ကျိန်စာ

 ကျိန်စာ

---------

မောင်ကျော်စွာတစ်ယောက် တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်တွင် အိမ်ကိုရောက်လာသည်။

“ဆရာရေ ... ဆရာ့ကို ဗီဒီယိုလေးတစ်ခုလောက်ပြချင်လို့”

“ဘာများလဲကွ”

“ဒီမှာဆရာ နားထောင်ကြည့်လိုက်ပါ”

ကျွန်တော်က သူ့ဖုန်းကို ယူလိုက်ပြီး သူပြသည့် ဗီဒီယိုကိုဖွင့်ကာ ကြည့်လိုက်မိသည်။

အဘွားအိုတစ်ဦး၏ ကျိန်စာတိုက်နေသံကို ကြက်သီးထဖွယ် ကြားလိုက်ရပါသည်။ ကျွန်တော်က သူ့ကို ဖုန်းပြန် ပေးလိုက်သည်။

“သိပ်တော့ မထူးဆန်းပါဘူးကွာ”

“ဘာဖြစ်လို့လဲဆရာ”

“ဒီလို ကျိန်စာတိုက်တာတွေဟာ ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တာပဲကွယ့်”

“ပြောပါဦးဆရာ ... ဘုရားရှင်လက်ထက်က ကျိန်စာဆိုတော့ စိတ်ဝင်စားသွားပြီ”

“ဒီလိုကွ ...”

ကပိလတိုင်း၊ ဥတ္တရာပဉ္စာလပြည်မှာ ပဉ္စာလမင်း အုပ်ချုပ်စဉ်ကပေါ့

အဲဒီမင်းဟာ တကယ်တော့ တရားမင်း မဟုတ်ဘူး၊ မတရားမင်းတစ်ပါးပဲ။ မင်းကိုယ်တိုင်က အဂတိလိုက်စား တယ်။ ခေါင်ကစပြီး မိုးမလုံတော့ မှူးမတ်တွေလည်း တရားမစောင့်ကြတော့ဘူး။ ပြည်သူတွေကို အခွန်နဲ့ နှိပ်စက်နေလို့ ပြည်သူပြည်သားတွေဟာ ရှောင်ပုန်းနေကြရတယ်။ 

ပြည်သူတွေ နေ့ဆိုရင် တောထဲထွက်ရှောင်၊ ညဆိုမှပြန်လာကြရတယ်။ နေ့အခါ မင်းချင်းတွေကနှိပ်စက်၊ ညအချိန် သူခိုး ဓားပြတွေက နှိပ်စက်နဲ့ တိုင်းပြည်ပျက်နေချိန်ပေါ့။ 

အဲဒီအချိန်မှာ တည်ပင်စောင့်နတ်ကလည်း မနေသာတော့ပဲ တစ်ညတော့ ပဉ္စာလမင်းထံ ကိုယ်ထင်ပြပြီး 

“မင်းယုတ် ... သင်ကား မေ့လျော့စွာ မင်းပြု၏။ မတရားအုပ်ချုပ်၏။ အဂတိတရားလည်း လိုက်စား၏။ ထို့ကြောင့် တိုင်းပြည်ပျက်စီးနေရသည်ကို မသိပြီလော။ ဤသို့ စီမံအုပ်ချုပ်နေလျှင် သင်သည် မင်းအဖြစ်နှင့် မထိုက်တန်ရာ။ သင့်ကြောင့် မျက်မှောက်ကာလတွင် ပြည်သူတွေ ပျက်စီးနေရသလို သင်သည်လည်း နောင် တမလွန်တွင် ငရဲသို့ကျတော့မည်” လို့ သတိလာပေးတယ်။

ဘုရင်ဆိုတော့ နတ်ကတောင် ကိုယ်ထင်ပြပြီး သတိပေးရတာကို တုန်လှုပ်သွားတယ်။ ဒါကြောင့် နောက်တစ်နေ့ နံနက်မှာ ပရောဟိတ်ပုဏ္ဏားကြီးကိုခေါ်ပြီး ရုပ်ဖျက်ကာ တိုင်းခန်းလှည့်လည်ခဲ့တယ်။

“နိပါတ်တော်မှာတော့ ကျိန်ဆဲတဲ့လူတွေ အများကြီးပဲကွ။ လူအို ကျိန်ဆဲခန်း၊ အမယ်အို ကျိန်ဆဲခန်း၊ လယ်ထွန်သူ ကျိန်ဆဲခန်း၊ နို့ညှစ်သူ ကျိန်ဆဲခန်း၊ သူငယ်တို့ ကျိန်ဆဲခန်း၊ ဖားတွေရဲ့ ကျိန်ဆဲခန်းဆိုပြီး အသီးသီး ပြဆိုထားတယ်။ အကျယ်ကိုတော့ စာအုပ်ထဲဖတ်ကြည့်။ မင်းက အမယ်အိုအကြောင်း ပြုတာကြောင့် အမယ်အို ကျိန်ဆဲခန်း တစ်ကွက်ကိုပဲ ထုတ်ပြောတော့မယ်”

“ဟုတ်ကဲ့ပါဆရာ”

