သူချစ်ပုံ
-------------
ကျွန်တော်ဖုန်းဆိုင်ကိုရောက်လာသည်။ ကျွန်တော့်ဖုန်းတွင်ကပ်ထားသည့် မကွဲမှန်သည် အက်ကြောင်း တွေထပြီး အက်ကွဲနေသည်မှာ မြင်မကောင်းတော့သောကြောင့်ဖြစ်သည်။ မကွဲမှန်ကိုလဲရန်အတွက် ဆိုင်မှ ကလေးတစ်ယောက်ကို ဖုန်းပေးလိုက်ပြီး ထိုင်စောင့်နေစဉ် အမျိုးသမီးကြီးတစ်ဦးနှင့် လူငယ်လေး တစ်ဦး ဆိုင်ထဲကိုဝင်လာသည်။
အမျိုးသမီးကြီးက
“တူလေးရယ် … ၁၅ သိန်းပဲထားပါကွယ်။ သားလေးက အဲဒီဖုန်းကို ကြိုက်လွန်းလို့ပါတဲ့။ အဒေါ့်မှာလည်း ပိုက်ဆံက အဲဒါပဲ ပါလို့ပါကွယ်”
“မရဘူးအဒေါ် … ကျွန်တော်က သိန်း ၂၀ ရောင်းတာ။ အဒေါ့်ကို အားနာလို့ ၂ သိန်းလျှော့ပေးပြီး ၁၈ သိန်းနဲ့ ရောင်းပေးတာ”
ဆိုင်ရှင်ကောင်လေးက အဒေါ်ကြီးကို ရှင်းပြနေသည်။ ကောင်တာပေါ်တွင် ဖုန်းတစ်လုံးကို တင်ထားသည်။ စောစောက လာကြည့်သွားပြီးပုံရသည်။
“အေးပါကွယ် မလျှော့ဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ အဒေါ် ဆွဲကြိုးလေး သွားရောင်းလာတာ အတိပဲ ဖြစ်နေတယ်။ မြောက်ဒဂုံအထိ ပြန်ရမှာဆိုတော့ လမ်းစရိတ်လောက်တော့လျှော့ပေးပါကွယ်”
ဆိုင်ရှင်ကောင်လေးက ပြုံးနေပြီးမှ
“ကဲပါ အဒေါ်ရယ် ၂ သောင်းထပ်လျှော့ ပေးလိုက်မယ်။ ကျေနပ်တော့ ဟုတ်ပြီလား”
“ကျေးဇူးပါသားရယ်။ မင်းညီကလည်း အဲဒီဖုန်းမှ အဲဒီဖုန်းဖြစ်နေတော့တာ”
ကျွန်တော်က သားအမိနှစ်ယောက်နှင့် ဈေးရောင်းသူတို့ကို စိတ်ဝင်စားစွာဖြင့် ကြည့်နေမိသည်။ ကောင်လေး တွေက တော်ရုံဈေးဝယ်ဆိုလျှင် သူတို့ဆိုင်ထဲက ပြန်အထွက်ခံလေ့မရှိသူတွေ ဖြစ်သည်။ ယခုတော့ အတော်လေး ဈေးမကိုက်သဖြင့် လက်လျှော့လိုက်ပုံရသည်။ ဈေးဝယ်တွေကလည်း ဖုန်းကိုကြိုက်လွန်းသော ကြောင့် ဆွဲကြိုးလေးသွားရောင်းကာ လာပြန်ဝယ်ရှာသည်။
အဒေါ်ကြီးက ကျွန်တော်နှင့် သက်တူရွယ်တူလောက်ရှိမည်။ ငယ်လည်း ငယ်နိုင်သည်။ ဆင်းရဲပုံပေါက်ပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်နေရသည့်ပုံပေါက်နေသည်။
