ထာဝရတိတ်ဆိတ်ခြင်းသို့ မတိုင်မီ

 ထာဝရတိတ်ဆိတ်ခြင်းသို့ မတိုင်မီ


ကျွန်တော်ကတော့ ကျွန်တော့်သားကို "ယောက်ျားပီပီ ရင်ဆိုင်စမ်းပါ" လို့ ပြောခဲ့ပြီး အကြောင်းပြချက်တွေ ပေးမနေနဲ့လို့ ဆူပူခဲ့မိတယ်။ သူဟာ ရေနစ်နေတဲ့သူတစ်ယောက်ဆိုတာကို ကျွန်တော် သတိမထားမိခဲ့ဘူး။ သူ့အိပ်ရာကြီး ဟာလာဟင်းလင်း ဖြစ်နေပြီး သူ့အခန်းထဲက တိတ်ဆိတ်မှုဟာ ထာဝရဖြစ်သွားတဲ့ အချိန်ကျမှပဲ ကျွန်တော် အားလုံးကို နားလည်ခဲ့ရတယ်။


ကျွန်တော့်သား လီယို (Leo) ဟာ အသက် ၂၃ နှစ်ပါ။ ထိုစဉ်က ကျွန်တော့်အမြင်မှာတော့ သူဟာ ပြင်ပလောကနဲ့ အသုံးမကျတဲ့ လူရှုံးလူမွဲတစ်ယောက်လိုပါပဲ။


ကျွန်တော်က ရိုးရိုးသားသား နေထိုင်လာတဲ့သူပါ။ ကိုယ်တိုင် ချွေးထွက်အောင် အလုပ်လုပ်မှ တန်ဖိုးရှိတယ်လို့ ယူဆတဲ့ ခေတ်မှာ ကြီးပြင်းခဲ့တာ။ ကျွန်တော် အသက် ၂၄ နှစ်မှာ ဒေသခံ စက်ရုံတစ်ရုံမှာ အလုပ်လုပ်ရင်း ပထမဆုံးအိမ်ကို ဝယ်နိုင်ခဲ့တယ်။ ဟောင်းနွမ်းနေတဲ့ ထရပ်ကားတစ်စီးကို စီးတယ်၊ ကိုယ်တိုင်ပြင်တယ်၊ ဘယ်တော့မှ မညည်းညူခဲ့ဘူး။ အဲဒါက အမေရိကန်လူမျိုးတို့ရဲ့ လမ်းစဉ်ပဲ။ ကြိုးစားပမ်းစား လုပ်ကိုင်မယ်၊ အိမ်လေးတစ်လုံး ပိုင်ဆိုင်မယ်။ ရိုးရှင်းတဲ့ သင်္ချာတွက်နည်းပါပဲ။


ဒါကြောင့် လီယိုကို ကြည့်တဲ့အခါ သူရုန်းကန်နေရတာကို ကျွန်တော် မမြင်ဘဲ ပျင်းရိနေတာကိုပဲ မြင်ခဲ့တယ်။

သူ့မှာ ဘွဲ့တစ်ခုရှိပေမဲ့ ဖုန်တက်နေတယ်။ တစ်နေကုန် ဖုန်းတစ်လုံးနဲ့ အချိန်ကုန်နေပြီး အစားအသောက်ပို့တဲ့ App တွေမှာ အလုပ်လုပ်တယ်၊ ပြီးရင် နေမြင့်တဲ့အထိ အိပ်တတ်တယ်။ အိမ်အောက်ထပ်မှာ နေတယ်၊ ပွယောင်းနေတဲ့ အင်္ကျီအုပ်ထုပ်ပါတာကိုပဲ နေ့တိုင်းဝတ်တယ်၊ သူ့မျက်လုံးတွေထဲမှာ ပျင်းရိငြီးငွေ့မှုကိုပဲ ကျွန်တော် မြင်ခဲ့တယ်။


ကျွန်တော်ကတော့ သူ့ကို အမြဲ အပြစ်တင်နေခဲ့တာ။ "လောကကြီးက မင်းကို ထိုင်ကျွေးမှာ မဟုတ်ဘူး လီယို၊" လို့ ကော်ဖီခွက်ကို အရှိန်နဲ့ ချရင်း ကျွန်တော် ပြောလေ့ရှိတယ်။ "အလုပ်အကိုင် အစစ်အမှန် ရှာစမ်းပါ။ စိတ်ဓာတ်ခိုင်မာအောင် လုပ်စမ်းပါ။"

ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့တဲ့ အဲဒီအင်္ဂါနေ့ဟာလည်း ပုံမှန်အတိုင်းပါပဲ။ အလုပ်ရုံကနေ လက်မှာ ဆီတွေပေပြီး ပြန်လာခဲ့တယ်၊ တစ်နေကုန် ကြိုးစားခဲ့ရလို့ ညောင်းညာနေပေမဲ့ စိတ်ထဲမှာတော့ ကျေနပ်နေခဲ့တာ။ လီယိုက မီးဖိုချောင်မှာ အစေ့အဆန် စားစရာ (Cereal) ခွက်ကို စိုက်ကြည့်နေတယ်။ ညနေ ၆ နာရီ ရှိနေပြီ။

"မင်း အခုမှ နိုးတာလား”လို့ ကျွန်တော် ဒေါသတကြီး မေးလိုက်တယ်။

"မဟုတ်ဘူး အဖေ၊" လို့ သူက တိုးတိုးလေး ဖြေတယ်။ "အခုမှ ပြန်ရောက်တာ။ အော်ဒါအချို့ သွားပို့နေလို့။"

"အော်ဒါပို့တာ..." လို့ ကျွန်တော် လှောင်ပြုံးပြုံးလိုက်

တယ်။ 

“အဲဒါက အလုပ်အကိုင် မဟုတ်ဘူး လီယို၊ ဝါသနာပါလို့ လုပ်တာပဲ ရှိတာ။ ငါ မင်းအရွယ်တုန်းက အိမ်အရစ်ကျ ပေးနေရပြီ၊ မင်းကိုလည်း မွေးတော့မှာ။ မင်းကတော့ ကိုယ့်ကားဆီဖိုးတောင် ကိုယ်မတတ်နိုင်ဘူး။"

သူ ဇွန်းကို ချလိုက်တယ်။ သူဟာ ကျွန်တော် မှတ်မိနေတာထက် ပိုပိန်ပြီး ဖြူဖျော့နေသလိုပဲ။

"အခုက အလုပ်ရတာ ခက်တယ် အဖေ။ အတွေ့အကြုံ သုံးနှစ်မရှိရင် ဘယ်သူမှ အလုပ်မခန့်ကြဘူး။ ပြီးတော့ အိမ်ငှားခကလည်း... အခန်းကျဉ်းလေးတောင် တစ်လကို နှစ်ထောင်လောက် ပေးရတယ်။ ကျွန်တော် ဘယ်လိုမှ တွက်လို့မကိုက်ဘူး။"

"မင်း အလုပ်လုပ်ရင် တွက်လို့ကိုက်တယ်”လို့ ကျွန်တော် အော်လိုက်တယ်။ 

“စီးပွားရေးကို အပြစ်မတင်နဲ့။ စနစ်ကြီးကို အပြစ်မတင်နဲ့။ အဓိကက ဇွဲပဲ။ ၉၀ ပြည့်နှစ်တွေတုန်းက ငါ့အတွက် လွယ်ခဲ့တယ် ထင်လား။ငါတို့မှာ မင်းတို့လို ခိုနားရာနေရာတွေ မရှိဘူး။ ငါတို့ကတော့ အောင်မြင်အောင် လုပ်ခဲ့တာပဲ။"


လီယိုက ကျွန်တော့်ကို မော့ကြည့်တယ်။ သူ့မျက်လုံးတွေက အရမ်းလေးလံနေတယ်။ အိပ်ချင်နေတာ မဟုတ်ဘူး၊ တစ်ခုခုကို ထမ်းထားရသလို လေးလံနေတာ။

"ကျွန်တော် ကြိုးစားနေပါတယ် အဖေ။ တကယ် ကြိုးစားနေတာပါ။ ဒါပေမဲ့ ကျွန်တော်... အရမ်း ပင်ပန်းနေပြီ။"

ကျွန်တော် မျက်လုံးလှန်ပြလိုက်မိတယ်။ တကယ့်ကို အထင်သေးစွာနဲ့ မျက်လုံးလှန်ပြခဲ့တာပါ။

