ခိုးမစားကြသူများ
---------------------
“ဦးလေးအသက် ဘယ်လောက်ရှိပြီလဲ”
“၆၀ ကျော်ပါပြီ”
“အမှန်တော့ အလုပ်ခေါ်တာ ၅၀ ထက်မကျော်ရလို့ သတ်မှတ်ထားတာ”
“ကျွန်တော့်ကိုကြည့်ပါ သန်မာပါတယ်။ ညစောင့်အလုပ်ကို တာဝန်ကျေစွာ လုပ်နိုင်ပါသေးတယ်။ အလုပ်ပေးဖို့ တောင်းပန်ပါတယ်”
“အရင်ကဘယ်မှာ လုပ်ဖူးသလဲ”
“အရင်က ကျောင်းဆရာပါ”
ကျွန်တော် အတော်လေးအံ့အားသင့်သွားသည်။ ကျောင်းဆရာတစ်ယောက်က အဘယ်ကြောင့် ညစောင့် အလုပ်ကို လာလျှောက်ရသနည်း။
“ပင်စင်စားလား”
“ဟုတ်ပါတယ်။ ပင်စင်ငွေနဲ့စားမလောက်လို့ အလုပ်လာတောင်းတာပါ”
“အေးဗျာ သတ်မှတ်ချက်နဲ့တော့မညီဘူး။ ဒါပေမဲ့ ကျွန်တော်အလုပ်ခန့်လိုက်မယ်။ ကျွန်တော်သူဌေးကို ကြည့်ပြောထားလိုက်ပါ့မယ်”
“ကျေးဇူးတင်ပါတယ်ဗျာ”
ကျွန်တော်သည် သူဌေးအိမ်မှ လူယုံတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်တာဝန်မှာ သူဌေးအလုပ်ရုံတွင် မန်နေဂျာဖြစ်သော်လည်း သူဌေးကကျွန်တော့်ကို လုပ်ငန်းအတော်များများတွင် ယုံကြည်စိတ်ချစွာဖြင့် လွှဲထားသည်။
ယခုလည်း ခြံစောင့် ဦးမြသောင်း ကွယ်လွန်သွားပြီဖြစ်သောကြောင့် သူ့နေရာတွင် အစားထိုးရန် ကျွန်တော့်ကို တာဝန်ပေးထားသဖြင့် ယုံကြည်စိတ်ချရသည့် လူတစ်ယောက်ကို ရှာနေစဉ် ဦးသန်းအောင်က ကျွန်တော့်ထံ အလုပ်လာလျှောက်သဖြင့် သူ့ကိုယုံကြည်စွာဖြင့် အလုပ်ပေးလိုက်သည်။ သူ့အသက်က ၆၀ ကျော်နေပြီဖြစ် သော်လည်း သန်မာပြီး သွက်လက်သည့်အပြင် သူ့ကို ကျွန်တော့်ထံ လွှတ်လိုက်သည် သူငယ်ချင်းဖြစ်သူ မြို့နယ် ပညာရေးမှူးကလည်း ထောက်ခံလိုက်သောကြောင့် ခြံစောင့်အလုပ်ကို ခန့်လိုက်ခြင်းဖြစ်သည်။
“ခြံစောင့်က နေ့နဲ့ည နှစ်ယောက်ခွဲထားတယ်။ နေ့ဆိုင်းက မနက် ၆ နာရီကနေ ည ၆ နာရီအထိ။ ဦးလေးက ည ၆ နာရီကနေ မနက် ၆ နာရီအထိ လုပ်နိုင်ပါ့မလား”
“ဟုတ်ကဲ့လုပ်နိုင်ပါတယ်”
“မနက်ဆိုင်းနဲ့ညဆိုင်း တာဝန်လွှဲပြီးမှ ပြန်ရမယ်”
“ဟုတ်ကဲ့ပါခင်ဗျာ”
“ဒါဆို ဒီညနေပဲ အလုပ်စဆင်းနိုင်မလား”
