တိုက်တိုက်ဆိုင်ဆိုင်
------------------------
သူတို့ လင်မယား ထမင်းစားရန် ပြင်ဆင်နေကြသည်။
ကိုစိန်သောင်းအတွက် ဇနီးဖြစ်သူ မအေးမိစံက ကြက်သားဟင်းကောင်းကောင်း ချက်ပေးထားသည်။ မြန်မာ ကြက်လေးကို ဘူးသီးနုနုလေးနှင့်ရော၍ ကာလသားချက်လေး ချက်ထားပေးခြင်းဖြစ်သည်။
“မိန်းမရေ … ဟင်းနံ့ကမွှေးနေတာပဲ … ဆာနေပြီကွာ မြန်မြန်လုပ်ပါတော့”
“ပြီးနေပါပြီရှင့် … ထမင်းက ပူနေတုန်းမို့လို့ မခေါ်သေးတာ။ လာလေ … လက်သွားဆေးတော့”
ထိုအချိန်တွင် တံခါးခေါက်သံပေါ်လာသည်။
“ဒေါက် … ဒေါက် … ဒေါက်”
“ဟာ … စားခါနီးသောက်ခါနီးမှ ဘယ်သူလဲကွာ”
“သွားပါရှင် တံခါးသွားဖွင့်ကြည့်လိုက်ပါ”
ကိုစိန်သောင်းက မကျေမနပ်ဖြင့် တံခါးကိုသွားဖွင့်လိုက်သည်။
“ဘာလဲ … ဘာကိစ္စလဲ”
“သနားပါခင်ဗျာ … ကျွန်တော်တို့သားအဘ ထမင်းမစားရတာ နှစ်ရက်ရှိပါပြီ။ ထမင်းကျန် ဟင်းကျန်လေးများ သနားပါ”
“ဟာကွာ မင်းတို့ တော်တော်လွန်တာပဲ … တိုက်ခန်းပေါ်အထိ တက်လာပြီးတော့ လာတောင်းရသတဲ့လား။ သွား … ဆင်းသွား”
“ထမင်းဆာလို့ပါခင်ဗျာ”
သူ့ဘေးနားတွင် ရပ်နေသော သုံးနှစ်အရွယ်ကလေးက ငိုမဲ့မဲ့ဖြစ်နေသည်။
“မင်းကို ငါသွားလို့ပြောနေတယ်နော်။ မသွားရင် ရိုက်ချမှာ။ သွား လူတွေ့ရင် သူတောင်းစားယောင် ဆောင်မယ်။ မတွေ့ရင် အလစ်ဆွဲမယ်”
“ကျွန်တော်က အဲဒီလိုလူစား မဟုတ်ပါဘူးခင်ဗျာ”
“ဟုတ် ဟုတ် … မဟုတ် ဟုတ် … မင်းသွားတော့”
တောင်းစားသူသည် ကလေးကို လက်ဆွဲကာ တိုက်အောက်သို့ ပြန်ဆင်းသွားသည်။ ကိုစိန်သောင်းက ဝရန်တာမှ ထွက်ကြည့်သည်။ ကလေးကိုလက်ဆွဲကာ ထိုသူထွက်သွားတာ သေချာမှ သူက အထဲကိုပြန်ဝင် သည်။
“ဘယ်သူလဲအစ်ကို”
“အလကားပါကွာ သူတောင်းစားတွေ … သူတောင်းစားမဟုတ်ပါဘူး လစ်ရင်ခိုးမှာ။ အို ဓားပြတောင် တိုက်ချင် တိုက်မယ့်ကောင်တွေ”
“အစ်ကိုရယ် လူတစ်ဖက်သားကို အဲဒီလောက်ကြီးတော့ မပြောသင့်ပါဘူး။ သူတို့မှာလည်း လိုအပ်လို့ နေမှာပါ။ ကျွန်မတို့စားမယ့်အထဲက နည်းနည်းလေး ဖဲ့ပေးလိုက်လို့လည်း ကျွန်မတို့ ဘာမှမဖြစ်သွားပါဘူး”
“အောင်မယ် … ဘာဖြစ်လို့ပေးရမှာလဲ။ ငါရှာထားတာ ငါစားဖို့ကွ”
