အစားထိုးကြသူများ

 အစားထိုးကြသူများ

--------------------

ဘရော့စကီးရဲတိုက်ကြီးသည် ခမ်းနားစွာဖြင့် မြို့အစွန်တွင်တည်ရှိသည်။ ထိုရဲတိုက်ကြီးမှာ ဟာမိုနော့မြို့ ထက်ပင် ကြီးကျယ်သောရဲတိုက်ကြီးလည်းဖြစ်သည်။

ဟာမိုနော့မြို့လယ်ခေါင်တွင် ဆေးခန်းတစ်ခုရှိသည်။ ထိုဆေးခန်းသည် လူတွေကိုရောဂါကုသည့် ဆေးခန်း မဟုတ်။ ဆေးခန်းဖြစ်ပြီး လူတွေကိုရောဂါမကုဆိုသည်မှာ ထိုဆေးခန်း၏ ထူးခြားသော ဝိသေသတစ်ခု ဖြစ်သည်။ ဆေးခန်းအဝတွင် ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကိုကြည့်လော့

“ကျောရိုးအစားထိုးသည်”

“လျှာအစားထိုးသည်”

ထိုဆိုင်းဘုတ်နှစ်ခုအတိုင်းသာ ဆေးခန်းကလုပ်ဆောင်ပေးသည်။

လူ့ကျောရိုးနှင့်လျှာကို အစားထိုးသည်ဆိုခြင်းမှာ ထူးဆန်းလှပေသည်။ ထိုသို့အစားထိုးသူရှိနိုင်ပါ့မလားဟု ထင်စရာရှိသည်။ သို့သော် ထိုဆေးခန်းတွင် လူအပြည့်ရှိသည်။ ကျောရိုးနှင့်လျှာကို အစားထိုးချင်သောကြောင့် တန်းစီနေသူတွေ အပြည့်ရှိသည်။

ဟာမိုနော့မြို့ကလူတွေ အဘယ်ကြောင့် ကျောရိုးနှင့်လျှာကို အစားထိုးချင်ကြသနည်း။ အကြောင်းရှိပေသည်။

ဘရော့စကီးရဲတိုက်ထဲကို အပြင်လူဝင်လျှင် ရိုးရိုးဝင်၍မရပေ။

မြို့ရိုးတံခါးဝင်ပေါက်က အမြင့် ၃ ပေခန့်သာရှိသောကြောင့်ဖြစ်သည်။ ထို ၃ ပေအမြင့်သာရှိသည့် မြို့ရိုး ဝင်ပေါက်ကို ဖြတ်ဝင်နိုင်သည့်နည်းမှာ နှစ်နည်းသာရှိသည်။

ပထမနည်းမှာ လေးဘက်ထောက်ဝင်နည်းဖြစ်သည်။

ဒုတိယနည်းမှာ လေးဘက်မထောက်ဘဲ ခါးကိုင်းပြီးဝင်နည်းဖြစ်သည်။

လေးဘက်ထောက်ဝင်သူသည် အလွန်အရသာဆိုးသော (လူဆိုလျှင်လုံးဝမခံစားနိုင်သော) မစင်ပုံကို လျှာဖြင့် လျက်ပြီးမှဝင်ရသည်။

လေးဘက်မထောက်ဘဲ ခါးကိုင်းပြီးဝင်လိုသူတို့မှာ ထိုဆိုးရွားလွန်းလှသည့် မစင်ပုံကို မစားလိုသူများ ဖြစ်ကြ သည်။ ထိုသူတို့မှာ လေးဘက်မထောက်ဘဲဝင်ရမည်ဆိုသောကြောင့် ခါးကို ၉၀ ဒီဂရီချိုးချပြီး ဝင်မှဖြစ်နိုင်ပေ လိမ့်မည်။ ထို့ကြောင့် ခါးကိုချိုးနိုင်စေရန် မွေးရာပါ ခါးရိုးနေရာတွင် ရာဘာခါးရိုးကို အစားထိုးပြီးမှ ဝင်ရသည်။

ဒုတိယနည်းမှာ ဈေးအလွန်ကြီးသည်။ လူတိုင်းမတတ်နိုင်သည့်ဈေးနှုန်းဖြစ်သည်။ လူနည်းစုသာ ခါးရိုး အစားထိုးကာ ရဲတိုက်ထဲဝင်နိုင်ကြသည်။

ပထမနည်းမှာ လျှာအစားထိုးခြင်းဆိုရာ၌ မူလအမေမွေးစဉ်ကပါလာသည့် လျှာကို ရာဘာလျှာဖြင့် အစားထိုး လိုက်ခြင်းဖြစ်သည်။ ရာဘာလျှာက အရသာကို မခံစားနိုင်ဆိုသော်လည်း ထိုလျှာကို အစားထိုးခြင်း ခံရသူတွေမှာ မစင်တုံးကို “သကာတုံး” ဟုဆိုကာလျက်ကြရသည်။ လျှာအစားထိုးခြင်း ခံရသူတွေမှာ ဦးနှောက် အာရုံကြောနှင့်ပါ ဆက်သွယ်ထားမှု ဖြတ်တောက်ခြင်း ခံထားရသဖြင့် အမှားအမှန်ခွဲခြားခြင်း မပြုနိုင်တော့ပေ။