“ဆင်းနိုင်ပါတယ်”
“ခြံဝက အစောင့်တဲလေးရှိတယ်။ အဲဒီအထဲမှာပဲ နေရမယ်။ ကားတွေလာရင် တံခါးအဖွင့်အပိတ် လုပ်ပေး ရမယ်။ သူစိမ်းဆိုရင် အိမ်ထဲကို လှမ်းပြီး အကြောင်းကြားရမယ်။ ဝင်ခွင့်ပြုမှ တံခါးဖွင့်ပေးရမယ်”
“ဟုတ်ကဲ့ပါ”
“သူဌေးက ဝတ်စုံထုတ်ပေးထားတယ်။ အလုပ်ချိန်အတွင်းမှာ ယူနီဖောင်းနဲ့အမြဲနေရမယ်”
“ဟုတ်ကဲ့ပါ”
“တစ်ညလုံး အိပ်တာ ငိုက်တာ မလုပ်ရဘူးနော်။ ခြံကိုလှည့်ပတ်ပြီး စစ်ဆေးတာတွေ လုပ်ပေးရမယ်”
“ဟုတ်ကဲ့”
“ညနေလာရင် အချိန်တိကျရမယ်။ ၅ နာရီခွဲကတည်းကရောက်နေရမယ်။ ညနေကျရင် ယူနီဖောင်းကို တဲထဲမှာ ထားပေးထားမယ်”
ကျွန်တော်က သူ့ကို အထပ်ထပ်မှာသည်။ နေ့ခင်းတာဝန်ကျသူနှင့် မိတ်ဆက်ပေးသည်။ လစာကိစ္စနှင့် ခံစား ခွင့်များသူနှင့်ညှိနှိုင်းပြီးနောက် သူ့ကို ညစောင့်တာဝန်ပေးလိုက်သည်။
ဦးသန်းအောင်သည် ကျောင်းဆရာဟောင်းလည်းဖြစ်ပြီး အချိန်ကိုအလွန်လေးစားသူဖြစ်သည်။ သူသည် ကျောင်းဆရာဖြစ်ခဲ့သဖြင့် ညစောင့်အလုပ်နှင့်မတန်ဟုဆိုနိုင်သော်လည်း ကျွန်တော်တို့မှာ ထိုအလုပ်ကလွဲပြီး သူ့ကိုခန့်ရန် အခြားအလုပ်မရှိ။ သူကလည်း သူ့အိမ်နှင့်နီးသည်ဆိုကာ သဘောတူလာလုပ်နေခြင်းကြောင့် အဆင်ပြေသည်။
တစ်နေ့ ကျွန်တော့်ကို သူဌေးကခေါ်သည်။
“မောင်ကျော်မောင် မင်းကိုပြောစရာရှိတယ်”
“ဟုတ်ကဲ့ပြောပါခင်ဗျာ”
“မင်းခန့်ထားတဲ့ညစောင့်နဲ့ ပတ်သက်ပြီး ငါပြောစရာရှိတယ်”
“ဟုတ်ကဲ့ပြောပါခင်ဗျာ”
“ငါသိပ်သဘောမတွေ့ဘူးဖြစ်နေတယ်”
“ဘာတွေအမှားလုပ်လို့လဲခင်ဗျာ”
“မင်းညစောင့်က စိတ်ချရတယ်ဆို”
“ဟုတ်ကဲ့ စိတ်ချရပါတယ်။ ကျွန်တော်သေသေချာချာ စစ်ဆေးပြီးမှ ခန့်ထားတာပါ”
“အေး ငါ့ပြောချင်တာက တစ်ည ငါအိပ်မပျော်တာနဲ့ ဝရန်ကိုထွက်ပြီးထိုင်နေတယ်။ မင်းခြံစောင့် ဘာလုပ်သလဲ သိလား”
“ဟုတ်ကဲ့ပြောပါခင်ဗျာ”
“မိန်းမတစ်ယောက်ကို သူ့အစောင့်တဲထဲခေါ်သွင်းတာတွေ့ရတယ်”
“ဟုတ်လား ဒါတော့မဖြစ်သင့်ပါဘူး”
