မှိုင်းတိုက်ခံနေရသူများ
--------------------------
“ဆရာရေ … တစ်ခုလောက်မေးချင်လို့ပါ”
“ဘာများလဲကွ”
“ခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲတွေမှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ၊ လင်လု၊ ရည်းစားလုတာတွေ ဆိုးဆိုးရွားရွားကို ရိုက်ပြလာကြတာတွေ့နေရတယ်ဆရာ။ အဲဒါဘာကြောင့်လို့ ဆရာထင်သလဲ”
“မောင်ကျော်စွာ ခေါင်းစဉ်ပြောင်းရင်ကောင်းမယ်ထင်တယ်ကွာ။ ငါက အဲဒီရုပ်သံဇာတ်လမ်းတွေရော၊ ရုပ်ရှင် တွေကိုရော စိတ်မဝင်စားဘူးကွ။ ငါ့အိမ်မှာ တီဗီတောင်မရှိတာ မင်းမြင်မှာပေါ့။ ငါမသိတဲ့နယ်ပယ်ကို မဆွေးနွေးချင်ဘူးကွာ”
“ဆရာကတော့ မကြည့်လို့ မသိပေမယ့် ကျွန်တော့်အိမ်မှာတော့ ညီမတွေ၊ အဒေါ်တွေ၊ အမေတွေက အဲဒါ တွေကိုပဲ စောင့်ကြည့်နေကြတာ အလုပ်တစ်ခုလို ဖြစ်လာလို့ပါဆရာ။ ကျွန်တော်တော့ ကြာလေ ရွံစရာကောင်း လေလို့ မြင်လာလို့ပါ”
“အေး … မင်းပြောတဲ့ကားတွေ မကြည့်ဘူးပေမယ့် မင်းပြောတဲ့အကြောင်းအရာမှာ လင်လုတာတွေ၊ အိမ်ထောင်ရေးဖောက်ပြန်တာတွေကို အသားပေးနေရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကတော့ ကောင်းကွက်မရှိဘူးပေါ့ကွာ။ အဓိက ကတော့ တည်ငြိမ်တဲ့ အိမ်ထောင်ရေးနဲ့ အချစ်ရေးတွေအပေါ် ယုံကြည်မှု လျော့နည်းသွားစေနိုင်တာပဲ။ ဘယ်သူနဲ့ပဲလက်ထပ်သည်ဖြစ်စေ ဖောက်ပြန်ကြမှာပဲဆိုတဲ့ အယူအဆတွေ ဖြစ်သွားရင် မကောင်းဘူးပေါ့”
“ခုက အဲဒီလိုကိုဖြစ်နေကြတာဆရာ။ ရန်ဖြစ်တာ၊ ပေါက်ကွဲတာတွေ၊ ဖောက်ပြန်တာတွေက မထူးဆန်းတော့ သလိုကို ဖြစ်လာတာ”
“အဲဒါဆိုးတာပေါ့ကွာ။ လက်တွေ့ဘဝမှာ အိမ်ထောင်ရေးပြဿနာကြုံလာရင် ညှိနှိုင်းဆွေးနွေးဖို့ထက် ရန်လို တုံ့ပြန်တာတွေကို ပုံတူကူးချတာတွေဟာ ဖြစ်လာနိုင်တာပဲ”
“ဆရာ ဆရာတို့ခေတ်တွေတုန်းက အဲဒီလို ရုပ်ပျက်ဆင်းပျက် လင်လုဖောက်ပြန်တာတွေ ရှိခဲ့ဖူးသလား”
“ဘယ်ခေတ်မှာမဆို ရှိနိုင်တာပဲကွ။ ဒါပေမဲ့ အနုပညာကို တင်ပြနိုင်ပုံတော့ကွာတာပေါ့။ ရိုးရိုး ယဉ်ယဉ်လေးနဲ့ ဆရာကြီး ဦးသုခတို့ တင်ပြသွားတဲ့ အိမ်ထောင်ရေးဇာတ်ကားတွေ အများကြီး ရှိခဲ့ဖူးတာပဲ။ ငါကြိုက်တဲ့ အဖြူ အမည်းခေတ်က ဇာတ်ကားတွေကတော့ တကယ့်ကို မျက်ရည်ကျလောက်အောင် သိမ်မွေ့တာကွ”
“ခုခေတ်မှာက တစ်ခါလာလည်းဖောက်ပြန်၊ တစ်ခါလာလည်းရန်ဖြစ်နဲ့ တော်တော်ကို ပေါ်ပေါ်တင်တင်နဲ့ ထမင်းစားရေသောက်လို လုပ်လာကြတာဆရာ”
