အောင်နိုင်သူ
----------------
အထက်တန်းကျောင်းသားဘဝက တက္ကသိုလ်ဘုန်းနိုင် ခရေဇီတစ်ယောက်ဖြစ်ခဲ့သည်။ ဆရာ့ဝတ္ထုတွေ ထွက်တိုင်း အငှားဆိုင်တွင် ဘွတ်ကင်လုပ်ကာ မလွတ်တမ်းဖတ်ခဲ့ရသည်။ အရိုးသားဆုံး ဝန်ခံရလျှင် ဆရာ့ကြောင့် ချစ်တတ်လာရသည်။
ဆရာ့ ဝတ္ထုများထဲတွင် မနွဲ့သော ဝတ္ထုခေါင်းစဉ်တစ်ခုရှိသည်။ “ဦးကြီးဘထိုက် သို့မဟုတ် မိုးနှင့်မြေကို အောင်နိုင်ခြင်း”ဝတ္ထုဖြစ်သည်။
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်၊ နွေကန္တာဦး၊ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်၊ ဝဿန်လေချိန်မှန်ကူး၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ၊ ညနက်နက်မှာလထွက်ခြင်း စသည့် ခေါင်းစဉ်တွေနှင့် ရင်းနှီးခဲ့ရသော ကျွန်တော့်မှာ ဦးကြီးဘထိုက် သို့မဟုတ် မိုးနှင့်မြေကို အောင်နိုင်ခြင်းခေါင်းစဉ်နှင့် ရင်ဆိုင်လိုက်ရသည့် အခါတွင် အံ့အားသင့်မိသည်။ ဝတ္ထုကိုတော့မဟုတ် ထိုခေါင်းစဉ်ကို စိတ်ထဲတွင် စွဲနေသည်။ စွဲမိစွဲရာထဲတွင် ဦးကြီးဘထိုက်တက် “မိုးနှင့်မြေကိုအောင်နိုင်ခြင်း” ဆိုသည့် စကားလုံးအသုံးကို ပိုစွဲသည်။
မိုးနှင့်မြေကို အောင်နိုင်ခြင်း
မနက်မိုးမလင်းမီ ၄ နာရီထိုးသည်နှင့်ကျွန်တော် အိပ်ရာက နိုးတတ်သည်။ ထိုအချိန်အိပ်ရာကနိုးသည်မှာ နှစ်ကာလပေါင်းများစွာအကျင့်ဖြစ်နေပြီ။ မိုးမလင်းမီ အိပ်ရာကနိုးလိုက်သည်နှင့် ငါရှိနေသေးပါလားဆိုပြီး ဖြစ်တည်မှုအတွက် အောင်နိုင်ခြင်းတစ်ခုကို စတင်ခံစားရသည်။ နေ့တိုင်း လေးနာရီ နိုးထနိုင်ခြင်းကိုလည်း အောင်နိုင်ခြင်း တစ်ခုအနေဖြင့်သတ်မှတ်ခဲ့ပါသည်။
ငါသည်နေ့တစ်နေ့ကို အောင်နိုင်ခဲ့ပြီ။
အိပ်ရာကနိုးလျှင် ပြုဖွယ်ကိစ္စတွေ ပြုပြီးပါက စာစရေးသည်။ စာရေးပြီးနောက် ၅ နာရီဝန်းကျင်ဖြစ်နေပြီ။ ထိုအချိန်တွင် အင်တာနက်လိုင်းချိတ်ရသည်မှာ ခင်ခဲ ပင်ပန်းလှသည်။ အင်တာနက်ရ၊ Facebook ကိုလည်း ဝင်နိုင်ခဲ့လျှင် နောက်ထပ် အောင်နိုင်မှုတွေဆင့်သည်။ ကျွန်တော့်ဝါဒက မိုးလင်းသည်နှင့် စာတစ်ပုဒ် ရေးပြီးနိုင်အောင် ကြိုးစားရမည်။ ကျွန်တော့်မိတ်ဆွေအပေါင်းကို စာလေးတစ်ပုဒ်ဖြင့် နှုတ်ဆက်နိုင်ရမည်။
