ဆုံး အချက်က ဘာလဲသိလား။၁၀ ပေလောက်ပဲ ဝေးတဲ့နေရာမှာ တာဝန်ကျ ဆရာတစ်ယောက် ရှိနေတာပါ။ သူ အဲ့ဒီဓာတ်ပုံရိုက်တာကို မြင်တယ်၊ တွန်းတိုက်သွားတာကိုလည်း မြင်တယ်။ သူက ကျွန်တော့်သမီးကို တစ်ချက်ကြည့်တယ်၊ အဲ့ဒီအုပ်စုကို တစ်ချက်ကြည့်တယ်၊ ပြီးတော့ သူ့လက်ပတ်နာရီကို ကြည့်တယ်။ ကော်ဖီတစ်ငုံသောက်ပြီး... တခြားဘက်ကို လှည့်ထွက်သွားခဲ့တယ်။

သူက တာဝန်ထက် ကိုယ့်အတွက် အဆင်ပြေမယ့်လမ်းကို ရွေးခဲ့တာပါ။ အစီရင်ခံစာတွေ ရေးနေရတာထက် ဘာမှမမြင်ချင်ယောင်ဆောင်နေတာက ပိုလွယ်တာကိုး။

ကျွန်တော် တစ်ကိုယ်လုံး တုန်ရီပြီး၊ ဒေါသနဲ့ ဝမ်းနည်းမှုတွေ ရောပြွမ်းလျက် ကျောင်းကနေ ထွက်လာခဲ့တယ်။

အိမ်ပြန်ရောက်တော့ ကျောင်းအုပ်ကြီးဆီ အီးမေးလ်တစ်စောင် ရေးလိုက်တယ် - အထီးကျန်နေတာ၊ ဓာတ်ပုံခိုးရိုက်တာ၊ တမင်တွန်းတိုက်တာ၊ ကျွန်တော့်သမီးဟာ တစ်ရက်ထက်တစ်ရက် ဘယ်လို ပိန်ချော်အားငယ်လာတာ စတဲ့ အသေးစိတ် အချက်အလက်တွေ အကုန်ထည့်ရေးပြီး Send လုပ်လိုက်တယ်။

ဒု-ကျောင်းအုပ်ကြီးဆီက ပြန်လာတဲ့ အဖြေကတော့ ပုံသေကားကျ ဗျူရိုကရေစီဆန်တဲ့ အဖြေပါပဲ -။ယဉ်ကျေးတယ်၊ လုပ်ထုံးလုပ်နည်း ဆန်တယ်၊ ဒါပေမဲ့ ဗလာပဲ။

"ကျွန်ုပ်တို့သည် အနိုင်ကျင့်ခြင်းကို အလေးအနက်ထားပြီး 'Zero Tolerance' မူဝါဒကို ကျင့်သုံးပါသည်။ ဝန်ထမ်းများထံမှ တရားဝင် အစီရင်ခံစာ တင်ပြထားခြင်း မရှိပါ။ ဆယ်ကျော်သက်အရွယ်တွင် လူမှုဆက်ဆံရေး ရှုပ်ထွေးမှုများ ရှိတတ်ပါသည်။ ကျွန်ုပ်တို့ ဆက်လက် စောင့်ကြည့် (Monitor) ပါမည်။"

"စောင့်ကြည့်မည်" တဲ့။ အဲ့ဒါက "တစ်ခုခု ပြန်ပြင်လို့မရတဲ့အထိ ဖြစ်မလာမချင်း ဘာမှမလုပ်ဘဲ စောင့်နေမည်" ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

အဲ့ဒီနေ့ ညနေမှာ သမီးရဲ့ ကုတင်ဘေးမှာ ကျွန်တော် ထိုင်လိုက်တယ်။ သူက စာအုပ်ဖတ်နေသလို ဟန်ဆောင်နေပေမဲ့ မျက်လုံးတွေက စာမျက်နှာ တစ်ခုတည်းမှာပဲ ရပ်နေတာ။

"ဖေဖေ... ဟိုကိစ္စကို စဉ်းစားနေတုန်းလားဟင်" သူက တိုးတိုးလေး မေးတယ်။

ကျွန်တော်ကတော့ "သည်းခံရမယ်" တို့၊ "ကလေးဆိုတာ ဒီလိုပဲ" တို့ ဆိုတဲ့ တရားတွေ မချခဲ့ဘူး။ ကမ္ဘာကြီးက ရက်စက်တတ်တယ်ဆိုတာ သူ သင်ယူပြီးသားပါ။ သူ အခုလိုအပ်နေတာက သူ့ရဲ့ နုနယ်တဲ့ စိတ်လေးအတွက် တိုက်ပွဲဝင်ပေးမယ့် အဖေတစ်ယောက်ပါ။

"အေးပေါ့ သမီးရဲ့" လို့ ကျွန်တော် ပြောလိုက်တယ်။ "သမီး အဲ့ဒီကျောင်းကို နောက်ထပ် သွားစရာ မလိုတော့ဘူး။"

ကျောင်းပြောင်းရင် ဘာတွေခက်ခဲမလဲ၊ ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတွေ သူ မမေးဘူး။ သူက အသက်ကို ဝအောင် ရှူထုတ်လိုက်တာ... တစ်ကိုယ်လုံးက ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလိုပဲ။ သူ့ပုခုံးလေးတွေ လျော့ကျသွားတယ်။ ထောင်ကျနေတဲ့သူတစ်ယောက် သော့ဖွင့်သံ ကြားလိုက်ရသလိုမျိုးပေါ့။

