အို အသင်လောက

 အို အသင်လောက   -   #မင်းလူ

           တစ်အိမ်လုံးမှာ ပိုက်ဆံ ဘယ်လောက်ရှိကြောင်းကို ပြားကစ၍ အတိအကျသိရသည့် အခြေအနေသို့ ရောက်ရှိပြီဖြစ်၏။ ကလေးတွေကို သူတို့အမေက မုန့်ဖိုး တစ်ယောက်တစ်မတ်စီ ပေးသည်။ ခါတိုင်း သုံးဆယ့်ငါးပြား ပေးနေကျ ဖြစ်သဖြင့် ကလေးတွေက မကျေနပ်ကြ။ ဘာမျှတော့ မပြောချေ။ ပြောလို့လည်း ဘာမှမထူး၊ ပိုရမည်မဟုတ်မှန်း သိသောကြောင့် လေကုန်ခံပြီး မပြောကြခြင်း ဖြစ်လိမ့်မည်။ သို့တည်းမဟုတ် သူတို့အမေ စိတ်ထွက်ပြီး ခေါင်းခေါက်မည် စိုးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်မည်။

အငယ်ဆုံးကောင်ကတော့ ပိုက်ဆံတစ်မတ်စီကိုင်၍ လှည့်အထွက်တွင်..

“နည်းနည်းလေး ပေးတာ မလောက်လို့.. များများကြီး ပေးပါဦးလို့”

ဟု သီချင်းတစ်ပုဒ်ကို ဖျက်ပြီး မကြားတကြား ဆိုသွားသည်။

လက်ကျန်ငွေမှာ ငါးကျပ်တန်တစ်ရွက်၊ ကျပ်တန်နှစ်ရွက်၊ ကျပ်ပြားတစ်စေ့၊ ငါးမူးစေ့ (အပေါ့) တစ်စေ့၊

ငါးပြားစေ့က အတွန့်ပါတာ တစ်စေ့နှင့် ကြေးပြားတစ်စေ့။

ထမင်းဟင်း ချက်ပြုတ်ပြီးဖြစ်၍ ဒီနေ့အတွက်တော့ ပူစရာမလို။ နောက်ရက်တွေအတွက်သာ ရှာရမည်။

“ငါ မြို့ထဲ သွားလိုက်ဦးမယ်ဟေ့”

ဟု သူက မိန်းမကို ပြောသည်။

 “စာမူခ ရစရာရှိလို့လား”

မိန်းမက မျှော်လင့်စွာ မေးသည်။

“ရစရာတော့ မရှိဘူး၊ ပန်းခရေ စာစဉ်တိုက်ကတော့ ဝတ္ထုတိုတစ်ပုဒ် တောင်းထားတာရှိတယ်၊

ငွေကြိုတောင်းလို့ ရရင်လည်းရပေါ့၊ မရလည်း တစ်ယောက်ယောက်ဆီက ဆွဲရမှာပေါ့”

ငါးကျပ်တန်တစ်ရွက်နှင့် ငါးမူးစေ့ကို ရှပ်အင်္ကျီအိတ်ထဲ ထည့်ပြီး ထွက်ခဲ့သည်။

မြို့ထဲ ထွက်ခဲ့ရသည့် အကြောင်းရင်းမှာ မိန်းမကို ပြောခဲ့သည့် ကိစ္စအပြင် အိမ်မှာ

မနေချင်သောကြောင့်လည်း ဖြစ်သည်။ ပိုက်ဆံမရသောအခါ မိန်းမကို မကြည့်ချင်။ နှစ်ပေါင်းများစွာ

ပေါင်းလာခဲ့သောမိန်းမ ဖြစ်သည့်တိုင် ခုလိုအခါမျိုးမှာ မျက်လုံးချင်း ဆုံရမှာကို မျက်နှာပူသည်။