"ပင်ပန်းတယ်။ဘာလုပ်လို့လဲ။ကားထဲမှာ ထိုင်နေလို့လား။ဖုန်းကစားနေလို့လား။ငါ တစ်နေကုန် ၁၀ နာရီလောက် မတ်တပ်ရပ်ခဲ့ရတာ။ ငါကမှ ပင်ပန်းတာ။ မင်းကတော့ စိတ်ဓာတ်မရှိတာပဲ။ အားလုံးက မင်းလက်ထဲ အဆင်သင့် ရောက်နေတာပဲ ။မီးရှိတယ်၊ အစားအစာရှိတယ်၊ အိမ်ရှိတယ်။ဒါကို မင်းက လောကကြီးတစ်ခုလုံးကို ထမ်းထားရသလို လုပ်မနေနဲ့။"

မီးဖိုချောင်ထဲ တိတ်ဆိတ်သွားတယ်။ ရေခဲသေတ္တာရဲ့ တုန်ခါသံပဲ ကြားရတော့တယ်။ တီဗီသတင်းကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုအကြောင်း ပြောနေပေမဲ့ ကျွန်တော် နားမထောင်ဘူး။ ကျွန်တော်ကတော့ သူ့ဆီက ပြန်အော်တာ၊ ပြန်ငြင်းတာ၊ တစ်ခုခု တုံ့ပြန်တာကိုပဲ စောင့်နေခဲ့တာ။

ဒါပေမဲ့ သူက ခေါင်းပဲ ငြိမ့်ပြလိုက်တယ်။

"အဖေ ပြောတာ မှန်ပါတယ်၊" လို့ သူက တိုးတိုးလေး ပြောတယ်။ "အဖေ့အရွယ်တုန်းက အဖေ ဖြစ်ခဲ့သလိုမျိုး ကျွန်တော် မဖြစ်နိုင်တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်အတွက် သင်္ချာက တွက်လို့မကိုက်တဲ့အတွက် တောင်းပန်ပါတယ်။"

သူ ထရပ်လိုက်ပြီး ကျွန်တော့်ဆီ လာခဲ့တယ်။ သူ အသက် ၁၀ နှစ်သားကတည်းက မလုပ်တော့တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်။ သူ ကျွန်တော့်ကို ဖက်လိုက်တယ်။ အားပါတဲ့ ဖက်ခြင်းမျိုး မဟုတ်ဘဲ ကျွန်တော့်ပခုံးပေါ်ကို သူ့ကိုယ်အလေးချိန်ကြီး မှီချလိုက်သလိုမျိုးပဲ။

"ကျွန်တော် အဖေ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ပါဘူး။ ကတိပေးပါတယ်။ သွားအိပ်တော့နော် အဖေ။"

ကျွန်တော်ကတော့ ငါနိုင်ပြီဆိုတဲ့ စိတ်နဲ့ အဲဒီမှာ ရပ်နေခဲ့တယ်။ 

“နောက်ဆုံးတော့ ငါ သူ့ကို နားဝင်အောင် ပြောနိုင်ခဲ့ပြီ" လို့ တွေးနေခဲ့တာ။ ဒီခေတ်ကလေးတွေက ဒီလို ပြတ်ပြတ်သားသား ပြောမှ ဖြစ်မှာလို့ ထင်နေခဲ့တာ။

အဲဒီညက ကျွန်တော်ဟာ ဖခင်ကောင်းတစ်ယောက်ဆိုတဲ့ စိတ်နဲ့ အိပ်ရာဝင်ခဲ့တယ်။

နောက်တစ်နေ့မနက်မှာတော့ အိမ်ကြီးက တိတ်ဆိတ်နေတယ်။ အရမ်းကို တိတ်ဆိတ်နေတာ။

မနက် ၆ နာရီခွဲမှာ ကျွန်တော် သူ့ကို သွားနှိုးတယ်။ ဒီနေ့ သူ့ကို အလုပ်အစစ်အမှန်တွေ ရှာခိုင်းရမယ်၊ ကျွန်တော်ကိုယ်တိုင် လိုက်ပို့မယ်လို့ စိတ်ကူးထားတာ။

"လီယို။ ထတော့ဟေ့”လို့ အိမ်အောက်ထပ် တံခါးကို ခေါက်ရင်း အော်လိုက်တယ်။

ဘာသံမှ ပြန်မကြားရဘူး။

တံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့...

