အခမဲ့ပေးလှူခြင်း(စ/ဆုံး)

 အခမဲ့ပေးလှူခြင်း(စ/ဆုံး)


—————-

အမှန်အတိုင်းပြောရရင်… အဲ့ဒီပါဆယ်ဗူးကို မဖွင့်ကြည့်ဘဲ အမှိုက်ပုံးထဲ လွှင့်ပစ်မိတော့မလို့ပါ။

အိမ်ရှေ့ဝရန်တာမှာ ချထားတဲ့ အဲ့ဒီဗူးဟာ အညိုရောင်စက္ကူအဟောင်းတွေနဲ့ ပတ်ထားပြီး၊ တိပ်တွေနဲ့လည်း အထပ်ထပ် ချည်နှောင်ထားတာကြောင့် ကြည့်ရတာ သိပ္ပံပရောဂျက်တစ်ခုနဲ့တောင် တူနေတယ်။ ပို့သူလိပ်စာလည်း မပါဘူး၊ ကျွန်မ မသိတဲ့ နာမည်တစ်ခုကို ခဲတံနဲ့ ခပ်စောင်းစောင်း ရေးထားတာပဲ ရှိတယ်။ ပါဆယ်ခိုးသူတွေ၊ လိမ်လည်သူတွေ ပေါနေတဲ့ ဒီခေတ်ကြီးမှာ ကျွန်မကတော့ သတိကြီးကြီးနဲ့ ခုခံစိတ် မွေးထားမိတာပေါ့။

ဒါပေမဲ့ ဗူးရဲ့ အလေးချိန်က ကျွန်မကို တားလိုက်သလိုပါပဲ။ ပေါ့တော့ပေါ့တယ်၊ ဒါပေမဲ့ အထဲမှာ တစ်ခုခု လှုပ်နေတဲ့ အသံလေး သဲ့သဲ့ကြားရတယ်။ စပ်စုချင်စိတ်က စိုးရိမ်စိတ်ကို အနိုင်ရသွားတာနဲ့ ဗူးကို မီးဖိုချောင်ထဲ ယူလာပြီး ကတ်ကြေးနဲ့ ဖြတ်လိုက်ပါတယ်။

ဗူးထဲမှာ ဘေးအန္တရာယ်တစ်ခုမှ မပါဝင်ပါဘူး။ အမှိုက်တွေလည်း မဟုတ်ခဲ့ဘူး။

တွေ့လိုက်ရတာကတော့ ကလေးလက်ရေးနဲ့ ဆွဲထားတဲ့ ပုံလေးတွေ၊ အိမ်မှာကိုယ်တိုင်လုပ်ထားတဲ့ စတော်ဘယ်ရီယိုတစ်ဘူး… ပြီးတော့ ကျွန်မရဲ့ နှလုံးသားကို အပိုင်းပိုင်းအစစ ဖြစ်သွားစေတဲ့ စာတစ်စောင်ပါ။


####

ဒါကို နားလည်ဖို့ဆိုရင် ကျွန်မ ရှင်တို့ကို လွန်ခဲ့တဲ့ တစ်နှစ်အတိဆီ ပြန်ခေါ်သွားရပါလိမ့်မယ်။

အဲ့ဒီတုန်းက ရာသီဥတုအကူးအပြောင်းမှာ မိခင်တိုင်း လုပ်လေ့ရှိသလိုပဲ ကျွန်မလည်း အဝတ်အစားတွေ ရှင်းလင်းနေတာပေါ့။ ကျွန်မဆီမှာ ကလေးအဝတ်အစားတွေ အပုံလိုက် ရှိနေတယ်။ ဆောင်းတွင်းဝတ် အနွေးထည်လေးတွေ၊ ဘောင်းဘီလေးတွေ၊ တစ်ခါပဲ ဝတ်ရသေးတဲ့ ပွဲတက်ဂါဝန်လေးတွေပေါ့။ ကျွန်မက အဲ့ဒါတွေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းက “အခမဲ့ပေးလှူခြင်း” (Buy Nothing) Facebook ဂရုတစ်ခုထဲမှာ တင်လိုက်တယ်။