“အေး … အကျင့်စာရိတ္တမကောင်းရင် ငါလက်မခံဘူးဆိုတာ မင်းလည်း သိပါတယ်။ အလုပ်ဖြုတ်လိုက်တော့”
“ဟုတ်ကဲ့ပါခင်ဗျာ”
ကျွန်တော့်မှာ ဦးသန်းအောင်ကို တိုက်ရိုက်မေးရန်လည်း အခက်တွေ့နေသည်။
ထို့ကြောင့် တစ်ညတွင် ကျွန်တော်သည် လမ်းထဲတစ်နေရာ၌ ကားရပ်ပြီး မီးတွေပိတ်ကာ အခြေအနေကို စောင့်ကြည့်နေသည်။
ည ၁၁ နာရီထိုးခါနီးတွင် အမျိုးသမီးတစ်ယောက်သည် ပဝါလေးကို ခေါင်းပတ်ပြီး ခြံနားကို ကပ်လာသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင်လည်း အထုပ်တစ်ထုပ်ပါသည်။ သူက ခြံတံခါးရှေ့ကို ရောက်သည့်အခါတွင် တံခါးကို ပုတ်လိုက်သည်။
ခြံထဲဝင်သည့် လူဝင်ပေါက်တံခါးလေးဟလာပြီး အမျိုးသမီးက ခြံထဲကို ဝင်သွားသည်။
ကျွန်တော်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေမိသည်။ ၁၀ မိနစ်ခန့် ဝေခွဲမရနိုင်လောက်အောင်ဖြစ် နေပြီးမှ ကားကို ခြံရှေ့သို့မောင်းခဲ့သည်။
ခြံရှေ့ရောက်သည့်အခါတွင် ဟွန်းတီးလိုက်ရာ လူကြည့်ပေါက်မှ ချောင်းကြည့်ပြီး တံခါးကိုဖွင့်ပေးသည်။
“ဟာ ကိုကျော်မောင် ညကြီးမင်းကြီး ဘာကိစ္စရှိလို့လဲ”
ကျွန်တော်က ကားတံခါးကိုဖွင့်ပြီး ဆင်းလိုက်သည်။ ကျွန်တော့်ကားဟွန်းသံကြားသဖြင့် တိုက်အပေါ်ထပ်မှ မီးတွေလင်းလာသည်။ မကြာမီ သူဌေးကလည်း အိမ်တံခါးဖွင့်ကာ ခြံထဲဆင်းလာသည်။
“ဦးသန်းအောင် … ခင်ဗျား ခြံထဲကို အမျိုးသမီးတစ်ယောက် သွင်းလိုက်တယ် … ဟုတ်တယ်မဟုတ်လား”
“ဟုတ် … ဟုတ် … ဟုတ်ပါတယ်ခင်ဗျာ”
“ဘယ်သူလဲ … ဘာကိစ္စကြောင့် အမျိုးသမီးတစ်ယောက်ကို ခေါ်ရသလဲ”
ဦးသန်းအောင်က
“မအေးရေ … ထွက်ခဲ့ပါကွယ်” ဟု ပြောလိုက်သည်။
အစောင့်တဲထဲမှ အမျိုးသမီးတစ်ယောက်ထွက်လာသည်။ ထိုစဉ် သူဌေးကလည်း ကျွန်တော်တို့အနီးကို ရောက်လာသည်။
“မောင်ကျော်မောင် တွေ့ပြီမဟုတ်လား … ဘယ့်နှယ်ကွယ် မိန်းမတစ်ယောက်ကို ဘာဖြစ်လို့အချိန်တော်မှ ခြံထဲခေါ်သွင်းရသလဲ”