မိန်းမကလည်း သူရှိနေလျှင် အနေရခက်လိမ့်မည် ထင်သည်။

မိန်းမက ဒါမျိုး ကြုံဖူးပေါင်းများပြီဖြစ်၍ ထူးထူးခြားခြား ပူပန်ခြင်းမရှိ။ ခါတိုင်းလိုပင် တစ်နည်းနည်းနဲ့တော့

ပြေလည်သွားမှာပဲဟု စိတ်ချထားဟန်ရှိ၏။ သူကလည်း တစ်နေရာရာကတော့ ရမှာပါဟု မျှော်လင့်ထား၏။

ဘာပဲဖြစ်ဖြစ် အိမ်မှာ ဒီအတိုင်း ထိုင်နေရတာ နှစ်ယောက်စလုံး စိတ်ကျဉ်းကျပ်စရာ ဖြစ်နိုင်သည်။

ပြီးတော့ မြို့ထဲရောက်လျှင် မဂ္ဂဇင်းတိုက်မှာ ဖြစ်စေ၊ လက်ဖက်ရည်ဆိုင်မှာ ဖြစ်စေ စာရေးဆရာ

အပေါင်းအသင်း တစ်ယောက်ယောက်နှင့် ဆုံနိုင်သည်။ စာအကြောင်းပေအကြောင်း စက္ကူအကြောင်း

ပြောရင်းနှင့် စိတ်အပန်းဖြေနိုင်သည်။ လက်ဖက်ရည်တိုက်မည့်သူတော့ ကျိန်းသေတွေ့ မည်ပင်။

ကံကောင်းလျှင် ညနေပိုင်းအတွက် ဖိတ်ခေါ်ခြင်းပင် ခံရနိုင်သည်။

အိမ်က ထွက်လာရသည့် ပဓာန အကြောင်းရင်းကတော့ ပိုက်ဆံရှာရန်နှင့် ဇာတ်လမ်းကုန်ကြမ်း ရှာရန်ပင်

ဖြစ်၏။

သူ့စိတ်ကူးက ပန်းခရေ စာစဉ်တိုက်ကို ဝင်ပြီး စာမူခ ကြိုတောင်းမည်။ ပန်းခရေ စာစဉ်တိုက်၏ မူက

စာမူပေး ငွေချေစနစ် ဖြစ်သည်။ နက်ဖြန် ဆက်ဆက် စာမူလာပေးမည်ဆိုလျှင် ငွေထုတ်ပေးနိုင်စရာ

အကြောင်းရှိ၏။

နက်ဖြန် စာမူပေးဖို့ဆိုလျှင် ဒီညနှင့် နက်ဖြန်နံနက် ပြီးအောင်ရေးရမည်။ ထိုအတွက် ဇာတ်လမ်းလိုသည်။

ရေးရဖန်များသဖြင့် ဇာတ်လမ်းအကြောင်းအရာ ရှားပါးလာသည်။

စိတ်ကူးထားတာလေးတွေတော့ ရှိသည်။ တချို့က အချက်အလက် မစုံလင်သေး။ တချို့ကျတော့

ဈာန်သွင်းလို့မရ။ မနက်တုန်းက စိတ်ကူးတစ်ခုကို ဝတ္ထုအဖြစ် စိတ်ကူးရေးကြည့်သေးသည်။ ဘယ်လိုမှ

လမိုင်းမကပ်။

သူ့မှာ ဖြစ်ဖူးတာရှိသည်။ သွားရင်းလာရင်းက တွေ့ကြုံလိုက်ရသည့် အကွက်ကလေး တစ်ခုကို ချက်ချင်း

ကောက်ရေးလိုက်ရာ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်သွားတတ်၏။ မိမိ၏ဆန္ဒနှင့် ဇာတ်လမ်းဇာတ်ကွက်တို့