“အဝတ်အစား လိုအပ်သူများအတွက် အခမဲ့ပေးပါမည်။ အသက် ၃ နှစ်အရွယ် ဆိုဒ်ပါ။ အိမ်မှာ ကိုယ်တိုင်လာယူပေးရပါမယ်။”

ကျွန်မရဲ့ Inbox ထဲမှာတော့ ပုံမှန်အတိုင်းပဲ “ရှိသေးလား?”၊ “သောကြာနေ့အထိ ချန်ထားပေးလို့ ရမလား”ဆိုတဲ့ မက်ဆေ့ချ်တွေ ပြည့်သွားတာပေါ့။

အဲ့ဒီထဲမှာ မက်ဆေ့ချ်တစ်ခုက ထူးထူးခြားခြား ဖြစ်နေတယ်။ အရမ်းယဉ်ကျေးပြီး အားနာနေတဲ့ပုံစံပဲ။ မာရီယာ လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဆီကပါ။ သူမက အရမ်းခက်ခဲတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ရေးထားတယ်။ သူမ ခင်ပွန်း အလုပ်ထုတ်ခံရလို့ ဘေလ်တွေကလည်း တက်နေပြီ၊ ဆောင်းတွင်းကလည်း ရောက်တော့မယ်။ သူမရဲ့ ကားက ပျက်နေလို့ သူမဆီကို ပါဆယ်နဲ့ ပို့ပေးနိုင်မလားလို့ အားနာနာနဲ့ မေးထားရှာတယ်။ သူမက တခြားပြည်နယ်မှာ နေတာလေ။

ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုက ဘာလဲသိလား။အမှန်အတိုင်းပြောရရင် စိတ်ပျက်သွားတာပါ။

“ငါလည်း အလုပ်ရှုပ်နေတာပဲ။ ဆီစျေးကလည်း တက်နေတာ။ စာတိုက်သွားပို့ဖို့ဆိုတာလည်း အလုပ်တစ်ခုပဲ။ အလကားပေးတာတောင်မှ ဘာလို့ ငါက စာတိုက်အထိ သွားပို့ပြီး ပို့ခပါ စိုက်ပေးရမှာလဲ” လို့ တွေးမိတယ်။

ဒါနဲ့ပဲ “မရဘူးရှင်၊ အိမ်မှာလာယူမှ ပေးမယ်” လို့ ယဉ်ယဉ်ကျေးကျေး ငြင်းဖို့ စာရိုက်လိုက်တယ်။

ဒါပေမဲ့ ပေးပို့ (Send) ဆိုတဲ့ ခလုတ်ပေါ် ကျွန်မ လက်မလေး တုံ့ဆိုင်းနေခဲ့တယ်။ အဝတ်အစားပုံတွေကို ကြည့်လိုက်တယ်၊ ပြီးတော့ ကျွန်မရဲ့ နွေးထွေးတဲ့ အိမ်လေးကို ကြည့်လိုက်တယ်။ နောက်အပတ်ဆိုရင် ရာသီဥတုက အရမ်းအေးတော့မယ်ဆိုတဲ့ သတင်းကိုလည်း သတိရသွားတယ်။

“တကယ်လို့ သူမ ပြောတာ မှန်နေရင်ကော”

ကျွန်မ ရိုက်ထားတဲ့ စာကို ပြန်ဖျက်လိုက်တယ်။

Amazon ဗူးအဟောင်းတစ်ဗူးထဲကို အဝတ်အစားတွေ အပြည့်ထည့်လိုက်တယ်။ အနွေးခြေအိတ်တွေ၊ မရောင်းရသေးတဲ့ အနွေးထည်အထူကြီးနဲ့ ဦးထုပ်ပါ ထည့်လိုက်တယ်။ ထမင်းစားနားချိန်မှာ စာတိုက်ကိုသွားပြီး မိနစ်နှစ်ဆယ်လောက် တန်းစီခဲ့ရတယ်။ ပို့ခက ၂၂ ဒေါ်လာ ကျပါတယ်။ အိမ်ပြန်ရောက်တော့ ပိုက်ဆံအိတ်ထဲက ၂၂ ဒေါ်လာ လျော့သွားတာကို နှမြောသလိုလို၊ ကားပိတ်တာကိုလည်း စိတ်တိုသလိုလိုနဲ့ ညစာစားပြီးတော့ အဲ့ဒီအကြောင်းကို လုံးဝ မေ့သွားခဲ့ပါတယ်။