“ကျွန်တော်ရှင်းပြပါ့မယ် သူဌေးနဲ့ ကိုကျော်မောင်။ ဒါကျွန်တော့် ဇနီးပါခင်ဗျာ။ ကျွန်တော်တို့မှာ နေစရာ အိမ်မရှိပါဘူး။ ကျွန်တော့်မိန်းမက နေ့ခင်းဆိုရင် ဒီနားက ဘုန်းကြီးကျောင်းမှာ ဝိုင်းလုပ်ပေးပြီး ထမင်းစားရ ပါတယ်။ ကျွန်တော်လည်း မနက်ပြန်ရင် ဘုန်းကြီးကျောင်းမှာပဲ အိပ်ရတယ်။ ဘုန်းကြီးကျောင်းက အမျိုးသမီးတွေ ညအိပ်လက်မခံပါဘူး။ ဒါကြောင့် သူ့မှာ ညဆိုရင် အိပ်ဖို့ဒုက္ခရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်ခေါ်ထားတာပါ”
“ခင်ဗျားကိုမေးတော့ အိမ်ရှိတယ်ဆို”
“ကျွန်တော်တို့မှာ အိမ်ရှိခဲ့ဖူးပါတယ်။ ခုတော့ ကျူးကျော်ဆိုပြီး ဖျက်တဲ့အထဲပါသွားလို့ နေစရာ မရှိတာ ကြာပါပြီ။ နောက်ထပ်လည်း ဘယ်မှာမှ ငှားမနေနိုင်ပါဘူး။ ဒါကြောင့် ရတဲ့အလုပ်လေးကို လာလျှောက်ပြီး ခိုကပ်စရာလေး ကြံဖန်ရတာပါခင်ဗျာ”
“ခင်ဗျားတို့မှာ သားသမီးတွေ မရှိဘူးလား”
“သားလေးတစ်ယောက်ရှိပါတယ် … မပြောချင်တော့ပါဘူး။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ပါဘူး။ သူဌေးတို့ကို မပြောရဲတာ အလုပ်မရမှာစိုးရိမ်လို့ပါဗျာ။ ကျွန်တော်တို့မှာ ခိုကိုးစရာ တကယ်ကို မရှိတာပါ”
“ကောင်းပြီလေ မောင်ကျော်မောင် အိမ်ထဲခဏလိုက်ခဲ့ဦး”
သူဌေးက ကိုကျော်မောင်ကို အိမ်ထဲခေါ်သွားသည်။ တစ်နာရီခန့်ကြာသော် ပြန်ထွက်လာသည်။
“ဦးသန်းအောင် အိမ်နောက်မှာ အလုပ်သမားတန်းလျားရှိတယ်။ အဲဒီမှာ ခင်ဗျားတို့လင်မယားကို သူဌေးက နေခွင့်ပြုလိုက်တယ်။ နောက်ပြီး အိမ်မှာ ထမင်းချက်တစ်ယောက်လိုနေတယ်။ လုပ်နိုင်မယ်ဆိုရင် အလုပ်ရမယ်”
“လုပ်ပါ့မယ်ခင်ဗျာ … လုပ်ပါ့မယ်။ ကျွန်တော့်မိန်းမ ဟင်းထမင်းကောင်းကောင်း ချက်တတ်ပါတယ်။ ဘုန်းကြီးကျောင်းမှာလည်း သူပဲ ချက်ပြုတ်ကျွေးနေရတာပါ”
“ဟုတ်ပြီလေ မနက်ဖြန် ပြောင်းလာခဲ့ပေါ့။ အဒေါ့်အတွက် လစာကတော့ ညှိနှိုင်းပေးမယ်။ ကျောင်းဆရာ လင်မယားကို ညစောင့်နဲ့ ထမင်းချက်ခန့်ရတာ စိတ်တော့မကောင်းပါဘူးခင်ဗျာ”
“ရပါတယ်ခင်ဗျာ … သမာအာဇီဝလုပ်စားတာပဲ ခိုးစားနေတာမှ မဟုတ်တာ”
တင်ညွန့်
၁၇.၁.၂၀၂၆