ဆရာ့မုသား

 ဆရာ့မုသား

--------------

ကျောင်းပိတ်ရက်တစ်ရက် ကျွန်တော် ရွာထဲကို ထွက်ခဲ့တယ်။

“ဆရာကြီး … လက်ဖက်ရည်လေးများ ဝင်သောက်ဦး”

“နေပါစေ … ဟိုဘက်ရွာက အလှူကိုသွားမလို့ နောက်ကျနေပြီ”

ရွာလယ်က ညောင်ပင်ကြီးအောက်ရောက်တော့ ခွေးနီတစ်ယောက် သုတ်သုတ်လေးပြေးလာ ညောင်ပင် နောက်ကို ဝင်သွားတယ်။ ကျွန်တော်က

“ခွေးနီ … သေးမပေါက်နဲ့နော် … နတ်ကိုင်နေဦးမယ်”

“ညောင်ပင်ခေါင်းထဲက ငှက်ဥတွေလည်း မနှိုက်နဲ့နော် …မြွေရှိတယ်”

အဲဒီအချိန်မှာ ခွေးနီ အဖေ စိန်ဝင်းက ဟိုကြည့် သည်ကြည့်

“ဟေ့ကောင် စိန်ဝင်း ဘာတွေရှာနေသလဲ”

“ခွေးနီ ပျောက်နေလို့”

“အောင်မယ် … ဟိုနောက်မှာဗျာ”

ကျွန်တော်က ညောင်ပင်နောက်ကို လက်ညှိုးထိုးပြပြီး ခရီးဆက်သွားတယ်။

နောက်တစ်နေ့ ကျောင်းဖွင့်တော့ ခွေးနီတစ်ယောက် ကျောင်းကို ထော့နင်းထော့နင်းနဲ့ ရောက်လာတယ်

“ဟဲ့ … ဘာဖြစ်လာသလဲ”

“ဆရာကြီးကြောင့်ပေါ့”

“အလိုဗျာ … ငါ့ကြောင့် ဟုတ်လား”

“ဟုတ်တယ်လေ … သားက အဖေရိုက်လို့ ထွက်ပြေးပြီး ပုန်းနေတာ … အဲဒါ ဆရာကြီးက ဘာဖြစ်လို့ ပြောပြ လိုက်တာလဲ”

“ဟာ … သားသမီးရိုက်တာ ရိုက်တာပေါ့ … ဒီလောက်ကြီး နာအောင်ရိုက်ရသလား … မင်း အဖေ ငါနဲ့ တွေ့မယ်။ ဒါနဲ့ နေပါဦး ... မင်းကို ဘာဖြစ်လို့ လိုက်ရိုက်သလဲ”

“ပိုက်ဆံခိုးလို့”

“ဟာ … ဒါကတော့ဆိုးတယ်။ မင်းခိုးတာ အပြစ်ကြီးသွားပြီ … ဆရာ မင်းကို အပြစ်ပေးရမယ်”

“သားခိုးတာ မဟုတ်ဘူး … အမေခိုးတာ … အဲဒါ အဖေက အမေ့ကို ရိုက်မှာစိုးလို့ သားခိုးတာလို့ပြောလိုက်တာ”

“ဟာ”

ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ လောကီ လူ့ဘောင် မရှောင်နိုင်တဲ့ ကိစ္စတွေမှာ စိတ်ရှုပ်သွားရတယ်။

နောက်တစ်ပတ် ကျောင်းပိတ်တော့ ဟိုဘက်ကမ်းမှာ ကထိန်ရှိလို့ ဖိတ်တာနဲ့ သွားဖို့ ထွက်လာပြန်တယ်။

အဲဒီနေ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် ခွေးနီက သောင်ပြင်ကို ပြေးဆင်းလာပြန်တယ်။

“ဟေ့ … ဟေ့ … ဘာဖြစ်လာပြန်ပြီလဲ”

ခွေးနီက သောင်ပြင်ကနေ ဖောင်တွေပေါ် ကျော်တက်ပြေး၊ ဖောင်အစွန်းလေးမှာ ရေထဲကို ဆင်းပြီး ခိုနေလိုက် တာကို တွေ့ရတယ်။

အဲဒီအချိန်မှာပဲ စိန်ဝင်းက လှည်းဒေါက်ခွကြီးကိုင်ပြီး သောင်ပြင်ကို ပြေးဆင်းလာပြန်တယ်။

“ဟေ့ … စိန်ဝင်း … ဘာဖြစ်လာတာလဲ”

“ဆရာ … ဟိုကောင်ကို မတွေ့ဘူးလား”

“ဘယ်ကောင်လဲ”

