ကိုယ်တွေ့ဂျင်း
--------------------
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေ ရိပ်ရသည်မှာ အလွန်စိတ်ရှည်ရသော အလုပ်တစ်ခုဖြစ်လာသည်။ ကျွန်တော်ကလည်း ဘာလုပ်လုပ် စိတ်မြန် လက်မြန်ရှိတတ်သည်ဖြစ်ရာ မုတ်ဆိတ်မွှေး ရိပ်လျှင် အမြဲ ဓားရှသည်။ ထို့ကြောင့် အပြင်ထွက်မည်ဆိုလျှင် တစ်ရက်ကြိုပြီးတော့ စိတ်ရှည်လက်ရှည် အချိန်ပေးနိုင်မှ ဖြစ်သည်။ သို့မဟုတ်လျှင် ဒဏ်ရာရသည်။
အွန်လိုင်းအရောင်းတွေကို ဆိုရှယ်မီဒီယာတွင် မကြာခဏတွေ့သည်။ မုတ်ဆိတ်နှင့် နှုတ်ခမ်းမွှေးရိပ်စက် လေးက သေးသေးလေးနှင့် အစွမ်းထက်လှသည်။ ထိုဗီဒီယိုဖိုင်လေးကြည့်ပြီး ဝယ်ချင်စိတ်ပေါ်သွားသဖြင့် အွန်လိုင်းကတစ်ဆင့် မှာလိုက်သည်။
သုံးရက်မြောက်သောနေ့တွင် ဖုန်းလာသည်။ ပစ္စည်းရောက်ပြီ၊ ပိုက်ဆံယူလာပြီး ပစ္စည်းလာယူနိုင်ကြောင်း အသိပေးသည်။ သေချာစွာထုပ်ပိုးထားသော အထုပ်လေးတစ်ထုပ်ကို လက်ခံရရှိပါသည်။ ဖွင့်ကြည့်ပြီး အားသွင်းသည်။ အစမ်း ရိပ်ကြည့်သည်။ ကောင်းပေစွ။ သွေးမထွက်ဘဲ မုတ်ဆိတ်ရိပ်နိုင်တော့မည်ဟု ဝမ်းသာမိသည်။
တစ်ကြိမ် ... နှစ်ကြိမ် ... ငါးကြိမ်
စက်ကလေးက သိပ်ပြီး မစွမ်းတော့။ ဓားကတုံးသွားသည်။ မုတ်ဆိတ်မွှေးကမပြောင်တော့။ ဖိပြီးထိုး တော့လည်း မပြောင်။ ဓားသွားတွေကလည်း လဲမရ။ နောက်ဆုံးတွင် နှစ်သောင်းကျော်ပေးရသော စက်လေးမှာ အငြိမ်းစားယူသွားရတော့သည်။
မုတ်ဆိတ်တစ်ခါရိပ် ၅၀၀၀ ကျပ်နှုန်းလောက် ပေးလိုက်ရခြင်းဖြစ်သည်။ တစ်ရက်တည်းနှင့် စုတ်မသွားသည် ကိုပင် ကျေးဇူးတင်ရဦးမည်။
ကျွန်တော်သည် အမှတ်သည်းခြေမရှိ။ ထူးဆန်းသော ပစ္စည်းကြော်ငြာလေးတွေကို လိုင်းပေါ်ကကြည့်ပြီး ဝယ်ချင်သည့် စိတ်တွေကို မနည်း ထိန်းထားရသည့် ကြားထဲမှပင် ဖုန်စုပ်စက်လေး တစ်ခုကို စိတ်ဝင်စားမိ ပြန်ပါသည်။ ဗီဒီယိုဖိုင်တွင် ပြထားသည်ကတော့ ဖုန်တွေကို စုပ်လိုက်သည်မှ ပြောင်ရှင်းသွားသည်။ ချောင်ကြို ချောင်ကြားမကျန် ရှင်းနိုင်သည်။
ကျွန်တော် သုံးနေသည့် ကွန်ပျူတာစားပွဲကို ထိုလေစုပ်စက်လေးနှင့် ဖုန်တွေရှင်းချင်သည်။ စာအုပ်စင်က စာအုပ်တွေပေါ် တင်လာသော ဖုန်တွေကိုလည်း ထိုစက်လေးနှင့် ရှင်းရလျှင် ကောင်းမည်ထင်ပြီး မှာလိုက်ပြန် သည်။
ငါးရက်ခန့်အကြာတွင် ပစ္စည်းရောက်ပြီ လာရွေးပါဟု ဖုန်းလာသည်။
ချက်ချင်းသွားရွေးသည်။ ချိန်းထားသည့် ပစ္စည်းပို့ဌာနတွင် ကောင်လေးတစ်ယောက် စောင့်နေသည်။ သူက ကျွန်တော့်ကို စက္ကူဘူးလေးတစ်လုံး ပေးသည်။ ပြီးတော့ ပိုက်ဆံ ချက်ချင်းတောင်းသည်။
