နှောင်

  နှောင် 


--------


“မိန်းမရေ စွပ်ကျယ် ဘယ်မှာထားလဲ”




“ဗီရိုထဲမှာ … ဒုတိယထပ်မှာ”




“မိန်းမရေ … ဘာဝတ်သွားရမှာလဲ”




“ကြိုက်တာသာ ယူဝတ်တော့ … ဒီနေ့အိပ်ရာထနောက်ကျလို့ ကလေးထမင်းချိုင့် မမီဘဲနေမယ်”




မခင်မိတစ်ယောက် ယနေ့မနက် အလုပ်များနေသည်။ ညက တစ်ညလုံးမီးမလာ။ မိုးလင်းခါနီးမှ မီးလာသဖြင့် ရေထတင်ရသေးသည်။ အိပ်ရေးမဝသေးသဖြင့် ခဏလေးလှဲလိုက်ရာ အိပ်ပျော်သွားသည်။ သူ့မှ ကလေး ကျောင်းအတွက် ထမင်းချိုင့်ပြင်ပေးရမည်။ ယောက်ျားမနက်စာစားသွားရန် ပြင်ပေးရမည်။ ၆ နာရီထိုးမှ အိပ်ရာက နိုးသဖြင့် ကမန်းကတန်း ပြေးလွှားလှုပ်ရှားနေရသည်။




“မိန်းမရေ …”




“ဘာလဲ”




“လက်ကိုင်ပဝါမတွေ့ဘူး”




“ခက်တော့တာပဲ”




မခင်မိက စိတ်ပျက်စွာဖြင့် မီးဖိုချောင်ထဲကထွက်လာပြီး အိပ်ခန်းထဲကို ဝင်လာသည်။




“ဟယ် ဘယ်လိုဖြစ်တာလဲ”




ခေါင်းဖြီးနေသော ကိုလှကြင်က နောက်ကိုလှည့်လိုက်ပြီး




“ဘာဖြစ်လို့လဲ”




“ကြည့်ပါဦး … ကြည့်ပါဦး ဗီရိုထဲက အဝတ်တွေကိုဖွထားလိုက်တာများ။ ရှင် စွပ်ကျယ်ရှာတာနဲ့ ပုဆိုး အင်္ကျီရှာတာ ဒီလောက်တောင် ဖြစ်သွားရသလား။ ဒီအဝတ်တွေကို မီးပူထိုးဖို့ ကျွန်မဘယ်လောက် အချိန်တွေ ယူထားရသလဲ။ ကိုယ်ချင်းစာစိတ် မရှိလိုက်တာရှင်”




သူက အိပ်ရာပေါ်တွင် ဖွထားသည့် ပုဆိုးနှင့် အင်္ကျီများကိုကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။




“တကယ်ဆို မိုးလင်းကတည်းက ငါဝတ်သွားရမှာတွေကို အသင့်ပြင်ထားပေးရင် ဒီလို ဖြစ်စရာ ဘာအကြောင်း ရှိသလဲ”




“ဪ … ရှင့်မှာ လိုချင်တဲ့ အဝတ်အစားလောက်ကို ဗီရိုထဲကထုတ်ဖို့တောင် အသိတရား မရှိတော့ဘူးပေါ့။ ကျွန်မနဲ့ မညားခင်က ရှင့်ကို ဘယ်သူက အသင့်ပြင်ထားပေးလို့လဲ။ လုပ်ရက်လိုက်တာရှင် … မလျှော်ရတိုင်း၊ မီးပူမထိုးရတိုင်း … လုပ်ရက်လိုက်တာ”




“နားငြီးလိုက်တာကွာ … ဒါလေးများ ပြန်ခေါက်ထည့်လိုက် ဘာဖြစ်မှာလဲ”




“ရှင်ခေါက်ထည့်လိုက်လေ … ဟယ် နောက်က ဟင်းအိုး တူးပြီနဲ့တူပါတယ်”




မခင်မိက မီးဖိုချောင်ကို ပြေးပြန်သည်။




ဟင်းအိုးတူးသည်။ မီးဖိုးခန်းထဲတွင်ဆူညံသွားသည်။




ကိုလှကြင်က အပြင်ကိုထွက်လာပြီး




“မနက်စာ မစားတော့ဘူး … အပြင်မှာပဲစားတော့မယ်” ဟုပြောကာ ထွက်သွားသည်။




မခင်မိတစ်ယောက် ဒေါသနှင့် တံခါးကို ဆောင့်ကန်လိုက်ပြီး




“သွား … သွား … ကြိုက်တဲ့နေရာမှာစား … ဟီး … ဟီး … ဟီး”




သူက မီးဖိုခန်းထဲတွင် ထိုင်ချလိုက်ပြီး တဟီးဟီးငိုတော့သည်။




“ကိုယ်ချင်းစာစိတ်ကို မရှိကြဘူး။ လူကို အိမ်မှာ ကျွန်တစ်ယောက်လိုများ ထင်နေသလား မပြောတတ်ဘူး။ မိုးလင်း မိုးချုပ် လုပ်လိုက်ရတဲ့ အိမ်မှုကိစ္စ။ တစ်ယောက်တည်း နားချိန်ကို မရှိဘူး။ သူတို့က ပြန်လာပြီး လက်ဆေးစားရတာတောင် ကိုယ်ချင်းစာစိတ် မရှိကြဘူး ဟီး … ဟီး … ဟီး”