“မှန်လှပါဘုရား”

“သင့်မြတ်လှကြောင်းပါဘုရား”

“အမိန့်မြတ်တော်အတိုင်းဘုရား” ဆိုသည့် စကားကြီးသုံးခွန်းကိုသာလျှင် ပြောဆိုနိုင်တော့သည်။ ထို့ပြင် လျှာဖြတ်ဆက်ထားခြင်း ခံရသူတွေမှာ မည်မျှရက်စက်ယုတ်မာမှုတွေကို မြင်တွေ့နေရသည်ဖြစ်စေ အိပ်မပျော် ခြင်းများလည်း မဖြစ်နိုင်တော့ပေ။

ထိုနည်းမှာ လူတိုင်းတတ်နိုင်သည့် အနေအထားတစ်ခုဖြစ်သောကြောင့် ရဲတိုက်ကြီးထဲ ဝင်ခွင့်ရရေး လျှာဖြတ် ဆက်ခြင်းအလုပ်မှာ တွင်ကျယ်လှပေတော့သည်။

ရဲတိုက်ကြီးထဲ ဝင်ခွင့်ရရေးသည် ဟာမိုနော့မြို့သားတွေအတွက် အိပ်မက်ဖြစ်တော့သည်။

ကီးကတ်သည် သူ့ဖခင်ဖြစ်သူကို ပူဆာနေသည်။

“အဖေ ကျွန်တော် ရဲတိုက်ကြီးထဲဝင်ချင်တယ်”

“ဘာဖြစ်လို့လဲသား”

“ရဲတိုက်ကြီးထဲမှာ ကောင်းကောင်းနေ၊ ကောင်းကောင်းစားရတယ်ကြာတယ်အဖေ။ ကျွန်တော် ရဲတိုက်ကြီး ထဲမှာနေချင်တယ်”

“အပြင်မှာနေပါသားရယ်”

“အပြင်မှာ ငတ်မွတ်တဲ့ဒဏ်ကို သားမခံနိုင်တော့ဘူးအဖေ”

“သားရယ် အာလူးတစ်လုံးလောက်နဲ့ အသက်ရှင်အောင်ကြိုးစားရတာ၊ ချေးစားပြီး ရဲတိုက်ထဲဝင်ရတာထက် မြင့်မြတ်ပါတယ်”

“အဖေတို့ ရှေးရိုးစွဲတွေပဲ အဲဒီလိုအတွေးအမြင်တွေကြောင့် ဆင်းရဲနေကြတာ။ ရဲတိုက်ကြီးထဲမှာ အလွန်သာယာ ဆိုပဲဗျ”

“အဲဒီအထဲမှာ သာယာတယ်ဆိုတာ ဘယ်သူမြင်ဖူးလို့လဲ”

“ပြောကြတာပဲ”

“အေး … ဝင်ပြီး ပြန်မထွက်လာတာကြောင့် အထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ လူတိုင်းမသိဘူး။ ဘာဖြစ်ဖြစ် မင်းဟာ ရဲတိုက်ထဲဝင်နိုင်ဖို့အတွက် ခါးရိုးလဲရမယ်။ အဲဒီအတွက် အဖေ့မှာ ငွေမရှိဘူး။ ဒုတိယနည်း လျှာလဲရမယ်။ အဲဒီနည်းက မသေချာဘူး။ ချေးစားတဲ့လူတိုင်းကိုလည်း ရဲတိုက်ထဲ ဝင်ခွင့်ပြုတာမဟုတ်ဘူး။ ရဲတိုက်ထဲဝင်ခွင့်မရရင် လျှာအလဲခံရသူတွေက ဘဝဆုံးပြီ”

“အဲဒါကြောင့် ခါးရိုးအစားထိုးချင်တာပေါ့အဖေ”

“ခါးရိုးအစားထိုးဖို့ ရွှေတုံးတွေပေးရမှာ။ ဘယ်မှာလဲ အဲဒီရွှေတုံး”

“အဖေရယ် အနည်းဆုံး လျှာပဲဖြစ်ဖြစ် အစားထိုးပြီး သားတော့ စွန့်စားကြည့်ချင်တယ်”

“လျှာအစားထိုးခက နွားနှစ်ကောင်ကွယ့်။ နွားနှစ်ကောင်ပဲ အဖေတို့မှာ ရှိတာ။ အဲဒီအတွက် နွားနှစ်ကောင် ပေးလိုက်ရရင် အဖေတို့ဘာနဲ့ ထွန်ယက်စားသောက်မလဲ”