ကိုစိန်သောင်းက ထမင်းစားပြီးနောက် သူ့ဆိုင်ခန်းကိုပြန်သွားသည်။
တစ်နာရီခန့်အကြာတွင် ကိုစိန်သောင်း အိမ်ကို အရေးတကြီး ပြန်လာသည်။
“မိန်းမရေ … မိန်းမ”
“ဘာလဲရှင် ဘယ်လိုများ ဖြစ်လာတာလဲ … ရင်ထိတ်လိုက်တာ”
“ငါတို့ဆိုင်လေး မီးထဲပါသွားပြီ။ ဘာပစ္စည်းမှ မရလိုက်ဘူး။ ငါတို့တော့ မွဲပါပြီကွာ”
ဈေးမီးလောင်သဖြင့် ကိုစိန်သောင်းအထည်ဆိုင်လည်း မီးထဲပါသွားသည်။ ဘာတစ်ခုမျှ ပြန်မရလိုက်။ ချက်ချင်း လက်ရှိက လက်မဲ့ဖြစ်သွားသည်။
စိတ်ပျက်လက်ပျက်ဖြစ်နေသော ကိုစိန်သောင်းတစ်ယောက် အရက်တွေ ဖိသောက်သည်။
“အစ်ကိုရယ် အရက်တွေသောက်နေလို့ ပြီးသွားမှာလား”
“မပြီးမှန်းသိတယ် … ခုဘယ်လိုလုပ်မလဲ။ ဆိုင်ပြန်ဆောက်ရမယ်။ ကုန်တွေဝယ်ရမယ်။ ပိုက်ဆံမရှိဘူး။ အကြွေးတွေကလည်း အများကြီး ဘယ်လိုလုပ်ရမလဲ”
“ကျွန်မ လက်ဝတ်လက်စားတွေ အားလုံး ယူလိုက်လေ”
“အဲဒီလောက်နဲ့မရဘူးကွ … မင်းအဖေဆီက ပိုက်ဆံလေးဘာလေး သွားတောင်း”
“အဖေ့မှာ အိမ်လေးတစ်လုံးပဲရှိတာ။ ပင်စင်ငွေလေးနဲ့ ရပ်တည်နေရတာ။ ဘယ်လိုလုပ်ပြီး ပိုက်ဆံရှိမှာလဲ”
“မင်းအဖေအိမ်ကို ရောင်းခိုင်းလိုက်ကွာ … ပြီးတော့ ဒီမှာလာနေခိုင်းလိုက်”
“အို ဘယ်ဖြစ်မလဲ။ အဖေက သူ့အိမ်လေးကို သိပ်မြတ်နိုးတာ”
“အေး အဲဒါဆို မင်းလည်း မင်းအဖေနဲ့သွားနေ … အိမ်ကိုပြန်မလာခဲ့နဲ့။ ဒီမှာ စိတ်ညစ်နေတာ”
သူတို့နှစ်ယောက် စကားတွေများကြသည်။ ကွာမယ်ရှင်းမယ် ဖြစ်ကြသည်။ နောက်ဆုံးတွင် အမှန်တကယ် ကွာရှင်းပြတ်စဲလိုက်ကြသည်။ အပျက်အပျက်နှင့် အမှန်တကယ်ပင် နှာခေါင်းသွေးထွက်သွားကြသည်။
အေးမိစံက သူ့အဖေအိမ်ပြန်သွားသည်။ ဘာမျှမယူ သူ့အဝတ်အစားထုပ်လေးနှင့် အိမ်ပေါ်က ဆင်းသွားခြင်း ဖြစ်သည်။
ကျွန်တော်က ကျွန်တော့်တပည့်မ အေးမိစံပြောပြသော သူတို့ဇာတ်လမ်းအကြောင်းကို နားထောင်နေမိသည်။ အေးမိစံကို ကျွန်တော် ရန်ကုန်ရောက်မှ ပြန်တွေ့ခြင်းဖြစ်သည်။ ကျွန်တော် သာကေတတွင်နေစဉ်က သူဒေါပုံ ဘက်ခြမ်းတွင်နေသည်။
တစ်နေ့ ကျွန်တော်လမ်းလျှောက်ကအပြန် ဈေးထဲတွင် ဟင်းစားလေးများဝင်ဝယ်စဉ် အေးမိစံနှင့်ဆုံသည်။ သူ့ကို ကျွန်တော် ၈ တန်းတွင် စာသင်ပေးဖူးသည်။ ကျွန်တော်နှင့် ကျွန်တော့်တပည့်မလေး လက်ဖက်ရည်ဆိုင် တွင်ထိုင်ရင်း သူ့အကြောင်းလေးတွေ သိခွင့်ရလိုက်ခြင်းဖြစ်သည်။