သူ့သားဆိုသူကို ကြည့်လိုက်တော့ အတော်လေး ပုံမလာသူဖြစ်သည်။ ဆံပင်ကို နီကြောင်ကြောင်ဖြစ်အောင် ဆေးဆိုးထားသည်။ ဂျင်းဘောင်းဘီကလည်း တမင်ဖြဲထားသည့်ပုံစံ။ ဒူးနေရာ ပေါင်နေရာတွေမှာ ပြဲနေသည်။ ယနေ့ခေတ်လူငယ်တွေ၏ စတိုင်အတိုင်းဖြစ်မည်။ အင်္ကျီကတော့ တီရှပ်ကို အနက်ရောင်ဝတ်ထားသည်။ သူကျောက စာတန်းကို သူနားလည်မည့်ပုံတော့မပေါ်။ လူကတော့ ဆေးသမားရုပ်လား၊ ကော်ရှူရုပ်လား တစ်ခုခုပင်။
အဒေါ်ကြီးက ကျွန်တော့်ဘေးနားတွင် လာထိုင်သည်။ ဆိုင်က ကောင်လေးဝယ်ထားသည့် ဖုန်းထဲကို ဆော့ဖ်ဝဲတွေ ထည့်ပေးနေသောကြောင့် လာစောင့်နေခြင်းဖြစ်သည်။
အဒေါ်ကြီးက သူ့ပိုက်ဆံအိတ်အနွမ်းလေးထဲမှ ပိုက်ဆံတွေကို ထုတ်လိုက်သည်။ ပိုက်ဆံတွေက ငါးထောင် တန်တွေရော၊ တစ်သောင်းတန်းတွေရော၊ တစ်ထောင်တန်တွေရော ရောနေသည်။ သူက ပိုက်ဆံတွေကို တစ်ပုံချင်းချပြီး တွက်နေသည်။ ထိုစဉ် ပန်ကာလေက တိုက်လိုက်သဖြင့် ပိုက်ဆံတွေ လွင့်ကုန်သည်။ ကျွန်တော်က အမြင် မတော်သဖြင့် ပိုက်ဆံတွေကို လိုက်ကောက်ပေးသည်။ ဆိုင်ရှင်ကောင်လေးကလည်း ပိုက်ဆံတွေ လိုက်ကောက်ပေးပြီး ဝိုင်းရေတွက်ပေးသည်။ သူပြောသည့်အတိုင်းဖြစ်သည်။ ၁၈ သိန်း အတိဖြစ်နေသည်။
ဆိုင်ရှင်ကောင်လေးက ပိုက်ဆံ နှစ်သောင်းကို ပြန်ပေးသည်။ ထို့နောက် ဘောက်ချာဖွင့်ပေးကာ
“တစ်နှစ်အတွင်း တစ်ခုခုဖြစ်ရင် အချိန်မရွေး ပြန်လာပါအဒေါ်။ ရောင်းချင်ရင်လည်း လာပြန်ရောင်းနိုင် ပါတယ်” ဟုပြောလိုက်သည်။
အဒေါ်ကြီးက ပိုက်ဆံအိတ်အဟောင်းလေးကို ရင်ခွင်မှာပိုက်ရင်း သူ့သားကို ငေးကြည့်နေသည်။ သူ့သားက လိုအပ်သည်တို့ကို ဖုန်းထဲထည့်ပေးရန် ကောင်တာနားတွင်ကပ်ပြီးပြောနေသည်။
ကျွန်တော်က မနေနိုင် မထိုင်နိုင်
“သားလား” ဟု အဒေါ်ကြီးကို မေးကြည့်လိုက်မိသည်။
“ဟုတ်ကဲ့”
“သားကိုတော်တော်ချစ်ပုံရတယ်နော်”
“ချစ်ပါတယ်”
“ဖုန်းအကောင်းစားကြီးဝယ်ပေးတယ်နော်”
“ဟုတ်တယ် သူကဖုန်းကောင်းကောင်း ကိုင်ချင်တယ်ဆိုလို့”
“ဖုန်းအကောင်းစားကြီးကိုင်ပြီး ဘာလုပ်သလဲ သားက”
“ဘာမှ မလုပ်ဘူး … တစ်တော့ဆိုလား ဆော့မလို့တဲ့”
“ဪ”
ကျွန်တော် တစ်လုံးတည်းသာ အော်နိုင်ခဲ့ပါသည်။
ကျွန်တော့်ဖုန်းလည်းရပြီဖြစ်သဖြင့် ဖုန်းကိုယူကာထွက်ခဲ့သည်။
အမျိုးသမီးကြီးမှာ နဖူးမှချွေးတွေကို သူ့အင်္ကျီလက်နှင့်သုတ်ရင်း အပြင်ကိုငေးကာ ကျန်ခဲ့သည်။
တင်ညွန့်
၂၀.၁၁.၂၀၂၅