သူက နှပ်တွေကို ထဘီနှင့်သုတ်လိုက်၊ မျက်ရည်တွေကို အင်္ကျီလက်မောင်းနှင့် သုတ်လိုက်ဖြင့် ငိုနေသည်။




“တကယ်တော့ ငါ အိမ်ထောင်ကျတာမဟုတ်ဘူး။ ထောင်ကျနေတာ။ ထောင်ကမှ လွတ်ရက်ရှိဦးမယ်။ ခုတော့ ငါ့မှာ လွတ်ရက်မရှိ ဒင်းတို့ကျွန်ခံနေရတာ။ အမေရေ … အို အမေရဲ့ … အမေပြောတာ မှန်လိုက်တာ။ အပျိုလို မနေမိလို့ ငိုမိမယ်လေးတဲ့။ မှန်လိုက်တာ အမေရေ။ အိမ်မှာဆို ကျော့နေအောင်နေရ။ ခုတော့ လာကြည့်ပါဦးလား အမေရဲ့ ဟီး … ဟီး … ဟီး”




သူကပြောလည်းပြော ငိုလည်းငိုနေသည်ကို တံခါးဝမှ သမီးလေးဖြစ်သူက ချောင်းကြည့်နေသည်။ သမီးလေးက မခေါ်ရဲ ခေါ်ရဲဖြင့်




“မေမေ” ဟုခေါ်လိုက်သည်။




“ဟယ် သမီးလေး”




“မေမေဘာဖြစ်လို့လဲ သမီးကျောင်းသွားတော့မယ်”




“ခဏလေး သမီး … ခဏလေး … မေမေ ကြက်ဥကြော်ပေးလိုက်မယ်။ ဟင်းအိုးတူးသွားလို့။ မနက်စာကို မေမေ လမ်းထိပ်မှာ လိုက်ကျွေးမယ်နော်။ ခဏလေး … မေမေ ထမင်းချိုင့်ပြင်လိုက်ဦးမယ်”




မခင်မိက မျက်ရည်တွေကိုသုတ်လိုက်ပြီး ကြက်ဥကြော်ကာ ထမင်းချိုင့်ထဲထည့်သည်။ ထို့နောက် မျက်နှာသစ်ကာ




“လာသမီးလေး” ဟု သမီးလေးလက်ကို ဆွဲလိုက်စဉ် အခန်းထဲသို့ ကိုလှကြင်က ပြန်ဝင်လာသည်။




“မိရေ”




“ဘာလဲ”




“ဒီမှာ လမ်းထိပ်က နန်းကြီးသုပ်ဝယ်လာတယ်။ သမီးလေးစားဖို့ပါ ဝယ်လာတယ်”




“စားဘူး … ရှင့်ဘာသာစား”




“ဟာကွာ မိကလည်း … ဒီမှာ သမီးလေးထမင်းချိုင့်အတွက် ကြက်ကြော်၊ ဒီမှာ နန်းကြီးသုပ် စားလိုက်ဦး”




“လာသမီး သွားမယ်”




မခင်မိက သမီးကို လက်ဆွဲသည်




“မေမေ သမီးကြက်ဥကြော် မကြိုက်ဘူး”




“လာသမီး ဖေဖေ လဲပေးမယ်”




သူက မရွှေမိလက်ထဲမှ ထမင်းချိုင့်ကိုယူလိုက်ရာ မရွှေမိက ရုန်းပြီး




“ဖယ်ပါ” ဟုပြောပြီး သူ့လက်ထဲမှ အထုပ်များပါယူကာ စားပွဲဆီကိုပြန်သွားသည်။




“မေမေ … ကျောင်းကားလာပြီ မြန်မြန်လုပ်”




“သမီး ထမင်းချိုင့်ထဲကို နန်းကြီးသုပ်ရော … ကြက်ကြော်ပါထည့်ပေးလိုက်တယ်။ ကျောင်းရောက်မှ စားတော့”




“ဟုတ်ကဲ့မေမေ”




သမီးကိုသူက တိုက်အောက်လိုက်ပို့သည်။ ထို့နောက် ပြန်တက်လာရာ တံခါးဝတွင် ကိုလှကြင်ကရပ်ပြီး အဝင်ဝကို လက်နှင့် ကာထားသည်။




“ဘာလုပ်တာလဲ ဖယ်ပါ”




“ကိုယ့်ကို စိတ်ဆိုးနေတာလား”




“ဆိုးတယ်”




“ကိုယ်တောင်းပန်ပါတယ်ကွာ”




“ရှင်တောင်းပန်တာ ဆယ်နှစ်မကတော့ဘူး”




“ဟုတ်တာပေါ့ … တောင်းပန်ဖို့ တစ်ခုလိုနေတာ”




သူက မခင်မိကိုဖက်ပြီး ပါးလေးကို ရွှတ်ခနဲနမ်းလိုက်သည်။




“အို ဘယ်လိုလုပ်လိုက်တာလဲ … အပေါက်ဝကြီးမှာ”




“ဒါဆိုအထဲဝင်လေ”




“ဖယ်ပါ”




သူက ဖယ်ပြီး အိမ်ထဲကို မခင်မိအား အဝင်ခံလိုက်သည်။




ထို့နောက် တံခါးပိတ်လိုက်သည်။




တင်ညွန့်




၁၉.၁၀.၂၀၂၅