“သမီး ခုကော ဘာတွေ လုပ်ကိုင်စားသောက်နေသလဲ”
“အဖေဆုံးသွားတော့ သမီးလည်းအိမ်ကို တစ်ခုခုစီစဉ်လိုက်ရတယ်ဆရာ။ ကန်ထရိုက်လက်ထဲ အပ်လိုက်တယ်။ မြေက သမီးအဖေပိုင်ပေါ့။ တိုက်ခန်းတွဲတွေ လာဆောက်တာ။ သမီးက မြေညီထပ်နဲ့ အပေါ်နှစ်ထပ်ရလိုက် တယ်။ သမီးလည်း မြေညီထပ်မှာ ကုန်စုံ ဆိုင်လေးဖွင့်ထားတယ်။ အမျိုးသားက ဆိုင်ထိုင်တယ်ဆရာ”
“အမျိုးသားဆိုတာက”
“သမီး နောက်အိမ်ထောင်ပြုလိုက်တယ်ဆရာ”
“ဪ”
“ဆရာ ဘဝတွေဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ ပြောရဦးမယ်”
“ပြောပါဦး”
တစ်နေ့တွင် ကုန်စုံဆိုင်တွင် လူအနည်းငယ်ပါးသဖြင့် လင်မယားနှစ်ယောက် ထမင်းစားရန်ပြင်ကြသည်။
“မိန်းမရေ … ဟင်းကျက်ပြီလား”
“ကျက်ပြီ … ရေသွားချိုးလိုက်လေ လူပါးတုန်းထမင်းစားကြမယ်”
သူတို့ ထမင်းစားရန် ပြင်ဆင်နေစဉ်
“သနားကြပါခင်ဗျာ … ထမင်းမစားရတာနှစ်ရက်ရှိပါပြီ။ ထမင်းလေးဆာလို့ သနားကြပါ”
သူတို့ဆိုင်ရှေ့ကို သူတောင်းစားတစ်ယောက်က လာရပ်ပြီး တောင်းနေခြင်းဖြစ်သည်။
“မိန်းမရေ သနားပါတယ်ကွာ။ ထမင်းနဲ့ဟင်းလေး နည်းနည်းလောက် သွားပေးလိုက်ပါ”
“ကျွန်မသွားပေးလိုက်မယ်”
“ဖော့ဘူးထဲကို ထမင်းထည့်၊ ဟင်းကို ခွဲထည့်ပေးနော်။ ဇွန်းလေးပါထည့်ပေးလိုက်ပါ”
အေးမိစံက သူတို့စားရန် ချက်ထားသည့် ဘူးသီးနှင့် ကြက်သားဟင်းထဲမှ ဟင်းများကိုခပ်ပြီး ပလတ်စတစ်အိတ် လေးနှင့်ထည့်သည်။ ထမင်းကို ဖော့ဘူးထဲတွင်ထည့်ကာ ဇွန်းတစ်ချောင်းပါထည့်ပေးပြီး သူတောင်းစားကို သွားပေးလိုက်သည်။
ကျွန်တော်က အေးမိစံပြောသည့်စကားတွေကို နားထောင်နေမိသည်။
“ဆရာကြီး”
“ဟေ”
“တိုက်ဆိုင်တာပဲလားတော့ မသိဘူး”
“ဘာဖြစ်လို့လဲ”
“ဘူးသီးနဲ့ ကြက်သားချက်တဲ့နေမှာ သမီးပထမအိမ်ထောင်နဲ့ကွဲတယ်။ ဘူးသီးနဲ့ ကြက်သားချက်တဲ့နေ့မှာပဲ သမီး ကွဲသွားတဲ့ ပထမအိမ်ထောင်ကို ပြန်တွေ့တယ်”
“ဟုတ်လား … ဘယ်မှာတွေ့တာလဲသမီး”
“သမီးတို့ဆိုင်ရှေ့မှာ လာတောင်းနေတဲ့သူကို ဘယ်သူလို့ထင်သလဲဆရာ”
“သမီးယောကျ်ားဟောင်းလား”
“ဟုတ်တယ်ဆရာ”
တင်ညွန့်
၂၆.၈.၂၀၂၅