ကုသိုလ်တော်

  ကုသိုလ်တော်


-----------------


ချိုကြည်သာ မြန်မာထမင်းဆိုင်




အဘွားအိုက ဆိုင်းဘုတ်လေးကိုဖတ်ပြီး ဆိုင်ထဲကိုဝင်လိုက်သည်။




စားပွဲထိုး မိန်းကလေးတစ်ဦးရောက်လာပြီး




“ဘာဟင်းနဲ့များ သုံးဆောင်မလဲရှင်” ဟုမေးလိုက်သည်။




“ဘာဟင်းတွေရသလဲကွယ်”




“ကြက်သား၊ ဝက်သား၊ ငါးမြင်းဆီပြန်၊ ဆိတ်ကလီစာ၊ ငါးဖယ်၊ ငါးကြင်းကြော်နှပ်၊ ဘဲဥချဉ်ဟင်းတွေရပါ တယ်ရှင်” ဟု စားပွဲထိုးကောင်မလေးကပြောလိုက်သည်။




အဘွားအိုက




“ငါးဖယ်နဲ့တစ်ပွဲပေးပါကွယ်” ဟု မှာလိုက်သည်။




မကြာမီ ထမင်းနှင့်ဟင်းများလာချသဖြင့် အဘွားအိုက စားရန်ပြင်နေစဉ်မှာပင် ဆိုင်ထဲကို အသက်ကြီးကြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဝင်လာသည်။ နှစ်ဦးစလုံးမှာ အဝတ်အစားလေးတွေနွမ်းပါးနေပြီး ဆင်းရဲ ပုံပေါက်သည်။ အဘိုးအိုက စားပွဲတွင်မထိုင်သေးဘဲ စားပွဲထိုးကောင်မလေးကို မေးလိုက်သည်။




“ထမင်းတစ်ပွဲ ဘယ်လောက်လဲကွယ်”




“ပွဲပြင်လား … အဝစားလားရှင်”




“ပွဲပြင်ဆိုရင်ဘယ်လောက်လဲ”




“ဘာနဲ့စားစား ပွဲပြင် ငါးထောင်ပါရှင်။ အဝစားကတော့ ရှစ်ထောင်ပါ”




“ဒါဆိုရင် ဝက်သားဟင်းနဲ့ ပွဲပြင်တစ်ပွဲလောက်ပေးပါနော်”




“ထိုင်ပါရှင်”




အဘိုးအိုနှင့် အဘွားအိုတို့က စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ သူတို့ဝင်ထိုင်သော စားပွဲမှာ စောစောက ထမင်းမှာစားနေသည့် အဘွားအို၏စားပွဲနှင့် ဘေးချင်းကပ်လျက်ဖြစ်သည်။




စားပွဲထိုးကောင်မလေးက ပွဲပြင်ထမင်းတစ်ပွဲကို လာချပေးသည်။ ဟင်းပန်းကန်မပါ။ ထမင်းပွဲထဲတွင် ဝက်သား သေးသေးနှစ်တုံးနှင့် အရည်ဆမ်းထားသည်။ ဇွန်းတစ်ချောင်းတပ်ထားသည်။




အဘွားအိုက သူ့ရှေ့ကပန်းကန်ကို အဘိုးအိုရှေ့သို့ တိုးပေးလိုက်ရင်း




“ရှင်စားလေ” ဟု ပြောလိုက်သည်။




အဘိုးအိုကလည်း




“နင်ပဲစားပါ … ငါကမဆာသေးဘူး” ဆိုကာ ပန်းကန်ကို အဘွားအိုရှေ့ ပြန်တွန်းပေးလိုက်သည်။




အဘွားအိုက ထမင်းပန်းကန်ကိုသူ့ရှေ့ဆွဲကာ တစ်ဇွန်း စားလိုက်ပြီးနောက် အဘိုးအိုရှေ့ ပြန်တွန်းပေးပြီး




“ရှင်လည်းစား” ဟုပြောလိုက်သည်။ အဘိုးအိုက




“ငါရင်ခံနေလို့ပါကွယ်” ဟုပြောလိုက်သည်။




သို့သော် သူ့မျက်လုံးတွေက အဘွားအို၏ ပန်းကန်ထဲမှ ဝက်သားတုံးတွေကို ကြည့်နေသည်။




တစ်ဖက်စားပွဲဝိုင်းတွင်ထိုင်ကာ ငါးဖယ်နှင့်စားနေသော အဘွားအိုက ဆိုင်၏ကောင်တာဆီကိုထသွားပြီး တစ်ခုခုပြောလိုက်သည်။