အံဝင်ခွင်ကျ ဖြစ်သွားရခြင်းပင်။ ဒါမျိုးက အမြဲတော့မဖြစ်၊ ရံဖန်ရံခါကျမှ။ ဒီနေ့တော့ ကံကောင်းထောက်မစွာ

ကြုံဆုံကောင်းပါရဲ့။

သူသည် ဝတ္ထုတိုသမား၊ တစ်နည်းအားဖြင့် မဂ္ဂဇင်း စာရေးဆရာ ဖြစ်သည်။ လုံးချင်းဝတ္ထု

စာရေးဆရာတွေလို မြိုးမြိုးမြက်မြက် မရချေ။ သူတို့၏ အားကိုးရာသည် မဂ္ဂဇင်းများနှင့် “တင်ထုတ်” ဟု

ဆိုနေကြသော ဝတ္ထုတိုစာစဉ်များသာ ဖြစ်သည်။ ထိုစာအုပ်တွေမှာ တစ်လတစ်လ သုံးလေးပုဒ် ပါနိုင်အောင်

ကြိုးစားရသည်။ ရုပ်ပြဇာတ်လမ်းများ၊ ကက်ဆက်ခွေဇာတ်လမ်းများ ရောင်းရပါမှ ခုသာခံသာ ရှိ၏။

မဂ္ဂဇင်းများမှာ ဝတ္ထုတိုတစ်ပုဒ်အတွက် အမြင့်ဆုံး ပေးသောနှုန်းမှာ နှစ်ရာဖြစ်သည်။ မဂ္ဂဇင်းတစ်အုပ်

နှစ်ကျပ်နှင့် ရောင်းသောအချိန်က အမြင့်ဆုံးသောပေးနှုန်းနှင့် အတူတူပင် ဖြစ်၏။

ယခုအခါတွင် မဂ္ဂဇင်းတစ်အုပ်၏ အနိမ့်ဆုံးရောင်းဈေးမှာ ဆယ့်နှစ်ကျပ်။ မဂ္ဂဇင်းတွေကလည်း

စက္ကူတစ်ထုပ် ခုနစ်ကျပ်ခွဲမှ ကိုးဆယ်တစ်ရာအထိ၊ အပြင်ဈေး၌ သုံးရာကျပ်အထိ ဖြစ်လာသည်ကို

ထောက်ပြကြသည်။

တချို့မဂ္ဂဇင်းတွေက ထွက်သည့်နေ့တွင် စာအုပ်နှင့် စာမူခကို တစ်ခါတည်းပေးသည်။ တချို့က

တစ်ပတ်ဆယ်ရက် ချိန်းသည်။ တချို့မဂ္ဂဇင်းများကျတော့ ထွက်ရက် နောက်ကျသည့်အပြင် စာမူခပေးရန်

ရက်ထပ်ချိန်းသဖြင့် လလယ်လောက်မှပင် ရတော့သည်။

စာပေမဂ္ဂဇင်းတစ်စောင်က ဝတ္ထုတိုစာမူခကို သုံးရာထိ တိုးပေးသဖြင့် ဝမ်းသာနေကြတုန်း

အကြောင်းကြောင်းကြောင့် နှစ်ရာသို့ ပြန်လျှော့လိုက်ရသည်ဟူသော ဝမ်းနည်းဖွယ်သတင်းကို

ကြားရပြန်သည်။ စာမူခ ပြန်မလျှော့ပါရန် အသနားခံလိုသော်လည်း အသနားခံနိုင်လောက်သည့်

သြဇာအရှိန်အဝါ သူ့မှာမရှိချေ။ သူတို့ သူတို့မှာလည်း ဆိုင်ရာဆိုင်ရာ အခက်အခဲတွေရှိနေလို့ နေမှာပေါ့ဟု

ဖြေတွေးရ၏။

သူတွေးနေတုန်းမှာ မှတ်တိုင်သို့ ဘတ်စ်ကားတစ်စီး ဆိုက်လာသည်။ ရုံးတက်ချိန် လွန်ခဲ့ပြီဖြစ်၍

