စိတ်နှောင်ကြိုး
--------------
ဖတ်ဖူးနေမည့် ဇာတ်လမ်းလေးဖြစ်သည်။
ဆပ်ကပ်ပွဲတစ်ပွဲတွင် ရုံအပြင်၌ ဆင်ကြီးတစ်ကောင်ကို အများမြင်သာအောင်ပြထားသည်။ ဆင်ဘေးတွင် ဆင်ထိန်းတစ်ဦးရှိသည်။ ကလေးတွေက ဆင်ကိုသဘောကျကြသည်။ ကြံတွေ၊ ငှက်ပျောသီးတွေ၊ သစ်သီးတွေ ကျွေးကြသည်။ ဆင်ထိန်းကလည်း ဆင်ကြီးကို ကလေးတွေ သဘောကျအောင် အမျိုးမျိုးလုပ်ခိုင်းနေသည်။
လူငယ်တစ်ယောက်က ဆင်ကြီးကို စိတ်ဝင်စားစွာကြည့်နေသည်။ ဆင်ထိန်းက သူ့နားအရောက်တွင် မေးခွန်း တစ်ခု မေးလိုက်သည်။
“ဦးလေး တစ်ခုလောက်မေးပါရစေ”
“ဘာများလဲကွယ်”
“ဆင်ကြီးခြေထောက်မှာ ချည်ထားတဲ့ ကြိုးလေးက သေးသေးလေး။ သူခန္ဓာကိုယ် အားနဲ့ဆို တစ်ချက် ဆောင့်ရုန်း လိုက်တာနဲ့ ပြတ်ထွက်သွားမှာ။ ဘာဖြစ်လို့များ ဆင်ကြီးက ရုန်းပြီးတော့ ထွက်မပြေးရတာလဲဟင်”
ဆင်ထိန်းကရယ်လိုက်ပြီး
“အေးကွ … သူငယ်ငယ်လေးတုန်းကတော့ အဲဒီကြိုးလေးဟာ သူ့အရွယ်နဲ့ အနေတော်ပဲပေါ့။ ငယ်ငယ်လေး တုန်းကတော့ အဲဒီကောင် ကြိုးကိုရုန်းတာပေါ့။ သူ့အရွယ်လေးနဲ့ ဘယ်လောက်ပဲ ကြိုးစားရုန်းသည်ဖြစ်စေ ကြိုးကလည်း မပြတ်ဘူး။ ကြာလာတော့ ဒီကောင် ခြေထောက်ပဲနာလာတယ် ကြိုးမပြတ်ဘူး ဆိုတာ သိလာတော့ မရုန်းတော့ဘူးကွ။ ဒီလိုနဲ့ သူလည်း တဖြည်းဖြည်းကြီးလာတယ်ဆိုပါတော့။ သူ့ခြေထောက်မှာ ချည်ထားတဲ့ကြိုးဟာ သူငယ်ငယ်လေးကတည်းက ချည်ထားတဲ့ကြိုးပဲ။ သူက သူ့မှာ အင်အားတွေရှိလာတာ မသိတော့ဘူး။ သန်မာလာတာ မသိတော့ဘူး။ သူ့ခြေထောက်မှာ ကြိုးချည်ထားတယ် ဆိုတာပဲ နားလည် တော့တာ။ ဒါကြောင့် ကြိုးကြီးတာ၊ သေးတာ သူ့အတွက် ပြဿနာမဟုတ်တော့ဘူး။ ချည်ထားတာကပဲ ငါမလွတ်နိုင်ဘူးဆိုတာသိနေတဲ့အပြင်၊ ရုန်းလေ နာလေဖြစ်မှာစိုးလို့ မရုန်းတော့ဘူး”
ကျွန်တော်က နည်းနည်းထပ်ကွန့်ကြည့်မိသည်။
“ကျွန်တော်ထင်တာကို ပြောလို့ရမလား”
“ပြောကြည့်လေ”
“ဆင်ကြီးက ရုန်းထွက်ရင်လွတ်မယ်ဆိုတာ သိပါလိမ့်မယ် … ဒါပေမဲ့”
“ဒါပေမဲ့ ဘာဖြစ်သလဲကွယ်”
“ရုန်းထွက်လိုက်ရင် အနေအစား ဘယ်ချောင်တော့မလဲ။ ခုလိုနေတာ သူ့အတွက် အနေအစား ချောင်တော့ သူရုန်းမထွက်တော့တာလည်း ဖြစ်မယ်ထင်တယ်”
“ငါ့တူတွေးတာ မဆိုးဘူး။ ဒါပေမဲ့ကလေး … တစ်ခုသိထားဖို့က အနေအစား ဘယ်လောက်ပဲ ချောင်သည် ဖြစ်စေ၊ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ မသေမချင်း ကျွန်ဖြစ်နေရတဲ့ဘဝကိုရော ငါ့တူတွေးမိသလား”
ထိုပုံပြင်လေးကို ကျွန်တော် ကျောင်းဆရာဘဝက အတန်းအလိုက်၊ သူတို့ဉာဏ်ရည်အလိုက် ခွဲခြမ်းသင်ကြား ရန်အတွက် အကောင်းဆုံး ပုံပြင်တစ်ပုဒ်အနေဖြင့် သတ်မှတ်ထားပါသည်။