ငါသည် တားဆီးမှုများကို အောင်နိုင်ခဲ့ပြီ။
စာတစ်ပုဒ်တင်ပြီးလျှင် လမ်းလျှောက်ထွက်သည်။ ကျွန်တော် လမ်းလျှောက်ထွက်ချိန်က ၅ နာရီခွဲခန့်ဖြစ်ရာ ဆောင်းတွင်းဆိုလျှင် မိုးမလင်းသေး။ နေ့တိုင်း လမ်းကို ခြေလှမ်းတစ်သောင်းကျော် လျှောက်နိုင်သေးခြင်းမှာ အသက် ၇၀ နီးနေသော ကျွန်တော့်အဖို့ အောင်နိုင်ခြင်းတစ်ခုဖြစ်ပြန်သည်။ ကျွန်တော် ယနေ့အထိ ကျန်းမာစွာဖြင့် ရပ်တည်နိုင်ခြင်းမှာ မိမိ၏ လုံ့လဝီရိယနှင့် ကျန်းမာရေးဂရုစိုက်သောကြောင့်ဖြစ်မည်။ ထို့ကြောင့် ဘာဆေးမျှမသောက် အသက် ၇၀ နီးသည့်တိုင် ခြေလှမ်းတစ်သောင်း မနက်တိုင်း လျှောက်နိုင်ခဲ့ သည်။
ငါသည် ငါ့ကိုယ်ငါ အောင်နိုင်ခဲ့ပြီ။
ကျွန်တော်သည် သတင်းစာအလုပ်ဌာနတွင် ၇ နှစ်တိုင်အလုပ်ဝင်လုပ်ခဲ့ဖူးသည်။ ကျောင်းဆရာပြီးတော့ သတင်းစာဆရာဘဝရောက်ခဲ့သည်။ သို့သော် ၂၀၂၁ ကစပြီး သတင်းစာတွေ့သော်လည်းဝယ်မဖတ်။ သတင်းစာနှင့် သတင်းပညာကို အလွန်မြတ်နိုး တန်ဖိုးထားသည်။ ၂၀၂၁ မတိုင်မီကဆိုလျှင် အိမ်တွင် သတင်းစာ သုံးစောင်လောက်ယူပြီး လမ်းလျှောက်ပြန်လာသည်နှင့်ဖတ်သည်။ သို့သော် ၂၀၂၁ ကတည်းက သတင်းစာမဖတ်တော့ဟုဆုံးဖြတ်ကာ စွန့်လွှတ်လိုက်သည်မှာ ယနေ့တိုင်ဖြစ်သည်။
ငါသည် ယုံကြည်ချက်ကို အောင်နိုင်ခဲ့ပြီ။
ကျွန်တော်သည် လောင်းကစားကိစ္စ လုံးဝ ဝါသနာမပါ။ ယနေ့တိုင် ဘောလုံးပွဲမကြည့် မလောင်း၊ ချဲလည်း မထိုး၊ အရက်မသောက်၊ ဖဲမရိုက်။ သို့သော် အစိုးရအောင်ဘာလေထီကိုတော့ တစ်လလျှင် တစ်စောင် ထိုးလာခဲ့သည်မှာ ထီတစ်စောင် ၂ ကျပ် ခေတ်ကတည်းကဖြစ်သည်။ ယနေ့အထိ မပေါက်ဖူးပါ။ အောင်ဘာလေထီက အလှူသဘောမျိုးဖြင့် ထိုးလာခြင်း ဖြစ်ပါသည်။ သို့သော် ၂၀၂၁ ကတည်းက ထီထိုးခြင်း အလုပ်ကိုလည်း စွန့်လွှတ်လိုက်သည်။
ငါသည် သူဌေးဖြစ်ချင်စိတ်ကို အောင်နိုင်ခဲ့ပြီ။