အထူးကျပ်သည့် အနေအထားမျိုး မဟုတ်တော့။ တိုးဝှေ့တက်လို့ရသည်။ ရပ်စရာနေရာ တစ်နေရာရ၍

အသားကျသောအခါ ကားခကို ကျပ်တန်ပေးရင် ကောင်းမလား၊ အကြွေပေးရင် ကောင်းမလား

စဉ်းစားသည်။

ပြားလေးဆယ်ခရီးကို ကျပ်တန်ပေးလျှင် ငါးမူးသာ ပြန်အမ်းမည်။ ထို့ကြောင့် ငါးမူးစေ့ပေးလိုက်သည်။

စပယ်ယာက လက်မှတ် လှမ်းပေးသည်။ ကိုင်လိုက်ကတည်းက လက်မှတ်ကြားမှာ ပြန်အမ်းငွေဆယ်ပြား

ပါမလာကြောင်း သိလိုက်သည်။

ပြန်ပြောလျှင်လည်း “ဆယ်ပြားလောက်ကို ပြန်တောင်းနေရသလားဗျာ” ဟု အရိခံရပေဦးမည်။

သူသွားလိုသည့် (၃၃)လမ်း အထက်လမ်းသို့ တိုက်ရိုက်ရောက်လိုလျှင် ကားတစ်ဆင့် ထပ်စီးရမည်။

နောက်ထပ်ပြားလေးဆယ် အကုန်မခံချင်သဖြင့် ကုန်သည်လမ်းဘက်မှ မှတ်တိုင်မှာ ဆင်းပြီး

လမ်းလျှောက်လာခဲ့သည်။ ခရေပင်တန်းတွေ ရှိနေသော ပန်းဆိုးတန်းလမ်းအတိုင်း လျှောက်ရတာ

နည်းနည်းတော့ အငြီးပြေသွားသည်။

“အင်း.. ဘာပဲဖြစ်ဖြစ် ခရေပင်အောက်က ဖြတ်ပြီး ပန်းခရေ စာစဉ်တိုက်ကို သွားရတာ

လာဘ်ကောင်းပါတယ်” ဟု မယုံသော်လည်း တွေးလိုက်မိ၏။ တွေးရင်း ငေးရင်း လျှောက်လာရင်း

ခရေပင်တစ်ပင်၏ အောက်မှာ ဆောင့်ကြောင့်ထိုင်ပြီး ငိုနေသော ကလေးတစ်ယောက်ကို

တွေ့လိုက်ရသောအခါ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ခလုတ်တိုက်မိပြီဟု အလိုလို ခံစားလိုက်ရ၏။

ကောင်လေးက အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်လောက် ရှိမည်။ လုံချည်ဝတ်သင့်သော

အရွယ်ဖြစ်သော်လည်း ဘောင်းဘီတိုကလေးသာ ဝတ်ထားသည်။ အင်္ကျီကတော့

သူ့ကိုယ်လုံးကိုယ်ထည်နှင့် ကြီးနေသည်။ အင်္ကျီလက်မောင်း နှစ်ဖက်ကို ဖြတ်ထား၏။

ကောင်လေး၏ဘေးမှာ ဗန်းတစ်ချပ်၊ ကွင်းအိတ်ပြုလုပ်ထားသော ပုဆိုးစုတ်တစ်ထည်နှင့် အထဲမှာ

အိုးတိုက်ဖွဲပြာ အကြွင်းအကျန် အစအနများ။

ကောင်လေးအဖို့ ပုဆိုးတစ်ထည်မှာ ဝတ်ဖို့ထက် လုပ်ငန်းသုံးဖို့ ပိုအရေးကြီးပေသည်ဟုလည်း ဖျတ်ခနဲ

တွေးမိသေးသည်။

ကောင်လေးအနားမှာ သူရပ်သည်။

“ဘာဖြစ်လို့ ငိုနေတာလဲ”

ကောင်လေးက ဖျတ်ခနဲ မော့ကြည့်သည်။ သူ့ကို မြင်သောအခါ ရှိုက်သံ ပို၍ကျယ်လာပြီး..