မကြာမီ စားပွဲထိုးကောင်မလေးက ပန်းကန်တစ်ချပ်နှင့်ထမင်းပွဲပြင်ကို အဘိုးအိုရှေ့လာချသည်။




“ဟဲ့ … ငါတို့မမှာဘူး”




“စားပါရှင် … အလှူရှင်တစ်ယောက်ကလှူတာပါ။ နှစ်ယောက်စလုံးစားတဲ့အတွက် ပိုက်ဆံမယူရဘူး သူလှူမယ်လို့ ပြောသွားပါတယ်ရှင်”




“ဟေ … ဟုတ်လို့လား”




“ဟုတ်ပါတယ်ရှင် လှူသွားတာပါ။ စားကြနော်”




“သာဓု … သာဓု … သာဓု ပါဗျာ။ ဘယ်သူမှန်းတော့မသိဘူး။ သူတော်ကောင်းကြီး ကျန်းမာ၊ ချမ်းသာ၊ ဘေးရန်ကွာ၍ စိတ်သွားတိုင်းကိုယ်ပါ၊ လိုရာဆန္ဒတွေပြည့်ပါစေခင်ဗျာ။ ထမင်းမစားရတာနှစ်ရက်ရှိပါပြီ။ ခုလည်း လူတစ်ယောက်ကလှူသွားတဲ့ ငွေငါးထောင်နဲ့ ထမင်းလေးလာဝင်စားတာပါ။ သူတော်ကောင်းနဲ့ တိုးရတယ်လို့ … သာဓုပါ … သာဓု … သာဓု”




အဘိုးအိုလည်းပြောဆိုပြီးနောက် ထမင်းကို အငမ်းမရစားသည်။ ထမင်းစားပြီးနောက် နှစ်ယောက်စလုံးက မယုံသလိုဖြင့်




“ကလေး … ပိုက်ဆံပေးစရာ မလိုဘူးပေါ့နော်”




“ဟုတ်ကဲ့ မလိုပါဘူးရှင်”




“သွားလို့ရပြီပေါ့”




“ဟုတ်ကဲ့ပါရှင်”




နှစ်ယောက်စလုံး တစ်ယောက်လက်တစ်ယောက်ဆွဲကာ ဆိုင်ထဲမှ ထွက်သွားပုံကို တစ်ဖက်စားပွဲဝိုင်းတွင် ထိုင်နေသောအဘွားအိုကကြည့်ကာ ပီတိဖြစ်နေသည်။




အဘွားအိုက စားသောက်ပြီးနောက် စားပွဲထိုး ကောင်မလေးကို ခေါ်လိုက်သည်။




“သမီးလေး … အဘွားစားထားတာရယ် … ဟိုဘက်ဝိုင်းက စားထားတာရယ် စုစုပေါင်း ဘယ်လောက် ကျသလဲ ကွယ် … တွက်လိုက်ပါ”




အဘွားအိုကပြောပြောဆိုဆိုနှင့် သူ့ချွေးခံအိတ်ထဲတွင် ထည့်ထားသည့် လက်ကိုင်ပုဝါ အထုပ်လေးကိုထုတ်ကာ ပိုက်ဆံတွေကိုကိုင်ပြီး စားပွဲထိုးကလေးမလေးကိုကြည့်နေသည်။




စားပွဲထိုးကောင်မလေးက သူစားပြီးသည့် စားပွဲပေါ်က ပန်းကန်တွေကို သိမ်းရင်း




“နှစ်ဝိုင်းစလုံးက အမေကြီးတို့ စားထားတာတွေကို တစ်ယောက်က ရှင်းသွားပါပြီရှင်”




“ဟေ ဘယ်သူကများ ရှင်းသွားတာလဲကွယ်”




“ဟိုဝင်ပေါက်နားမှာ ထိုင်စားနေတဲ့ ဦးလေးကြီးက ရှင်းသွားတာပါရှင်”




“ဘယ်သူလဲ … သူဘယ်မှာလဲ”




“ထွက်သွားပါပြီရှင် … အားလုံး ရှင်းပေးပြီသွားပါပြီ”




“အဲကွယ် … ကုသိုလ်ကို လုယူသွားပြန်ပါပြီ” ဟုပြောလိုက်လေတော့သည်။ 




တင်ညွန့်




၂၅.၁၁.၂၀၂၅