ကျွန်တော်တို့ ကျောင်းအသစ် တစ်ခု ရှာတွေ့ခဲ့တယ်။ ကျောင်းဟောင်းကြီးပါ၊ အားကစားကွင်းကောင်းကောင်း ဒါမှမဟုတ် နည်းပညာမြင့် ပစ္စည်းတွေလည်း မရှိဘူး။ ကားပိုမောင်းရတယ်၊ ဆီဖိုးပိုကုန်တယ်၊ မနက်စောစော ပိုထရတယ်။

ဒါပေမဲ့ အဲ့ဒီကျောင်းက ကျောင်းအုပ်က တံခါးဝမှာတင် ကလေးတိုင်းရဲ့ နာမည်ကို ခေါ်နိုင်တယ်။ ဆရာမတွေက စခရင်ကို ကြည့်မနေဘဲ လူသွားလမ်းတွေကို ကြည့်နေကြတယ်။ အခုဆို သမီးဟာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်အောင် နေစရာ မလိုတော့ဘူး။

ပြီးခဲ့တဲ့ အပတ်က အိမ်ရှေ့မှာ သမီးက သူငယ်ချင်းအသစ်နဲ့ ရယ်မောနေတာကို ကျွန်တော် ကြည့်နေမိတယ်။ အဲ့ဒါဟာ ဟန်ဆောင်မှုမရှိတဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုမျိုးပါ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သမီးရဲ့ မျက်လုံးထဲမှာ ဒီလို အလင်းရောင်မျိုးကို ကျွန်တော် ပထမဆုံးအကြိမ် ပြန်မြင်ရတာ။

မိဘများခင်ဗျာ... နားထောင်ပေးပါ ။

ကလေးတစ်ယောက်က ကျောင်းပြောင်းချင်တယ်လို့ လွယ်လွယ်နဲ့ မတောင်းဆိုပါဘူး။ နေရာသစ်၊ မျက်နှာသစ်၊ စည်းကမ်းသစ်တွေကြားမှာ အစကနေ ပြန်စရမှာက အရမ်းကြောက်စရာ ကောင်းတာလေ။

တကယ်လို့ သူတို့က ထွက်သွားချင်တယ်လို့ ပြောလာရင်၊ သူတို့ ခံစားနေရတဲ့ နာကျင်မှုက အသစ်အဆန်းတွေကို ကြောက်တဲ့ စိတ်ထက် ပိုပြီး ကြီးမားနေလို့ပါ။

အဆိုးဆုံး ထိခိုက်မှုက အနိုင်ကျင့်တဲ့သူတွေဆီက လာတာ မဟုတ်ပါဘူး။ ကလေးတွေကို ကာကွယ်ဖို့ လစာရနေပြီးမှ တခြားဘက်ကို လှည့်ထွက်သွားတဲ့ လူကြီးတွေဆီက လာတာပါ။

ကျွန်တော်တို့က ကလေးတွေကို "တစ်ခုခုမြင်ရင် ပြောပြပါ" လို့ အမြဲသင်ပေးကြတယ်။ အခုက လူကြီးတွေ ကိုယ်တိုင် အဲ့ဒီအတိုင်း နေထိုင်ရမယ့်အချိန်ပါ။

တိတ်ဆိတ်နေတဲ့ လက္ခဏာတွေကို လျစ်လျူမရှုပါနဲ့ ။တနင်္လာနေ့တိုင်း ဗိုက်နာတာမျိုး၊ ကျောင်းကားစီးဖို့ ကြောက်နေတာမျိုး၊ စကားမပြောဘဲ ငြိမ်နေတာမျိုး၊ "ကျောင်းမသွားချင်ဘူး" လို့ ပြောတာမျိုးပေါ့။

တိုးတိုးလေး ပြောလိုက်တဲ့ "ကျောင်းပြောင်းလို့ ရမလား" ဆိုတဲ့ စကားက သူတို့ တစ်သက်မှာ အကျယ်လောင်ဆုံး အကူအညီတောင်းခံသံ ဖြစ်နေနိုင်ပါတယ်။

နားထောင်ပေးပါ၊ လုပ်ဆောင်ပေးပါ။ တိတ်ဆိတ်မှုကနေ ပိုဆိုးတဲ့အရာတွေ ဖြစ်မလာခင်မှာပေါ့။

သင့်ကလေးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ စိတ်ဓာတ်ခွန်အားဟာ ကျောင်းတက်မှန်ဖို့ ဒါမှမဟုတ် ကျောင်းကပို့တဲ့ "စောင့်ကြည့်ပါမည်" ဆိုတဲ့ အီးမေးလ်တွေထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိပါတယ်။

ဘာလို့လဲဆိုတော့ တစ်ခါတရံမှာ အနားမခံနိုင်လောက်အောင် အကျယ်လောင်ဆုံး အော်ဟစ်သံဟာ... အပြင်ကို ထွက်မလာတဲ့ အသံမျိုး ဖြစ်နေတတ်လို့ပါပဲ။


#ဟမ်စိုင်း(ဆေး-မန်း)

ဘာသာပြန်

Storytelling Page