အခု တစ်နှစ်အကြာမှာတော့… ကျွန်မ မီးဖိုချောင်ထဲမှာ ရပ်ရင်း ယိုဘူးလေးကို ကိုင်ပြီး အဲ့ဒီဗူးစုတ်လေးထဲက လက်ရေးနဲ့ ရေးထားတဲ့ စာကို ဖတ်နေမိတယ်။

စာသားတွေက လိုင်းသားစာအုပ်ပေါ်မှာ တုန်ရီနေတဲ့ လက်ရေးနဲ့…


“လေးစားအပ်ပါသော အမျိုးသမီးရှင်…


ကျွန်မကို မှတ်မိဦးမလားတော့ မသိပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်မသမီးလေး ဆိုဖီယာအတွက် အဝတ်အစားဗူး ပို့ပေးခဲ့တဲ့သူပါ။ အဲ့ဒီအချိန်က ကျွန်မတို့ဘဝရဲ့ အမှောင်ဆုံး အချိန်တွေပေါ့။ အဲ့ဒီအပတ်မှာပဲ အိမ်က အပူပေးစက် (Heater) ဖြတ်ခံလိုက်ရတယ်။ ကျွန်မတို့ဘဝဟာ လောကကြီးမှာ အပယ်ခံထားရသလိုပဲ။

ရှင် ပို့ပေးတဲ့ ပါဆယ်ရောက်လာတော့ ခရစ္စမတ်လက်ဆောင် ရသလိုပါပဲ။ ဆိုဖီယာက အဲ့ဒီ ပန်းရောင်အနွေးထည်လေးကို ဝတ်ပြီး ဧည့်ခန်းထဲမှာ ကခုန်နေတာ။ အိမ်ထဲမှာ အရမ်းအေးလွန်းလို့ ပထမဆုံးညမှာ အဲ့ဒီအင်္ကျီကြီးဝတ်ပြီး အိပ်ခဲ့တာလေ။ လနဲ့ချီပြီး မမြင်ရတော့တဲ့ သူမရဲ့ အပြုံးကို အဲ့ဒီတော့မှ ပြန်မြင်ရတာ။


အခုတော့ အခြေအနေတွေ ကောင်းလာပါပြီ။ ခင်ပွန်းဖြစ်သူလည်း အလုပ်ပြန်ရပြီ။ အပူပေးစက်လည်း ပြန်ရှိပြီ။ ကျွန်မတို့ အကြွေးတွေလည်း ပြန်ဆပ်နိုင်နေပြီ။ ရှင့်ကို ကျေးဇူးတင်စကားပြောဖို့ တစ်ခုခု ပို့ပေးချင်လို့ပါ။ ဒီစတော်ဘယ်ရီတွေကို ကျွန်မတို့ကိုယ်တိုင် ခြံထဲမှာ သွားခူးထားတာပါ။ ဆိုဖီယာက ပုံလေးတွေ ဆွဲပေးထားတယ်။ ‘ဒါက သမီးကို နွေးထွေးအောင် လုပ်ပေးတဲ့ အန်တီလေးအတွက်’ လို့ ပြောရှာတယ်။

ဒီယိုလေးကို မြည်းစမ်းရင်း ရှင့်ရဲ့ စေတနာက ကျွန်မတို့ကို ကယ်တင်ခဲ့တယ်ဆိုတာ သိပေးပါရှင်။”


ကျွန်မ စာကို ချလိုက်မိတယ်။ မျက်ရည်တွေက ထိန်းမရအောင် ကျလာပါတော့တယ်။

ပုံလေးတွေကို ကြည့်လိုက်မိတယ်။ ပန်းရောင်အင်္ကျီကြီး ဝတ်ထားတဲ့ အရုပ်ပုံလေး၊ အဝါရောင် နေမင်းကြီး၊ ပြီးတော့ မီးခိုးတွေ ထွက်နေတဲ့ အိမ်လေးတစ်လုံး။ စာတိုက်မှာ တန်းစီရလို့ စိတ်တိုခဲ့တာတွေ၊ ၂၂ ဒေါ်လာကို နှမြောခဲ့တာတွေကို သတိရပြီး ကျွန်မ ရှက်မိသွားတယ်။ ပြီးတော့ ရင်ထဲမှာ ပြောမပြတတ်အောင် နက်ရှိုင်းတဲ့ ကျေးဇူးတင်စိတ်တွေ လွှမ်းမိုးသွားတယ်။