“ကျွန်တော်.. ကျွန်တော့်ကို ပထွေးက တအားရိုက်တော့မှာဗျ”

ပထွေးဟု ဆိုသဖြင့် ပို၍ စိတ်ဝင်စားသွား၏။

“ဘာကြောင့် ရိုက်မှာလဲ”

“အိုးတိုက်ဖွဲပြာတွေ မှောက်ကျကုန်လို့”

“မှောက်ကျရင် ပြန်ကောက်ထည့်လိုက်ပေါ့ကွ”

“ရွှံ့ဗွက်တွေထဲ ကျသွားတာ၊ ပြန်ကျုံးလို့ မရတော့ဘူး၊ အိမ်ပြန်ရောက်လို့ ပထွေးသိရင်တော့.... ....”

စကားကို မဆက်နိုင်။ ရှိုက်သံသာ ထွက်လာ၏။

သူသည် အိတ်ကပ်ကို စမ်းလိုက်သည်။ ပြီးတော့ ကောင်လေးအနားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

“မင်းဖွဲပြာတွေ ဘယ်လောက်ဖိုးလောက် ရှိသလဲ”

“တစ်ဆယ်.. တစ်ဆယ်ကျော်ကျော်လောက်”

သူက အိတ်ထဲက ငါးကျပ်တန်ကို ထုတ်လိုက်သည်။

“ရော့ကွာ.. ငါ့မှာတော့ ငါးကျပ်တော့ ရှိတယ်”

“ဟင်”

ကောင်လေးက အံ့သြသွား၏။ မျက်လုံးတွေ ဝင်းလက်လာသည်။

“ကျွန်တော့်ကို.. ကျွန်တော့်ကို..”

 “မင်း ဘယ်မှာနေတာလဲကွ”

ဟု တွေ့ဆုံမေးမြန်းခန်းကို စတင်လိုက်သည်။

သုံးဆယ့်သုံးလမ်းထဲ ချိုးအဝင်တွင် အကျင့်ပါနေသည့်အတိုင်း ရွှေကြည်အေး လက်ဖက်ရည်ဆိုင်ထဲသို့

လှမ်းကြည့်သည်။ တံခါးပေါက်ဘက် စားပွဲတွင် ထိုင်နေသော ဆရာဦးမိုးဖြူကို တွေ့လိုက်သည်။

“ဟကောင်.. ဘယ်သွားမလို့လဲ၊ လာ.. လက်ဖက်ရည် သောက်သွားဦး”

“ပြန်လာခဲ့မယ် ဆရာမိုး၊ ပန်းခရေတိုက် သွားမလို့”

“မသွားနဲ့၊ မရှိဘူး၊ မန္တလေးသွားတယ်၊ တနင်္လာနေ့မှ ပြန်လာမယ်”

သူ စိတ်ဓာတ်တစ်ဝက် ကျသွားသည်။ တစ်ဝက်ကတော့ ဦးမိုးဖြူဆီက ပိုက်ဆံဆွဲလို့ ရနိုင်သည်ဟူသော

မျှော်လင့်ချက်ကြောင့် ကျန်နေခြင်းဖြစ်၏။

လက်ဖက်ရည်ဆိုင်ထဲ သူဝင်ထိုင်သည်။ ဦးမိုးဖြူက လက်ဖက်ရည်လှမ်းမှာပြီး..