အခန်းက သန့်ရှင်းသပ်ရပ်နေတယ်။ အဝတ်စုတ်တွေ မရှိတော့ဘူး။ ပြတင်းပေါက် လိုက်ကာတွေ ပွင့်နေတယ်။ အိပ်ရာကိုလည်း စစ်သားတစ်ယောက်လို သေသေသပ်သပ် ခင်းထားတယ်။

ပြီးတော့ ခေါင်းအုံးပေါ်မှာ သူ့ဖုန်းနဲ့ ခေါက်ထားတဲ့ စာရွက်လေးတစ်ရွက် ရှိနေတယ်။

ကျွန်တော့် ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့တယ်။

"လီယို”

အိမ်သာထဲ ကြည့်တယ်၊ မရှိဘူး။ နောက်ဖေးမှာ ကြည့်တယ်၊ မရှိဘူး။ ကားဂိုဒေါင်ထဲမှာ...

ကျွန်တော့်ရဲ့ ထရပ်ကားဟောင်းကြီး မရှိတော့ဘူး။

အခန်းထဲ ပြန်ပြေးဝင်ပြီး စာကို ယူလိုက်တယ်။ ကျွန်တော့်လက်တွေ တုန်နေလို့ စာရွက်တောင် ပြဲတော့မလိုပဲ။

အဖေ၊

ကျွန်တော်က ပျင်းရိတယ်၊ အားနည်းတယ်လို့ အဖေ ထင်နေတာ ကျွန်တော် သိပါတယ်။ ကျွန်တော်လည်း အဖေ့လို လူမျိုး ဖြစ်ချင်ခဲ့တာပါ။ တကယ် ဖြစ်ချင်ခဲ့တာပါ။

ဒါပေမဲ့ အဖေတက်ခဲ့တဲ့ တောင်ကြီးမှာ အခု လမ်းမရှိတော့ဘူး အဖေ။ ဒီနှစ်ထဲမှာ ကျွန်တော် အလုပ်ပေါင်း ၄၀၀ ကျော်ကို လျှောက်ခဲ့တယ်။ အဖေ့ကို ရှက်လို့ မပြောခဲ့တာ။ အဲဒီ Delivery အလုပ်ကို တစ်နေ့ ၁၄ နာရီလောက် လုပ်ခဲ့ရတာက ကျောင်းတက်တုန်းက ချေးထားတဲ့ ချေးငွေရဲ့ အတိုးကို ပေးနိုင်ဖို့ပဲ ရှိတာ၊ အရင်းကို မထိနိုင်သေးဘူး။

အဖေက ကျွန်တော့်ကို ငွေစုဖို့ ပြောတယ်။ ကျွန်တော် ကြိုးစားပါတယ်။ ဒါပေမဲ့ အိမ်ငှားခက အဖေပေးခဲ့ရတာထက် နှစ်ဆဖြစ်နေပြီး လုပ်ခလစာကတော့ ထက်ဝက်ပဲ ရှိတဲ့အခါ ငွေစုတယ်ဆိုတာ အောက်ခြေပေါက်နေတဲ့ ပုံးထဲကို ရေဖြည့်နေရသလိုပဲ အဖေ။

ကျွန်တော့်ရဲ့ ကျန်းမာရေးအာမခံ ပြတ်သွားလို့၊ အဖေ့ဆီကလည်း ငွေထပ်မတောင်းချင်တော့လို့ ဆေးသောက်တာကို ရပ်လိုက်တာ သုံးပတ်ရှိပြီ။ အဲဒါကြောင့် ကျွန်တော် "ပင်ပန်း" နေတာပါ။ ကျွန်တော့်ဦးနှောက်က ကျွန်တော့်ကို အော်ဟစ်နေတာ၊ အဲဒီအသံကို လျှော့ချဖို့ ခလုတ် ကျွန်တော့်မှာ မရှိတော့ဘူး။

အဖေ ပြောတာ မှန်ပါတယ်။ လောကကြီးက သန်မာတဲ့သူတွေအတွက်ပါ။ ကျွန်တော့်မှာတော့ တိုက်ပွဲဝင်ဖို့ အင်အား မရှိတော့ဘူး။