“ခွေးနီ”

“မတွေ့မိဘူးကွ”

ကျွန်တော် လိမ်လိုက်ရလို့ စိတ်မကောင်းဖြစ်ပေမယ့် လိမ်လိုက်တယ်။

“မင်းကွာ ကလေးကို ဆုံးမတာပဲ လှည်းဒေါက်ခွနဲ့ လိုက်ရတယ်လို့ … မလွန်ဘူးလား”

“ဆရာကြီး စဉ်းစားကြည့် … ကျွန်တော်မသိအောင် စပါးနှစ်တောင်းတောင် ရောင်းစားလိုက်တယ်”

“နေဦး … အဲဒါ ခွေးနီရောင်းစားတယ်လို့ မင်းထင်သလား”

“ဒီကောင်ပဲ … အမြဲ အိမ်မှာ ခိုးနေကျ”

“စိန်ဝင်းရယ် … ငါ့တပည့်က လူကောင်းပါ။ စာလည်းတော်တယ်။ ကျောင်းမှာ ဘယ်သူ့ဆီကမှ ဘာမှ မခိုး ပါဘူးကွာ။ သူအကြောင်း ငါကောင်းကောင်း သိပါတယ်။ နောက်ဆုံး ငါပြောမယ်ကွာ … သူခိုးတယ်ပဲထား … သူ့အဖေဆီကပဲ သူခိုးတာ … ကိုယ့်အိမ်ထဲမှာ ခိုးယူရလောက်အောင် အနေအထား တစ်ခု ဖြစ်နေပြီ ဆိုတာ အကြောင်း တစ်ခုခု ရှိမှာပေါ့ … မင်းပြန်စဉ်းစားကြည့်ပါလား။ ငါမပြောချင်လို့ ကြည့်နေတာ … ဟိုတစ်ခါကလည်း မင်း ခြေကျိုးလောက်အောင် ရိုက်ပြီးပြီ။ ခုလည်း လှည်းဒေါက်နဲ့ … သတ္တဝါနဲ့ လက်နက်နဲ့ မမျှအောင်ပဲ … ဒါကြီးနဲ့ ရိုက်လိုက်လို့ တစ်ခုခု ဖြစ်သွားရင် … မင်းသားပဲလေ”

စိန်ဝင်းက တွေသွားတယ်

“ကျွန်တော် ပြန်ပါဦးမယ် ဆရာကြီး”

စိန်ဝင်းကလှည့်ထွက်သွားတယ်။ သူကကုန်းထက်ကို တက်သွားချိန်မှာ ကျွန်တော်က

“ခွေးနီ … မင်းအဖေ သွားပြီ … တက်လာခဲ့တော့”

ခွေးနီမတက်လာ

“သားရေ … တက်လာလေ”

ကျွန်တော်က စိတ်ထဲမှာ တစ်မျိုးဖြစ်လာလို့ ဖောင်ပေါ်တက်သွားပြီး သူပုန်းနေတဲ့ နေရာကိုကြည့်တယ်။ ဘာမှ မတွေ့တော့ဘူး

“စိန်ဝင်းရေ … စိန်ဝင်း … လာပါဦးဟ”

ကမ်းပေါ်ကို ရောက်နေတဲ့ စိန်ဝင်းက ပြေးဆင်းလာတယ်။

“ဘာလဲ ဆရာကြီး … ဘာလဲ”

“ဒီမှာ … ခွေးနီ ပုန်းနေတာ … ဒီမှာ ပုန်းနေတာ … မင်းရိုက်မှာ စိုးရိမ်လို့ ငါလိမ်လိုက်တာ … ခုမရှိတော့ဘူး”

ကျွန်တော်တို့ ခွေးနီကိုရှာကြတယ်။ တစ်ရွာလုံးရောက်လာပြီး ခွေးနီကို ရှာကြတယ်။ ဖောင်ကို ရွှေ့ပြီး ရှာကြတယ်။

ဖောင်အောက်ကို ဝင်သွားတဲ့ ခွေးနီအလောင်းကို ကျွန်တော်တို့ပြန်ရတယ်။

ကျွန်တော့် ဘဝမှာ စိတ်မချမ်းသာစရာ အကောင်းဆုံးပဲ

ကထိန်ရာသီရောက်တိုင်း ခွေးနီကို သတိရမိတယ်။

ကျွန်တော် အမှန်အတိုင်းပြောတော့ သူအရိုက်ခံရတယ်

ကျွန်တော် လိမ်ပေးတော့ သူသေသွားတယ်။

-

#တင်ညွန့်

၁၅.၁၁.၂၀၁၈

(