မင်းမရှိခဲ့ရင်

မင်းမရှိခဲ့ရင်🖌️🖌️

        #တင်ညွန့် 

ခေါင်းရင်းအိမ်မှာ ငမူးတစ်ယောက်ရှိတယ်။ ညဘက်ဆိုက်ကားသိမ်းပြန်လာရင် မူးလာတာပဲ။ ဘာတဲ့ ပါးစပ်ကလည်း ပြောလိုက်သေး

“သောက်ကောင်တွေ … ကောင်မတွေ ငါမရှိရင် ဘာဖြစ်သွားမယ်ထင်သလဲ”

အဲဒီစကားက ငမူး ဆိုက်ကားသမား ဘသောင်းရဲ့ လက်သုံးစကား

“ငါမရှိရင် ဘာဖြစ်သွားမယ်ထင်သလဲ” လို့အော်ပြီး ရပ်ကွက်ထဲ ဝင်လာရင် မေးစရာမလိုဘူး။ မူးလာပြီ၊ မိန်းမနဲ့ ကလေးတွေကို အော်တော့မယ်။ ဆူတော့ဆဲတော့မယ်။

ကိုယ်က ကျောင်းဆရာဆိုတော့ မူးတာတွေ ရိုင်းတာတွေမကြိုက်တာကြောင့် ဘသောင်းနဲ့ စကားမပြော ဖြစ်အောင် ရှောင်တယ်။ မျက်နှာချင်း ဆိုင်မိရင်တောင် မျက်နှာလွှဲလိုက်တယ်။ သူ့ဆိုက်ကား ငှားစီးဖို့ဆိုတာ အဝေးကြီး။

ဘသောင်း မိန်းမက ခင်မြင့်။ သမီးကြီးက စိုးစိုး၊ သားငယ်က ကျော်အောင်။ ဘာကြောင့် သူတို့ကို သိလဲဆို တော့ ပိုက်ဆံ ခဏ ခဏလာချေးလို့

“ဘဘ … အမေက ထမင်းချက်စရာ မရှိလို့ ဆန်လေး နှစ်ဘူးလောက်”

“ဘဘ … အမေက ပဲဟင်းလေး ဝယ်ချင်လို့ ပိုက်ဆံ ၅၀၀ လောက်”

“ဆရာကြီး … ကိုဘသောင်းလာရင် ပြန်ပေးပါ့မယ်ရှင့် ပိုက်ဆံ ၁၀၀၀ လောက်”

ကိုယ်လည်း ချမ်းသာတာတော့မဟုတ်။ အငြိမ်းစားပေမယ့် စာရေးတဲ့ဝင်ငွေလေးကလည်းရှိ၊ တစ်ယောက် တည်းကလည်းဖြစ်၊ စုစုဆောင်းဆောင်းနေတတ်တော့ မချမ်းသာပေမယ့် ရပ်တည်နေနိုင်ပါတယ်။ သူတို့ လောက်တော့ စားစရာမရှိဘူးဆိုတဲ့ အနေအထားကို မရောက်ပါဘူး။

တစ်ည စာအုပ်ထဲမှာ ဈာန်ဝင်နေတုန်း

“ဖုန်း … ဖုန်း … ခလွမ်း” ဆိုတဲ့ အသံကြီးကြားရတယ်။ 

“ရိုက်ပါ … ရိုက်ပါ သေအောင်ရိုက် … ရှင်ရိုက်ဖို့ ယူထားတာဆိုတော့ ရိုက်လိုက်”

“သောက်ကောင်မ … ဒီလောက် အာကျယ်နေရအောင် ဘယ်လင်ကို အားကိုးနေလို့လဲ။ သောက်ကြီးကျယ် မနေနဲ့ … နင်တို့ အားလုံး ငါမရှိရင် ဘာဖြစ်သွားမယ်ထင်သလဲ”

“အဖေရှိလည်း ဘာမှ မထူးဘူး … အမြဲ ဘဘကြီးဆီကနေ သွားချေးနေရတာပဲ”

