ကြွားပွဲ
မင်္ဂလာပွဲတွင် သူငယ်ချင်းနှစ်ယောက် အမှတ်မထင်တွေ့ကြလေသည်။
“ဟယ် … ခင်မေသစ် … နင် မေသစ်မဟုတ်လား”
“ဟာ ကြည်လေး … လဲ့လဲ့ကြည်နော်”
သူငယ်ချင်းနှစ်ယောက် ဖက်ကာပျော်ကြသည်။
“တို့မတွေ့တာ နှစ်ပေါင်း ၃၀ ကျော်လောက်ရှိပြီနော်”
“အေးလေ ကျောင်းပြီးသွားပြီးကတည်းက ကွဲသွားလိုက်ကြတာ”
“လာ … တို့တစ်နေရာမှ ထိုင်ကြမယ်”
သူငယ်ချင်းနှစ်ယောက် လူရှင်းသည့် ထောင့်တစ်နေရာတွင် သွားထိုင်ကြသည်။
လဲ့လဲ့ကြည်က
“မေသစ် … နင်အခြေအနေကောင်းရဲ့လား”
“ကောင်းပါတယ် … ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး … မေးကြည့်တာ။ နင်ဝတ်ထား စားထားတာကလည်း မင်္ဂလာပွဲ လာတာနဲ့ မတူဘူး”
“နင့်ကြည့်ရတာတော့ အတော်လေး အခြေအနေကောင်းပုံပေါ်ပါတယ်”
“ကောင်းဆို ငါယောက်ျားက နိုင်ငံခြားမှာလေ”
“ဟုတ်လား … နင် ကိုခင်မောင်ဆွေနဲ့ အိမ်ထောင်ကျသွားတယ်ကြားတယ်”
“ဟုတ်တယ် ခုသူက နိုင်ငံခြားမှာ ရောက်နေတာလေ … ပြောရဦးမယ်။ ကိုဆွေကလေ ငါပထမကလေး မွေးပြီးချိန်မှာ ငါ့အတွက်ဆိုပြီးတော့ ကွန်ဒိုကြီးတစ်လုံး လက်ဆောင်ပေးတယ် သိလား”
“ကောင်းလိုက်တာ”
“အဲ … ဒုတိယ သမီးလေး မွေးပြီးချိန်မှာလည်း ငါ့ကို မာစီဒီးကားတစ်စီး လက်ဆောင်ပေးတာဟဲ့”
“နင်ကံကောင်းတာပဲ”
“နောက် တတိယ သားလေး မွေးတော့လည်း စိန်တစ်ဆင်စာ လက်ဆောင်ပေးသေးတယ်။ ခုဝတ်ထား တာတွေပေါ့”
“ဟုတ်လား”
“ဒါနဲ့ နင်ဘယ်လောက် လက်ဖွဲ့သလဲ”
“နည်းနည်းပါးပါးပေါ့”
ငါကတော့ သိန်း ၂၀ လောက် လက်ဖွဲ့လိုက်ရတယ်။ ကိုဆွေနဲ့က မကင်းရာ မကင်းကြောင်းတွေမဟုတ်လား”
“ဪ”
“နင့်မှာ ကားပါလား”
“တက္ကစီနဲ့လာတာ”
“ဒါနဲ့ နင့်ကိုရော နင့်ယောက်ျားက ဘာတွေ လက်ဆောင်ပေးသလဲဟင်။ ကလေးရပြီမဟုတ်လား။ ကလေးရ တော့ ပြောတာ”
“ငါ့မှာ သားလေးတစ်ယောက်ပဲရှိတာ။ သားလေး မွေးလာပြီးတော့ ငါ့ယောက်ျားက ငါ့ကို ထိုင်းမှာသွားပြီး တက္ကသိုလ်ဆက်တက်ခိုင်းတယ်။ ထိုင်းတက္ကသိုလ်က မာစတာဘွဲ့ရတယ်။ ပညာသင်ဆုရပြီးတော့ အမေရိက မှာ ဒေါက်တာဘွဲ့ဆက်ယူရတယ်။ ဒါတွေအားလုံးဟာ ငါ့ယောက်ျားကပေးတဲ့ ငါ့အတွက် အကောင်းဆုံး လက် ဆောင်တွေပဲ။ သားလေးကလည်း အမေရိကမှာ ကျောင်းတက်နေတယ်”
“ဟဲ့ ဒါနဲ့ နင် ဒီမင်္ဂလာဆောင်ကိုလာတာ သတို့သားဘက်နဲ့ သိလို့လား သတို့သမီးဘက်နဲ့ သိလို့လား”
“သတို့သမီးဘက်နဲ့”
“ဟယ် သတို့သမီးဘက်က ဆင်ကြီးတွေနော်။ နင်အဲဒီဆင်တွေနဲ့ ဘယ်လိုသိတာလဲ”
“ဒီလိုပေါ့”
ထိုစဉ် သတို့သားနှင့် သတို့သမီးမောင်နှံ သူတို့စားပွဲဝိုင်းအနီးကို ရောက်လာသည်။ သတို့သမီးက
“ဟယ် … တီချယ် လာတယ် … ဝမ်းသာလိုက်တာ … မောင် ဒါ သီသီ့ကိုစာသင်ပေးတဲ့ ဆရာမလေ … ဆရာမက သိပ်တော်တာ”
သတို့သမီးက မေသစ်ကိုလာဖက်ပြီး
“တီချယ်နဲ့ သမီးနဲ့ အမှတ်တရ ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပါရစေ”
သတို့သမီးက မေသစ်ကို သူ့ဘေးတွင်ထားပြီး ဓာတ်ပုံတွေအရိုက်ခံသည်။
စိန်တွေကို သီးနေအောင်ဝတ်လာပြီး မာစီဒီးကားနှင့် မင်္ဂလာပွဲကိုလာကာ သိန်း ၂၀ လောက် လက်ဖွဲ့ထား ရသော ဒေါ်ကြည်လေးမှာ ပါးစပ်အဟောင်းသားကြီးနှင့် ငေးကြည့်နေရသည်။
ဆရာကြီးတင်ညွန့်