မိမိရောက်နေသည့် အနေအထားသည် မိမိဘဝအတွက် မတိုးတက်လျှင် ရုန်းထွက်နိုင်ရမည်။
ပုံပြင်ထဲကဆင်ကြီးသည် အမှန်တော့ မိမိကိုယ်ရည်ကိုယ်သွေး အစစ်အမှန်စွမ်းအားကို မေ့နေသူဖြစ်သည်။ လူ့ဘဝတွင်လည်း ထိုသို့သော ဘဝမေ့နေသော အချည်ခံထားရသည့် လူသားတွေများစွာ ရှိနိုင်သည်။ “ငါမတတ်နိုင်ဘူး” ဟု ယူဆသော အတွေးအခေါ်ဟောင်းတွေ၊ အတိတ်က အတွေ့အကြုံဆိုးတွေမှာ သူ့ကို ချည်ထားသည့် ကြိုးသေးသေးလေးက ကိုယ်စားပြုနေသည်။
သူ့ဘဝကို ငယ်စဉ်ကတည်းက ပုံသွင်းခံလိုက်ရသောကြောင့် “ငါ့ဘဝဟာ ဒီလိုပါပဲ” ဆိုသည့် အညံ့ခံစိတ်တွေ ဝင်လာသည်။ ရုန်းမထွက်ချင်လောက်အောင် ဖြစ်လာသည်။
ကျွန်တော်တို့ လူငယ်တွေ၏ ဘဝတွေကိုလည်း ထိုသို့ကြိုးသေးသေးနှင့် စတင်ချည်ခဲ့ပြီး အတွေးအခေါ်တွေ သင်းကွပ်သလို ဖြစ်နေခဲ့သည်မှာ မည်မျှကြာပြီနည်း။
အမှန်တကယ် ငါ့ကိုချည်နှောင်ထားသည်မှာဘာလဲ။
ပြန်စဉ်းစားသင့်သည်။
ငါ့ကိုချည်နှောင်ထားသည်မှာ ငါ့စိတ်ပင်ဖြစ်သည်။
အကန့်အသတ်တွေ၊ ဖိနှိပ်မှုတွေ၊ မှိုင်းတွေ၊ ဂျင်းတွေကြားတွင် ကြီးပြင်းလာရသည်မှာ ကာလကြာလာသည့် အခါတွင် ရုန်းထွက်လျှင်ရပါလျက် ရုန်းမထွက်နိုင်လောက်အောင် ကြောက်လာကြသည်။ ထိုသို့ကြောက်အောင် လည်း မျိုးဆက်အလိုက် သင်းကွပ်ခြင်း ခံခဲ့ရသည်။
“ငါဉာဏ်မကောင်းဘူး”
“ငါ့မှာ အရည်အချင်းမရှိဘူး”
“ငါမတတ်နိုင်ဘူး”
“ငါမလုပ်နိုင်ဘူး”
“ငါ့မှာ အခွင့်အလမ်း မရှိဘူး” စသည့် အတွေးအမြင်များသည် ဆင်ကြီးတစ်ကောင်လုံးကို ချည်ထားသည့် ကြိုးသေးသေးလေးတစ်ချောင်းဖြစ်သည်။
ကျွန်တော်တို့ တစ်ချိန်ချိန်က ကျရှုံးကောင်း ကျရှုံးခဲ့ပါလိမ့်မည်။ ထိုကျရှုံးမှုတွေကြောင့်လည်းကောင်း၊ လူကြီးတွေ၏ အဆိုးမြင်စကားတွေကို ကြားရဖန်များလာသောကြောင့်လည်းကောင်း၊ မင်းတို့ဘယ်လောက် ရုန်းရုန်း မဖြစ်နိုင်ဘူးဟု ထင်လာစရာအကြောင်းတွေရှိနိုင်သည်။
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဝေဖန်ဆန်းစစ်ရန်လိုပါသည်။
ငါသည် ယခင်လိုမဟုတ်။ ပိုပြီးအားကောင်းလာပြီ၊ ပိုပြီးအရည်အချင်းရှိလာပြီဆိုသည့်စိတ်ဓာတ်တွေနှင့် ရုန်းထွက်ကြည့်ရန်လိုသည်။ ပိုပြီး လွတ်လပ်သောဘဝတွင် ရှင်သန်ကာ နေထိုင်ရခြင်းက ပိုပြီး တန်ဖိုးရှိသည် ဆိုသော အမြင်တွေရှိလာရန်လိုသည်။ ငါကို တုတ်နှောင်၍မရဆိုသည်ကို ပြသနိုင်ရန်လိုသည်။
မဖြစ်နိုင်ဘူးဆိုသည်မှာ အချည်ခံနေရသောကြောင့်ဖြစ်သည်။
ရုန်းထွက်ကြည့်လိုက်ပါ။ ဖြစ်လာပါလိမ့်မည်။
“လွတ်မြောက်ခြင်းဆိုသည်မှာ အတွင်းစိတ်ကစသည်”
တင်ညွန့်
၂၈.၈.၂၀၂၅