“အောင်မယ် … သောက်ကောင်မတွေ လင်အားကိုးရှိလို့ ငါ့ကို အာခံသလား”

“ဖုန်း … ဖြန်း … ဖြန်း”

“ကယ်ကြပါဦးရှင့် … ဒီမှာ နှိပ်စက်နေပါတယ် … မနှိပ်စက်နဲ့ သတ်လိုက် … သေအောင်သာ သတ်လိုက်”

“သတ်မယ် … နင်တို့အားလုံးကို သတ်ပြီး စက်တိုင်တက်မယ် … အားကိုးရှိလို့ ငါ့ကို အာခံနေကြတယ် … မသာမတွေ … ဟို … မြွေရိုးလေးလည်း သတိထား … ငါမရှိရင် နင်တို့ အားလုံး ဘာဖြစ်သွားမယ်ထင်သလဲ”

ကျွန်တော် မခံစားနိုင်တော့ဘူး။ အိမ်ချင်းကလည်းကပ်။ ငိုသံတွေက စိတ်မချမ်းသာ။ ကိုယ့်ကိုယ်ပါ စောင်းသလို ဆဲသလိုတွေ ဖြစ်လာတာကြောင့် အိမ်တံခါးကို အသာလေးပိတ် တိတ်တိတ်လေး လမ်းထိပ်ကိုထွက်လာ။ လက်ဖက်ရည်ဆိုင်ထဲသွားထိုင်နေလိုက်တယ်။ 

တစ်နာရီလောက်ကြာမှ ရပ်ကွက်ထဲကိုပြန်လာ၊ လမ်းထိပ်ကနားစွင့်၊ ဘာသံမှ မကြားလို့ အိမ်ပေါ်ကို အသာလေး ပြန်တက်လာ၊ မီးဖွင့်ပြီး စာဖတ်ကာ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားရတယ်။ ကျွန်တော်က အဲဒီလို ငိုသံတွေ အဆင်မပြေတာတွေ ကြားရ မြင်ရရင် အရမ်းခံစားတတ်တယ်။ 

ညဉ့်နက်တဲ့အထိ မနက်ဖြန် ပေးရမယ့် စာမူတွေကို ထိုင်ရေးနေမိတယ်။ ပတ်ဝန်းကျင် တိတ်ဆိတ်သွားတော့ စာရေးရတာလည်း ပိုကောင်းလာ၊ စာထဲ စိတ်ဝင်စားနေမိတာပေါ့။

“ဟီး … ဟီး … ဟီး … ကောင်းကြသေးရဲ့လား … ခုတော့”

ဘာလဲဟပေါ့။ ပြတင်းပေါက်ကို အသာလေးဟပြီး ခေါင်းရင်းအိမ်ကို ချောင်းကြည့်ရတယ်။ လူတွေ အများကြီး တွေ့ရလို့ သိချင်စိတ်ပိုများလာတယ်။ ခြံထဲဆင်းပြီးတော့ ခြံပေါက်ဝကနေ ပဲပြုတ်ရောင်းတဲ့ ဒေါ်လုံးကို လှမ်းမေးရတယ်

“ဒေါ်လုံး … ဘာဖြစ်သလဲ လူတွေများလှပါလား”

“သြော် … ဆရာရေ … မပြောချင်ဘူး”

ပြောမယ့်အရေးကို အိုက်တင်ခံပြီးမှ

“ဟို သေခြင်းဆိုး ဘကောင်းလေ ဖဲဝိုင်းမှာ ရန်ဖြစ်တာ။ ထိပ်နီတို့အုပ်စုက ဓားနဲ့ အသေထိုးလိုက်တာ သေပြီလေ”

“မြတ်စွာဘုရား … လုပ်ရက်လိုက်ကြတာ”

“ဆရာ့နှယ် … အပိုင်းထဲ အကုသိုလ်တစ်ကောင်လျှော့သွားတော့ ကောင်းတာပေါ့”