ကျွန်တော် ကားကိုယူပြီး တံတားဟောင်းဆီ သွားနေပြီ။ တောင်းပန်ပါတယ် အဖေ။ အဖေ ကျွန်တော့်အတွက် ဘာမှ ထပ်ပေးနေရတော့မှာ မဟုတ်ပါဘူး။

ချစ်ခြင်းဖြင့်၊

လီယို

ကျွန်တော့်လည်ချောင်းထဲက ထွက်လာတဲ့ အော်ဟစ်သံဟာ လူသံနဲ့တောင် မတူတော့ဘူး။ ထောင်ချောက်ထဲ မိနေတဲ့ သတ္တဝါတစ်ကောင်ရဲ့ အသံလိုပဲ။

ကျွန်တော် 911 ကို ဖုန်းဆက်တယ်၊ တံတားဆီကို အရူးတစ်ယောက်လို မောင်းသွားခဲ့တယ်။

မြစ်ကို မမြင်ရခင်မှာတင် ရဲကားမီးတွေကို အရင်မြင်လိုက်ရတယ်။

ထရပ်ကားကို မတင်နေတဲ့ ကရိန်းကားကို မြင်ရတယ်။ ကျွန်တော် ဂုဏ်ယူစွာနဲ့ ပြင်ခဲ့တဲ့ ကျွန်တော့်ကားကြီးဟာ ရွှံ့တွေ၊ ရေမှော်တွေနဲ့အတူ ရေထဲကနေ တက်လာတယ်။

ကျွန်တော် လမ်းမပေါ်မှာတင် လဲကျသွားခဲ့တယ်။ ကျွန်တော့်ကို လာထူတဲ့ ရဲအရာရှိက ကျွန်တော့်အရွယ်လောက်ပဲ။ သူက "အဆင်ပြေသွားမှာပါ" လို့ မပြောဘူး။ ကျွန်တော် တစ်စစီ ကြေကွဲနေချိန်မှာ သူက ကျွန်တော့်ကို ဖက်ထားပေးရုံပဲ တတ်နိုင်ခဲ့တယ်။

###

အခုဆို ခြောက်လ ရှိသွားပြီ။

လူတွေက ပြောကြတယ် "ဂျက်... ဒါ မင်းအပြစ် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျတာက တိတ်ဆိတ်တဲ့ လူသတ်သမားပဲ" တဲ့။ ဟုတ်ပါတယ်၊ ဒါဟာ ရောဂါတစ်ခုပါ။

ဒါပေမဲ့ ကျွန်တော် သင်္ချာကိုပဲ ပြန်တွက်နေမိတယ်။

သူ့ဖုန်းမှတ်တမ်းတွေကို နောက်ပိုင်းမှာ ကျွန်တော် ပြန်ကြည့်မိတယ်။ သူ လိမ်မပြောခဲ့ဘူး။ သူ အလုပ်ပေါင်း ရာနဲ့ချီ လျှောက်ခဲ့တယ်။ သူဟာ ကျွန်တော် အိပ်နေချိန်မှာ အလုပ်လုပ်နေခဲ့တာ။ ကျွန်တော်ကတော့ အတိတ်က အကောင်းတွေကိုပဲ ကြည့်နေပြီး သူ တိုက်ပွဲဝင်နေရတာကို မမြင်ချင်ဟန် ဆောင်ခဲ့တယ်။

ကျွန်တော်ဟာ ၁၉၉၀ ပြည့်နှစ်က ပေတံနဲ့ သူ့ရဲ့ အောင်မြင်မှုကို တိုင်းတာခဲ့ပြီး သူ အဲဒီပေတံအတိုင်း မမီတဲ့အခါ အဲဒီပေတံနဲ့ပဲ သူ့ကို ရိုက်နှက်ခဲ့မိတာပါ။