“မင်း စာမူ သွားပို့မလို့လား”

“စာမူက မပြီးသေးပါဘူး၊ ပိုက်ဆံလေး ဘာလေး ကြိုတောင်းရ ကောင်းမလားလို့၊ ဇာတ်လမ်းက အခု

ဒီကိုလာရင်းနဲ့မှ ရတာ၊ တော်တော်ကောင်းတဲ့ အကွက်ကလေးပဲ”

“ဆိုစမြးပါဦး”

သူကလည်း သိပ်ပြောပြချင်နေသည်။ ကောင်လေးက ပထွေးဖြင့် နေရသည်။ အမေက နာတာရှည်

ရောဂါသည်။ ပထွေးက အရက်သမား။ အရိုက်ကြမ်းသည်။ ကောင်လေးက အိုးတိုက်ဖွဲပြာ ရောင်းသည်။

ကျောင်းမတက်နိုင်။ တစ်နေ့တွင်.... ....

ဦးမိုးဖြူက ကွမ်းတစ်ယာကို ပါးစောင်မှာငုံရင်း နားထောင်နေသည်။ ဇာတ်လမ်းဆုံးတော့မှ

ရှည်လျားနီရဲသော သွားများကို အရင်းထိပေါ်အောင် ပြုံးပြီး..

“တိုက်တိုက်ဆိုင်ဆိုင်ကွာ.. ဒီအပတ်ထဲမှာပဲ မင်းပြောတဲ့ဇာတ်လမ်းမျိုး ကြားရတာ နှစ်ခါရှိပြီ”

“ဗျာ”

“ဟုတ်တယ်.. ဟိုတစ်နေ့ကလည်း မောင်စိန်သောင်းက ငါ့ကို ပြောပြသေးတယ်၊ မင်းပြောတဲ့အတိုင်းပဲ၊

ဒီကောင်ကမှ ပိုက်ဆံတစ်ဆယ် ပေးတဲ့အပြင် ဗယာကြော် တစ်ကျပ်ဖိုးတောင် ဝယ်ကျွေးခဲ့သေးတယ်၊

သူပြောတဲ့ ကောင်လေးရဲ့ ပုံစံအရဆို မင်းပြောတဲ့ ကောင်လေးပဲ ဖြစ်မှာပဲ”

“ဘယ်လိုဖြစ်တာလဲဗျာ”

“ဖြစ်နိုင်တာက ပထမဆုံးအခါမှာ တကယ်ပဲ ဖွဲပြာတွေ မှောက်ကုန်မှာပါ၊ ဒီမှာတင်

စေတနာရှင်တစ်ယောက်က ပိုက်ဆံပေးလိုက်ပါလိမ့်မယ်၊ ဒီတော့မှ ဒီချာတိတ် အကြံရပြီး ဒီနည်းနဲ့

ဆက်လုပ်စားနေတာ ဖြစ်မှာပေါ့”

“တော်တော် လူလည်ကျတဲ့ ကောင်လေးပဲဗျာ”

“အံမယ်.. မင်းကကောကွ၊ ကောင်လေးကို ငါးကျပ်ပေးပြီး သူ့ဇာတ်လမ်းကို ပြန်ရေးပြီး နှစ်ရာရအောင်

လုပ်မှာ မဟုတ်လား”

မချိပြုံး ပြုံးလိုက်ရ၏။

“ဒါပေမယ့် ရေးလို့ မရတော့ဘူးဗျာ၊ ကိုစိန်သောင်းလည်း တွေ့ခဲ့တာပဲ၊ သူရေးမှာပေါ့”

“သူရေးမယ်လို့တော့ မပြောဘူး၊ ဒါပေမယ့် မောင်စိန်သောင်းအကြောင်း မင်းသိသားပဲ၊ သူက

အဲဒီအကြောင်းကို တွေ့သမျှလူ လျှောက်ပြောမှာ၊ ငါ့ကိုတောင် အစ်ကို ရေးချင်ရေးပါလားလို့

ပြောသွားသေးတယ်၊ ခုလောက်ဆို တစ်ယောက်ယောက်က ဖြတ်အုပ်သွားလောက်ပြီ”