“ဘာပဲဖြစ်ဖြစ် သားတော့ စွန့်စားကြည့်ချင်တယ်”

ကီးကတ်သည် နွားနှစ်ကောင်ကိုခိုးသွားသည်။ သူကနွားတွေကိုရောင်းပြီး ဆေးခန်းကိုသွားသည်။

ဆေးခန်းအဝတွင်

“ဖြောင့်မတ်ခြင်းသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်”

“ကုန်းနိုင်မှချမ်းသာမည်” ဆိုသည့် ဆိုင်းဘုတ်တွေချိတ်ထားသည်။

ကီးကတ်ကို ဆေးခန်းဝန်ထမ်းကောင်မလေးက ကြိုဆိုသည်။

“မင်္ဂလာပါ ဘာလုပ်ချင်ပါသလဲရှင်”

“လျှာအစားထိုးချင်လို့ပါ”

“ကြွပါရှင်”

သူက မုတ်ဆိတ်မွေးနှုတ်ခမ်းမွှေးတွေနှင့် လူဝကြီးကိုတွေ့လိုက်ရသည်။

“ကဲ ဘာလုပ်ချင်သလဲပြောကွ။ အဟမ်း … တို့ဆီမှာ ကျောရိုးလဲလိုက်ရင် မင်းဘဝက အရမ်းကို သက်သာ သွားလိမ့်မယ်။ ပြောချင်တာက ဘာတဲ့ … အမှန်တရားကို ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးမရှိတော့ဘူးပေါ့ကွာ။ ပြောရရင် လိမ်ရတာလည်း မရှက်တော့ဘူး။ မင်းကို တစ်ယောက်ယောက်က ခွေးလို့ခေါ်ရင်တောင် မင်းက ဟုတ်ကဲ့ပါ ကျွန်တော်က ခွေးတော့ခွေးပါ။ ဒါပေမဲ့ အဆင့်အတန်းမြင့်တဲ့ခွေးတစ်ကောင်လို့ ဂုဏ်ယူပြီး ပြန်ပြော မှာကွ” ဟု သူ၏ အဆီတွေပြန်နေသော လက်ဖောင်းဖောင်းကြီးကိုပွတ်ကာ အားရဝမ်းသာ ရှင်းပြနေသည်။

“ကျွန်တော် ကျောရိုးအစားထိုးဖို့ မချမ်းသာဘူးခင်ဗျာ”

“ဒါဆိုလည်း လျှာအစားထိုးလေကွယ်”

“ဟုတ်ကဲ့ အဲဒီလိုပဲ လုပ်ပါခင်ဗျာ”

နှစ်နာရီလောက်သာကြာသည်။ ကိစ္စအားလုံးပြီးသွားသည်။

“ပြီးသွားပြီလားခင်ဗျာ”

“ပြီးပြီ”

“ဒါဆိုရင် ရဲတိုက်ထဲဝင်ခွင့်ရတော့မှာပေါ့နော်”

“မင်းမယုံဘူးလား”

“စိတ်ထင့်နေလို့ပါ”

“ဒါဆိုရင်လွယ်ပါတယ်ကွာ … ငါ့ဖိနပ်ကိုလျက်ကြည့်လိုက်စမ်း။ ခဏနေဦး ငါပြန်လာမယ်”

လူဝကြီး ပြန်ဝင်လာသည်။ ကီးကတ်သည် လူဝကြီး၏ ရှူးဖိနပ်ကို ငုံ့ကြည့်လိုက်သည်။ လူဝကြီးက ခုတင်စွန်းကိုကိုင်ပြီး ဖိနပ်ကိုထောင် ပေးထားသည်။ ဖိနပ်တွင်မစင်တွေပေနေသည်။

သူကနှာခေါင်းရှုံ့ကာအနံခံသည်။

ထို့နောက်ဖိနပ်ကို လျှာဖြင့် အားရပါးရလျက်သည်။

“ဘယ်နှယ်ရှိစ”

“ကောင်းပါ့ဗျာ”

“အေးအဲဒီအတိုင်းသာပြော … မင်း ရဲတိုက်ထဲဝင်ခွင့်ရပြီ”

“ကျေးဇူးပါဗျာ”

ဟာမိုနော့မြို့က လူအတော်များများ လျှာအစားထိုးထားကြသည်။

သူတို့သည် ရဲတိုက်ထဲဝင်ခွင့်မရချိန်အတောအတွင်း လူကောင်းတွေလို ဟန်ဆောင်နေကြသည်။ ခါးကောင်းစွာ မမတ်နိုင်သူတွေကလည်း တုတ်ကောက်လေးတွေနှင့် ဝင့်ထည်နေကြသည်။

(The Barosky Castle, Emelyan ကို မြန်မာမှုပြုထားခြင်းဖြစ်သည်)

တင်ညွန့်

၁၃.၁.၂၀၂၆