ယခုတစ်ကြိမ်တော့ ကိုယ်က နည်းနည်း ရစ်ရသည်။
“ဖွင့်ကြည့်ပါရစေဦးကွာ”
“ပိုက်ဆံရှင်းပြီးမှ ဖွင့်လို့ရမယ်”
“ပိုက်ဆံရှင်းလိုက်ပြီး ငါမှာတဲ့ ပစ္စည်းမဟုတ်ရင် ဘယ်လိုလုပ်မလဲ။ မကြည့်ရဘဲနဲ့ ပိုက်ဆံရှင်းဆိုရင်တော့ ငါမယူတော့ဘူး”
ပစ္စည်းလက်ခံဖြန့်ပေးသည့် ဌာနကလည်း ကျွန်တော့်ကို ထောက်ခံသည်။
“ဟုတ်တယ်လေ မှာသူက ပစ္စည်းစစ်ဆေးခွင့်ရှိတာပေါ့”
ကောင်လေးက စက္ကူဘူးကို မဖောက်ချင် ဖောက်ချင်နှင့် ဖောက်ပြသည်။
အထဲတွင် သပ်ရပ်စွာ ထုပ်ပိုးထားသည့် ကျွန်တော်မှာလိုက်သော ပစ္စည်းကို တွေ့လိုက်ရသဖြင့်
“ဟုတ်ပြီ ... ငါငွေရှင်းမယ်”
ကျွန်တော်ကကျသင့်သည့် ငွေပမာဏကို ရှင်းပေးလိုက်သည်။
အိမ်ပြန်ရောက်လာသည့် အခါတွင် ဝမ်းသာအားရ ပစ္စည်းကို စမ်းမည်ဟု ကြံလိုက်သော်လည်း မီးကမလာ။ အခက်တွေ့နေရပြန်သည်။
မီးက ည ၉ နာရီမှ ပြန်လာသည်။
ထိုအချိန်မှ ဖုန်စုပ်စက်လေးကို ပလပ်ထိုးကာ ခလုတ်နှိပ်ကြည့်လိုက်သည်။
“ဝေါ”
အသံကတော့ အထင်ကြီးစရာပင်။
“ကိုင်း ကွန်ပျူတာ ကီးဘုတ်ပေါ်က ဖုန်တွေကို စုပ်ကြည့်စမ်းမယ်”
ကီးဘုတ်ပေါ်ကို စက်လေးထိုးပြီး ခလုတ်နှိပ်လိုက်သည်။
“ဝေါ ... ဝေါ ... ဝေါ”
ဘာဖုန်ကိုမျှ မစုပ်ပါ။
“ငါများမှားနေသလား” ဆိုပြီး ခလုတ်တွေကို လိုက်စစ်သည်။ အညွှန်းစာအုပ်ကို ဖတ်သည်။ ရှုပ်စရာလည်း မရှိ။ ခလုတ်က တစ်ခုတည်းရှိသည်။
“စုပ်တာမဟုတ်ရင် မှုတ်ထုတ်တာလား”
မှုတ်လည်းမမှုတ်။
အသံသာအောင်ပြီး ကြောင်တောင်တောင် နိုင်လှသော ထိုစက်ကို ချွေးပြန်အောင်စမ်းကာ နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။ သွားပြန်ပေါ့ သုံးသောင်းကျော်။
“နောက်များဆိုတော်ပြီ”
တကယ်တော်ပါပြီ။ နောက်ဆို အွန်လိုင်းပေါ်က မက်လောက်အောင် ပြသည့် ဗီဒီယိုဖိုင်တွေကို မကြည့်တော့။ ကြော်ငြာဆိုလျှင် ကြော်သွားလိုက်သည်။
“ဟော တွေ့ပြန်ပါပြီ”
မကြည့်ဟုဆိုကာ မျက်စိမှိတ်ကျော်လိုက်သည့်ကြားက ကြည့်မိပြန်သည်။
“တစ်ခါအားသွင်းထားလျှင် တစ်ညလုံးသုံးနိုင်သောမီးအိမ်” တဲ့။
မီးဆိုသည့် သူပေးမှကိုယ်ရ၊ ကိုယ်ကဘာမျှ မတတ်နိုင်သည့်မျိုးက တစ်နေကုန်မလာ၊ ညလေးတစ်ချက်သာ လာချင်မှ လာနေသည့် ကာလတွင် ဝယ်သုံးရင်ကောင်းမလား။
သို့သော်ထုံးစံအတိုင်း တစ်ရက်စုတ်တိုင်းပြည်ထုတ်ဖြစ်နေပြန်သည်။ သူတို့နှင့် မကင်းနိုင်ပါလား။
“တော်ပြီ” ကျော်မည် ကြံသော်လည်း ဆက်သွယ်ရမည့်ဖုန်းကို ရှာကြည့်နေမိပြန်သည်။
တင်ညွန့်
၂၄.၄.၂၀၂၄