မင်းနဲ့ ပုဏ္ဏား ရွာတစ်ရွာကို ရောက်လာစဉ်မှာ အမယ်အိုတစ်ယောက်ဟာ ချုံပေါ်တက်ပြီး ဟင်းသီးဟင်းရွက် ခူးနေတာ တွေ့လိုက်ရတယ်။ အမယ်အိုလည်း အပေါ်ကနေ အောက်ကို ပြုတ်ကျတယ်။ အတော်လေး နာကျင် သွားတဲ့ အမယ်အိုကြီးဟာ ဘယ်လို ကျိန်ဆဲလိုက်သလဲဆိုတော့

“ဤတိုင်းနိုင်ငံတွင် သတို့သမီးတို့သည် လင်မရဘဲ အိုကြရကုန်၏။ ငါ့သမီးနှစ်ယောက်သည် အကယ်၍သာ လင်ရကြပါလျှင် ငါ့ကို ကျွေးမွေးစောင့်ရှောက်နိုင်ကြပေလိမ့်မည်။ ယခုမူ ငါကိုယ်တိုင် အိုကြီးအိုမနှင့် ချုံပင်ပေါ် တက်ပြီး အရွက်ခူးနေရသောကြောင့် လိမ့်ကျရလေ၏။ ငါတို့တိုင်းပြည်ကို အုပ်ချုပ်နေသော မင်းသည် ဘယ်အချိန်တွင် သေပါအံ့နည်း။ မြန်မြန်သေပါစေ” လို့ကျိန်ဆဲတယ်။

မင်းနှင့်အတူ ပါလာသော ပုဏ္ဏားကလည်း

“ဟယ် အဘွားကြီး သင့်သမီးတွေ လင်မရသည်နှင့် အဘယ်ကြောင့် မင်းကြီးကို ကျိန်ဆဲရသနည်း"

“အို ပုဏ္ဏား ငါကျိန်ဆဲရသည်မှာ အကြောင်းရှိ၏။ မင်းဆိုသူသည် တိုင်းနိုင်ငံကို မစောင့်ရှောက်နိုင်သူ ဖြစ်နေသည်။ အခွန်အတုတ်တွေကို မတရားကောက်ခံနေသည်။ နေ့ဆို အခွန်ကနှိပ်စက် ညဆိုလည်း သူခိုး ဓားပြတွေကို နှိမ်နင်းနိုင်စွမ်း မရှိသောကြောင့် တိုင်းနိုင်ငံတစ်ဝန်းလုံးတွင် ပူပန်နေကြရသည်။ တရားမစောင့်သောမင်းကြောင့် တရားမစောင့်သူတွေ များလာပြီး တရားမဲ့ ပြုကျင့်မှုတွေ လွန်ကဲလာသည်။ ယောက်ျားသားအများ အလုပ်အကိုင်မလုပ်နိုင်။ ပုန်းရှောင်နေရသဖြင့် အိမ်ထောင်ပြုခြင်းလည်း မလုပ်နိုင်။ သားမယားတွေကို ရှာဖွေမကျွေးနိုင်သည့်ကာလတွင် အဘယ်မှာလျှင် ငါ့သမီးတွေလည်း လင်ရနိုင်ပါအံ့နည်း။ ထို့ကြောင့် မင်းဆိုသော မတရားမင်း မြန်မြန်သေပါစေသတည်း”

“ဟာ ဆရာရယ် အဲဒီလိုကြီး ကျိန်ဆဲတာလား”

“နိပါတ်တော်ထဲမှာ အဲဒီအတိုင်းပဲ”

“အဲဒီ ဘုရင် ပြည်သူတွေ ကျိန်ဆဲမေတ္တာပို့နေသလို သေသွားရောလားဆရာ”

“ခြောက်နေရာ ရောက်တာ ခြောက်နေရစလုံးက ကျိန်ဆဲနေတော့ မင်းလည်း လန့်သွားတာပေါ့။ ဇာတ်တော် ထဲမှာတော့ အဲဒီ ပဉ္စာလမင်း သေတယ်လို့ မပါဘူးကွယ်။ ကြောက်လန့်ပြီး နေပြည်တော် ပြန်ရောက်တော့ အဂတိမလိုက်စားတော့ပဲ နောင်တရပြီး တရားနဲ့အညီ မင်းပြုလေသတည်းလို့ပဲပါတယ်”

“ဟာ ဆရာရယ် ... ဇာတ်သိမ်းမကောင်းလိုက်တာ”

“ဘာဖြစ်လို့လဲကွ”

“ကျွန်တော်တို့ ဖြစ်စေချင်သလို မဖြစ်လာတာကို ပြောတာပါဆရာ”

“မင်းက ဘာများ ဖြစ်စေချင်လို့လဲကွ”

“အဲဒီမင်း သေကို သေရမှာဆရာ”

(ရည်ညွှန်းကိုးကား-ငါးရာ့ငါးဆယ် နိပါတ်တော်၊ ဂန္ဓတိန္ဒုကဇာတ်)

တင်ညွန့်

၁၆.၁.၂၀၂၄