“ဒီလိုလည်း မပြောပါနဲ့ ဒေါ်လုံးရယ် သူမရှိတော့ မိသားစု ဒုက္ခရောက်မှာပေါ့”

“ဆရာ့နှယ် သူရှိတော့လည်း ဒုက္ခမရောက်တာ ကျနေတာပဲ”

ဒီလိုနဲ့ လူရမ်းကားတစ်ယောက် ဇာတ်သိမ်းသွားသပေါ့။ ရပ်ကွက်ထဲ ဆူသံညံသံ သိပ်မကြားရတော့ဘူး။

“ငါမရှိရင်ဘာဖြစ်သွားမလဲ”

ဘကောင်းမကြာခဏပြောတဲ့စကား စိတ်ဝင်စားတယ်။ ဘကောင်းမရှိတဲ့ နောက်ပိုင်း ခင်မြင့်တို့ သားအမိတွေ ဆန်လည်း လာမချေးတော့ပါလား

“ဟဲ့ ခင်မြင့် … အဆင်ပြေရဲ့လား။ ဘာတွေ လုပ်ကိုင်စားနေသလဲ”

“ပြေပါတယ်ဆရာကြီး … သမီးက ဈေးရောင်းတယ်။ သမီးကြီးက ဈေးမှာ အလုပ်သွားလုပ်တယ်။ သားငယ်က ကားဆေးတဲ့ဆိုင်မှာ။ သမီးတို့ အဆင်ပြေပါတယ်”

သီတင်းကျွတ်တော့ စိုးစိုးနဲ့ ကျော်အောင်က ကိတ်မုန့်လေး တစ်လုံးနဲ့ လာကန်တော့ကြတယ်

“ဘဘ … သမီးတို့  ဘဘကို လာကန်တော့တာပါ”

“ဟေ … သမီးတို့ အဆင်ပြေရဲ့လား”

“အဆင်ပြေတယ်ဘဘ … သမီးခုဆိုရင် ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။ အမေနဲ့ မောင်လေးက ဝိုင်းကူ တယ်။ အဆင်ပြေနေပြီဘဘ။ ထမင်းဆိုင်က ရောင်းကောင်းတယ်။ ဘဘကျေးဇူးတွေ ရှိပါတယ်။ သမီးတို့ မရှိ ဒုက္ခရောက်နေချိန်မှာ ဘဘက အမြဲအားပေးတာ။ ကျေးဇူးတင်လို့ပါ”

“အေးကွယ်ကြားရတာ ကောင်းလိုက်တာ။ ဒါနဲ့ နင့်အဖေ ပြောသလို သူမရှိရင် ဒုက္ခရောက်ကုန်မယ်ဆိုတာ တော့နားထဲ မထွက်ဘူးကွယ်”

“ဘဘရယ် … အဖေမရှိတော့ သမီးတို့ ဘာလုပ်ရမယ်ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်လို့ ရသွားတယ်။ သမီးတို့မှာ ရွေးချယ်ခွင့် မရှိဘူးဘဘ။ အဖေရှိတုန်းကလည်း ဟိုဟာလေး လုပ်မယ်ဆို မလုပ်နဲ့၊ သည်ဟာ လုပ်မယ်ဆို မလုပ်နဲ့။ သမီးတို့ ဘာမှ မလုပ်တတ်တော့ဘူး။ ပြီးတော့ အချိန်ပြည့် သမီးတို့မှာ သူ့အရိပ်ကြီးက လွှမ်းထားတယ်။ ခုတော့ သူမရှိဘူး သမီးတို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေရတယ်။ အဆုံးမှာတော့ ဘဘရယ် သမီးတို့မှာ အိမ်ပြန်လာရင် စိတ်မဆင်းရဲရတော့ဘူးဆိုတာကပဲ အလွန် ချမ်းသာနေပါပြီ။ ဘဘ … ဘဘကို ကန်တော့မယ်”

“အေးကွယ် … ဘဘ စိတ်ချမ်းသာလိုက်တာ … သာဓု … သာဓု … သာဓု”

ဆရာကြီးတင်ညွန့်