မကြာသေးမီက Facebook တွင် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ကိုအညွှန်းနှင့် နမူနာလေးကြည့်ပြီး သဘောကျမိသည်။ ညွှန်းသူကလည်း ညွှန်းအားကောင်းသည်။ ဒါရိုက်တာကိုလည်း သဘောကျသည်။ သရုပ်ဆောင်အသစ်လေးတွေကိုလည်း အားပေးချင်သည်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီ ကတည်းက ရုပ်ရှင်ကို ရုံကြီးများတွင် မကြည့်တော့ဟု ဆုံးဖြတ် ထားပြီးဖြစ်ရာ ယနေ့အထိလည်း မကြည့်၊ နောက်လည်း ကြည့်စရာ အကြောင်း မရှိဟု ထင်သည်။
ငါသည် ပျော်ပါးခံစားလိုစိတ်ကို အောင်နိုင်ခဲ့ပြီ။
ကျွန်တော်သည် လက်ဖက်ရည်ကို အလွန်ကြိုက်ခဲ့သူတစ်ယောက်ဖြစ်သည်။ အထက်တန်းကျောင်းသားဘဝ ၉ တန်း၊ ၁၀ တန်းလောက်ကတည်းက “ပေါ့ကျ” ဆိုသည့် လက်ဖက်ရည်အခေါ်နှင့် ရင်းနှီးခဲ့သူ။ ကိုဗစ်ဆိုသည့် ဝေဒနာဆိုးကို သေမလို ခံစားလိုက်ရသည်။ ကိုဗစ်ပြီးနောက် ဝင်ငွေမရှိသလောက်ဖြစ်သွားသည်။ ကိုဗစ်တွင် ငွေကို ပုံပြီးကုလိုက်ရသလိုဖြစ်သွားသောကြောင့် စုဆောင်းထားသမျှလည်း ပြောင်သွားသည်။ နာလန်ပြန်ထ လာသည့်အခါတွင် အစားအသောက်ကိုပါ ဆင်ခြင်မှဖြစ်တော့မည်ဟု ဆုံးဖြတ်ကာ အလွန်နှစ်သက်သည့် လက်ဖက်ရည်ကိုပါ ဖြတ်လိုက်သည်။
ငါသည် စွဲလမ်းတပ်မက်မှုတွေကို အောင်နိုင်ခဲ့ပြီ။
မိုးလင်းသည်နှင့် ကျွန်တော် စဉ်းစားသည်။
ဆောင်ရသည်တို့ကို ဆောင်သည်
ရှောင်ရမည်တို့ကို ရှောင်သည်
အစားအသောက်၊ အနေအထိုင်၊ အသွားအလာ အားလုံးပါသည်။
ညမိုးချုပ်သည်နှင့် အိပ်တော့မည်ဆိုလျှင် ငါယနေ့ဘာတွေကို အောင်နိုင်သူဖြစ်ခဲ့သနည်း ဆိုခြင်းကို ပြန်သုံးသပ်မိသည်။
လုပ်သင့်လုပ်ထိုက်တာမှန်သမျှ လုပ်ခဲ့ပြီး
မလုပ်သင့် မလုပ်ထိုက်တာတွေမှန်သမျှ စဉ်းစားဆင်ခြင် အောင်နိုင်ခဲ့လျှင် ပီတိဖြစ်သည်။
ငါသည် ကိုယ်မယုံကြည်သည့် အရာတွေအတွက် အောင်နိုင်ခဲ့ပြီလား
ငါသည် ကိုယ်ယုံကြည်သည့် အရာတွေကိုရော အောင်နိုင်ခဲ့ပြီလား
ဦးကြီးဘထိုက် မိုးနှင့်မြေကို အောင်နိုင်ခဲ့သလို ကျွန်တော်လည်း ကိုယ့်ယုံကြည်မှုကို အောင်နိုင်ခဲ့လျှင် ထိုညအတွက် လိပ်ပြာလုံစွာဖြင့် အိပ်စက်နိုင်ခဲ့သည်။
မိမိကိုယ်ကို အောင်နိုင်ခြင်းသည် အားလုံးကို အောင်မြင်နိုင်ရန်အတွက် ပထမခြေလှမ်းဖြစ်သည်။
တင်ညွန့်
၂၅.၁.၂၀၂၅