သူ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။

မနေ့က ဦးမိုးဖြူဆီက ငွေနှစ်ဆယ့်ငါးကျပ် ဆွဲလာသဖြင့် ဒီနေ့အတွက် စိတ်အေးရခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဝတ္ထုတစ်ပုဒ်တော့ ဖြစ်အောင်ရေးမည်။

သူ စာရေးစားပွဲမှာ ထိုင်သည်။ ဘာရေးရမည် မသိသေး။ သူစိတ်ကူးထားခဲ့သော ဇာတ်လမ်းကလေးတွေ

တစ်ခုပြီးတစ်ခု စဉ်းစားသည်။ ဘယ်ဟာမှ ရေးချင်စိတ်မရှိ။ ရေးဖို့ အတင်းကြိုးစားသောကြောင့်

ရေးလို့မရခြင်းဘဲ ဖြစ်၏။

ထိုစဉ်တွင် “မီးလုံးမီးချောင်း အကျွမ်းတွေ ဝယ်တယ်၊ ဖောင်တိန်အဟောင်းတွေ၊ မျက်မှန်ကိုင်းကျိုးတွေ

ဝယ်တယ် ” ဆိုသော အသံနှင့်အတူ “လာဦး” ဆိုသော သူ့မိန်းမ၏အသံကို ကပ်လျက် ကြားရသည်။

ပလတ်စတစ် ဆွဲခြင်းအစုတ်ကို ဆွဲလျက် ကုလားလေးတစ်ယောက် ဝင်လာသည်။ မိန်းမက ဘယ်တုန်းက

စုထားမှန်းမသိသော မီးလုံးအကျွမ်းတွေ ထုတ်လာသည်။

သူလည်း ကုလားလေးကို တစ်ချက်စောင့်ကြည့်၏။ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ ကုလားလေးကို

အင်တာဗျူးလုပ်ပြီး ဝတ္ထုတစ်ပုဒ် ရေးထုတ်ဖို့တော့ မဟုတ်ချေ။ ပလတ်စတစ်ခြင်းတောင်းမှာ ချည်ထားသော

ကြိုး၌ အစီအရီ ချိတ်ဆွဲထားသော ဖောင်တိန်ကလေးတွေကို မြင်ရသောကြောင့် စိတ်ကူးမိခြင်း ဖြစ်၏။

စားပွဲပေါ်ရှိ စာရွက်များပေါ်တွင် သူ့ဖောင်တိန်က အဖုံးဖွင့်လျက်သား ရှိနေသည်။ ဆယ်တန်းအောင်တုန်းက

မြန်မာစာ ဂုဏ်ထူးပါသဖြင့် မြို့နယ်အသင်းက ဆုချထားခြင်း ဖြစ်၏။ ဆေလာအမျိုးအစား နစ်ပေါ်တွင်

“၁၇ကေ” ဟူသော စာလုံးကလေးကို မြင်နေရသည်။ ဆယ့်ခုနစ်ကာရက် ရွှေပါသည်။

ဈေးကောင်းရနိုင်သည်။

သူသည် ချီတုံချတုံ ဖြစ်နေရာမှ “သုံးကျပ်တန်ဘောလ်ပင်နဲ့ ရေးလည်း ရသားပဲ” ဟု ဆုံးဖြတ်လိုက်ပြီး

ဖောင်တိန်အဖုံး ဖွင့်လျက်ပင် ယူသည်။ ကုလားလေး ထိုင်နေရာသို့ သွားသည်။

ထို့နောက် “ဒီဖောင်တိန် ဘယ်လောက်ပေးမလဲ” ဟု မေးလိုက်သည်။

မင်းလူ

ဒီဇင်ဘာ၊ ၁၉၈၇

ကျွန်တော်ချစ်သောစာအုပ်များ မှ

ကူးယူ၍ ဖော်ပြပါသည်