ကျွန်မ မာရီယာကို Facebook မှာ ပြန်ရှာပြီး မက်ဆေ့ချ် ပို့လိုက်တယ်။

“ပါဆယ်ရပါပြီ။ ဒါဟာ ကျွန်မအတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ရှင် မသိနိုင်ပါဘူး။”

သူမက ချက်ချင်းပြန်စာပို့တယ်။ “ဝမ်းသာလိုက်တာရှင်! ဆိုဖီယာက အန်တီလေး ယိုဘူး ရပြီလားလို့ နေ့တိုင်း မေးနေတာ။”

အဲ့ဒါဟာ ကျွန်မဘဝရဲ့ မထင်မှတ်ထားဆုံး သံယောဇဉ်တစ်ခုရဲ့ အစပြုခြင်းပါပဲ။

ကျွန်မတို့ ဖုန်းစာတိုလေးတွေ ပို့ဖြစ်ကြတယ်။ အစကတော့ ရိုးရိုးလေးပဲ၊ နောက်ပိုင်းတော့ ဘဝအကြောင်းတွေ ပြောဖြစ်လာတယ်။ သတင်းတွေမှာ မတွေ့ရတဲ့ အခြေခံလူတန်းစားတွေရဲ့ ရုန်းကန်ရမှုတွေကို သူမက ပြောပြတယ်။ ကျောင်းပိတ်ချိန် ကလေးထိန်းဖို့ ခက်ခဲတာတွေ၊ ကားဆီက အသံဆန်းတစ်ခုကြားရရင် ထိတ်လန့်ရတာတွေ၊ ခရက်ဒစ်ကတ်ကြွေး ဆပ်နိုင်သွားတဲ့အခါ ဝမ်းသာရတာတွေ…။

ကျွန်မကလည်း ကျွန်မရဲ့ အထီးကျန်မှုတွေ၊ အလုပ်ခွင်က ဖိအားတွေနဲ့ ဘဝကို စက်ရုပ်တစ်ရုပ်လို ရှင်သန်နေရတာတွေကို ပြန်ပြောပြဖြစ်တယ်။ ကျွန်မတို့ဟာ လုံးဝခြားနားတဲ့ ဘဝနောက်ခံတွေက လာတဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်ပေမဲ့ စာတိုက်ရဲ့ Tracking နံပါတ်တစ်ခုနဲ့ ဆောင်းတွင်းအနွေးထည်လေး တစ်ထည်က ကျွန်မတို့ကို ချိတ်ဆက်ပေးခဲ့တယ်။

ပြီးခဲ့တဲ့ နွေဦးက သူမတို့မြို့နားကို ကျွန်မ အလုပ်ကိစ္စနဲ့ သွားစရာ ရှိလာတယ်။ ဒါနဲ့ ဆုံကြဖို့ ချိန်းလိုက်တယ်။

ကျွန်မ စားသောက်ဆိုင်လေးတစ်ခုထဲမှာ ထိုင်ရင်း ရင်တွေ ခုန်နေမိတယ်။ တွေ့ရင် အဆင်ပြေပါ့မလားလို့ပေါ့။ အဲ့ဒီအချိန်မှာ တံခါးပွင့်လာတယ်။ သန့်သန့်ပြန့်ပြန့်ရှိပေမဲ့ ဟောင်းနွမ်းနေတဲ့ ယူနီဖောင်းကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်၊ မျက်လုံးညိုညိုလေးနဲ့ ကောင်မလေးတစ်ယောက်ရဲ့ လက်ကို ဆွဲပြီး ဝင်လာတယ်။