ကျွန်တော်တို့ ကလေးတွေကို ပြောကြတယ် "ငါ မင်းအရွယ်တုန်းက အိမ်ရှိတယ်၊ ကားရှိတယ်" ဆိုပြီးတော့။ အဲဒီတုန်းက အိမ်တစ်လုံးရဲ့ တန်ဖိုးဟာ နှစ်နှစ်စာ လစာပဲ ရှိခဲ့ပြီး အခုလို အနှစ်နှစ်ဆယ်စာ မဟုတ်ခဲ့တာကို ကျွန်တော်တို့ မေ့နေကြတယ်။ ကျွန်တော်တို့မှာ အလုပ်အကိုင် အာမခံချက်တွေ ရှိခဲ့တာကို မေ့နေကြတယ်။ ကျွန်တော်တို့မှာ မျှော်လင့်ချက် ရှိခဲ့တာကို မေ့နေကြတယ်။

လီယိုက ဇွဲရှိဖို့ ဆုံးမစာတွေ လိုအပ်ခဲ့တာ မဟုတ်ဘူး။ သူ လိုအပ်ခဲ့တာက "ပင်ပန်းတယ်" လို့ ပြောတဲ့အခါ "အိပ်ချင်တယ်" လို့ ဆိုလိုတာ မဟုတ်ဘဲ "လောကကြီးမှာ ဆက်နေဖို့ အကြောင်းပြချက်တွေ ကုန်ဆုံးနေပြီ" လို့ ဆိုလိုတာကို နားလည်ပေးမယ့် အဖေတစ်ယောက်ကိုပဲ လိုအပ်ခဲ့တာပါ။

တနင်္ဂနွေနေ့တိုင်း သူ့ဂူဆီ ကျွန်တော် သွားတယ်။ ကားအကြောင်းတွေ ပြောပြတယ်၊ တောင်းပန်တယ်လို့ ပြောတယ်။

ဒါပေမဲ့ သူ မကြားနိုင်တော့ဘူး။

အခု လောကကြီးမှာ လီယိုလို ကလေးတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ထက် ပိုကြိုးစားနေရပေမဲ့ ရလဒ်က ထက်ဝက်ပဲ ရနေတဲ့၊ ပျက်စီးနေတဲ့ စီးပွားရေးနဲ့ အထီးကျန်မှုတွေကို ထမ်းထားရတဲ့ လူငယ်တွေပါ။

တကယ်လို့ သင့်ကလေးက ပင်ပန်းတယ်လို့ ပြောလာရင်... သူတို့ ရှေ့မဆက်နိုင်သလို ဖြစ်နေရင်... အတောင်ပံတွေ ကျိုးနေတဲ့ လောကကြီးမှာ ရုန်းကန်နေရရင်...

ကျေးဇူးပြုပြီး သူတို့ကို အပြစ်မတင်ပါနဲ့။ "ငါတို့ခေတ်တုန်းကတော့" ဆိုတဲ့ စကားတွေကို အမှိုက်ပုံးထဲ ထည့်လိုက်ပါ။

"ယောက်ျားပီပီ ရင်ဆိုင်ပါ" လို့ မပြောပါနဲ့။ "အဖေ မင်းဘေးမှာ ရှိတယ်" လို့ပဲ ပြောပေးပါ။ သူတို့ရဲ့ တန်ဖိုးဟာ သူတို့ရတဲ့ လစာ ဒါမှမဟုတ် ပိုင်ဆိုင်မှုမှာ မဟုတ်ဘူးဆိုတာကို ပြောပြပေးပါ။

ကျွန်တော့်သား အဲဒီဆိုဖာပေါ်မှာ "ပျင်းရိစွာ" အိပ်နေတာကို နောက်တစ်ကြိမ် ပြန်မြင်ရဖို့ဆိုရင် ကျွန်တော့်အိမ်၊ ကျွန်တော့်ပင်စင်၊ ကျွန်တော့်ရဲ့ မာန်မာန အားလုံးကို လဲပစ်ဖို့ အဆင်သင့်ပါပဲ။

"ပြီးပြည့်စုံတဲ့" သေဆုံးသွားတဲ့ သားတစ်ယောက်ဆိုတာ နောင်တကလွဲလို့ ဘာမှ မဟုတ်ပါဘူး။

တိတ်ဆိတ်မှုဟာ ထာဝရ မဖြစ်သွားခင်မှာ အဲဒီတိတ်ဆိတ်မှုကို နားထောင်ပေးကြပါခင်ဗျာ။


#ဟမ်စိုင်း(ဆေး-မန်း) 

ဘာသာပြန်

Life Stories