“ဆာရာ လား”လို့ သူမက မေးတယ်။

ကျွန်မတို့ လက်ဆွဲမနှုတ်ဆက်ဖြစ်ဘူး။ အဲ့ဒီအစား ဆိုင်အလယ်မှာပဲ ဖက်လိုက်မိကြတယ်။ ဆိုဖီယာလေးက ကျွန်မကို ဝက်ဝံရုပ်လေး ကမ်းပေးတယ်။

“ဒါ အန်တီလေးအတွက်” လို့ သူမက တိုးတိုးလေး ပြောတယ်။

ကျွန်မတို့ နှစ်နာရီလောက် ထိုင်စကားပြောဖြစ်တယ်။ ကော်ဖီသောက်တယ်၊ မုန့်စားတယ်။ ခင်ပွန်းတွေအကြောင်း ပြောပြီး ရယ်ကြတယ်။ ကုန်စျေးနှုန်းကြီးတာကို ညည်းကြတယ်။ ဓာတ်ပုံတွေ ပြကြတယ်။ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေတဲ့ သူတို့ကို ကြည့်ရင်း ကျွန်မ တစ်ခုကို နက်နက်ရှိုင်းရှိုင်း သတိထားမိလိုက်တယ်။

လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်မသာ ကိုယ့်ရဲ့ အဆင်ပြေမှုကိုပဲ ကြည့်ပြီး သူမရဲ့ လိုအပ်ချက်ကို လျစ်လျူရှုခဲ့ရင်… ကျွန်မရဲ့ အဆိုးမြင်စိတ်က လူသားဆန်မှုကို ပိတ်ပင်ခဲ့ရင်… အဲ့ဒီဗူးကို ကျွန်မ မပို့ခဲ့ရင် ၂၂ ဒေါ်လာနဲ့ အချိန် မိနစ်နှစ်ဆယ် သက်သာသွားလိမ့်မယ်။ ဒါပေမဲ့ ကျွန်မ ဒီလိုအဖိုးတန်တဲ့အရာတွေကို ဆုံးရှုံးသွားမှာပါ။

ကျွန်မတို့ အားလုံးဟာ ကံမကောင်းတဲ့ လအနည်းငယ်အတွင်းမှာ အကူအညီ လိုအပ်တဲ့သူ ဖြစ်သွားနိုင်သလို၊ စေတနာစကားလေး တစ်ခွန်း၊ အကူအညီလေး တစ်ခုကနေ တစ်စုံတစ်ယောက်အတွက် သူရဲကောင်း ဖြစ်သွားနိုင်တယ်ဆိုတဲ့ အသိကို ကျွန်မ ရလိုက်တယ်။

အဲ့ဒီနေ့က အိမ်ပြန်လာတဲ့အခါ ကျွန်မ ရင်ထဲမှာ အရင်ကထက် ပေါ့ပါးနေခဲ့တယ်။ လောကကြီးက အခုချိန်မှာ အရမ်းလေးလံနေတယ်။ အင်တာနက်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်နေကြတယ်၊ အားလုံးက စိတ်တိုနေကြတယ်၊ အရာရာက စျေးကြီးနေတယ်။

ဒါပေမဲ့ ကျွန်မရဲ့ မီးဖိုချောင် ကောင်တာပေါ်မှာတော့ စတော်ဘယ်ရီယိုဘူးလေး တစ်ဘူး ရှိနေတယ်။ အဲ့ဒါကို ကြည့်မိတိုင်း ကျွန်မ သတိရနေမှာက

ကျွန်မတို့ဟာ ထင်သလောက် ကွဲပြားနေကြတာ မဟုတ်ပါဘူး။ ကျွန်မတို့ တစ်ယောက်တည်း မဟုတ်ပါဘူး။ ပြီးတော့ တစ်ခါတလေမှာ သင်လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာက စာတိုက်မှာ မိနစ်နှစ်ဆယ်လောက် တန်းစီပေးလိုက်ဖို့ပါပဲ။

ကိုယ် မြင်ချင်တဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို သင်ကိုယ်တိုင်ကနေ စတင်လိုက်ပါ။


#ဟမ်စိုင်း(ဆေး-မန်း)

ဘာသာပြန်

#Daily Stories မှ