“အိမ်ထောင်ရေးဒရာမာတွေ ထွန်းကားလာရတာဟာ ဈေးကွက်စီးပွားရေးရဲ့ လိုအပ်ချက်တစ်ခုအနေနဲ့ အကောင်အထည်ဖော်နေကြတာလို့ ပြောရင်ရတယ်။ ရုပ်သံလိုင်းထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့ အဓိက ရည်ရွယ်ချက်ကဘာလဲ။ ကြည့်ရှုသူများပြီး ကြော်ငြာဝင်ငွေတိုးဖို့ မဟုတ်လား။ အဲဒီလိုစိတ်ပိုင်းဆိုင်ရာ ဒေါသ ဖြစ်တာတွေ၊ လက်စားချေတာတွေ၊ လျှို့ဝှက်ချက်တွေပေါ်ပေါက်လာတာတွေဆိုတာ ပုံမှန်ဇာတ်လမ်းတွေ ထက် စွဲဆောင်နိုင်စွမ်းရှိတော့ အဲဒါတွေကိုပဲ ဦးတည်ရိုက်တာဖြစ်မှာပေါ့။ အမှန်တော့ အဲဒီလိုကားတွေ ဘာဖြစ်လို့ရိုက်နေသလဲဆိုရင် လူတွေကလည်း ကြိုက်နေလို့လေ။ သူတို့ကြည့်နှုန်းကို မြှင့်တင်ချင်လို့ ရိုက်နေ ကြတာလို့ ပြောနိုင်တယ်”
“စီးပွားရှာချင်တာနဲ့ ကလေးတွေကို မှားယွင်းတဲ့သဘောတရားတွေ ရိုက်သွင်းနေကြတာ ဖြစ်သင့်လားဆရာ”
“အေးကွ ခက်တာက လမ်းကြောင်းမှန်နဲ့ ပညာပေးကားတွေကလည်း တိုးလို့ပေါက်မှာ မဟုတ်ဘူး။ ဘယ်သူကမှလည်း ရိုက်ကူးထုတ်လုပ်ကြမှာ မဟုတ်ဘူး။ လူဆိုတာက စပ်စုတတ်တာကွ၊ ဒါကြောင့် သူတစ်ပါးရဲ့ ပြဿနာတွေကို စိတ်ဝင်စားတတ်ကြတယ်။ ဇာတ်လမ်းတွဲတွေထဲမှာ မဖြစ်နိုင်လောက်အောင် ချမ်းသာတာတွေ၊ မဖြစ်နိုင်လောက်အောင် အနေအထားမတူတာတွေကို အတင်းထိပ်တိုက်တွေ့ခိုင်းတာတွေ ပါနိုင်တယ်။ လက်တွေ့ဘဝမှာ မလုပ်နိုင်တဲ့ သူတို့စိတ်ကူးယဉ်ထားတဲ့ စိတ်ဝင်စားတဲ့အဖြစ်အပျက်တွေကို အစားထိုးခွင့် ပေးထားတယ်လေ။ ဒီလိုနဲ့ လူ့ဘဝမှာမကျေနပ်ချက်တွေ၊ ဒေါသတွေကို ဖော်ထုတ်မရနိုင်တဲ့ အခါမှာ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကိုကြည့်ပြီး သူတို့လိုဒေါသတွေထွက်၊ လက်စားတွေလိုက်ချေပြီး စိတ်ဖိစီးမှုကို အာသာဖြေကြတာလို့ပြောနိုင်တယ်”
“အရင်က ဆင်ဆာတွေဘာတွေရှိတယ်နော်ဆရာ”
“ခုလည်း ရှိမှာပါ။ အဲဒီအကြောင်းတွေကိုတော့ ငါကစိတ်မဝင်စားလို့ ကောင်းကောင်းမသိဘူးကွ။ ဆင်ဆာ ကတော့ရှိမှာပါ။ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နက်နက်နဲနဲ ဖော်ထုတ်တင်ပြဖို့ဆိုတာ ပညာလည်းလိုတယ်။ အဲဒီလိုကားတွေရိုက်ဖို့ဆိုတာ ဆင်ဆာနဲ့ ငြိနိုင်တာကြောင့် အန္တရာယ်ကင်းတဲ့၊ စိစစ်ရေးနဲ့လည်း မငြိနိုင်တဲ့ အချစ်၊ အိမ်ထောင်ရေး၊ ဒရာမာကားတွေကိုပဲ ရိုက်ကူးဖို့ အားသန်လာကြတာလည်း ဖြစ်နိုင်တယ်”
“ဇာတ်ကြောင်းတွေက အပ်ကြောင်းထပ်နေပါပြီဆရာရယ်”
“အိမ်ထောင်ရေး တြိဂံ သုံးပွင့်ဆိုင်ဇာတ်လမ်း (Love Triangles) ဆိုတာ ဘယ်တော့မှ မရိုးဘူးကွ။ ဇာတ်ကွက်ကိုလည်း အလွယ်တကူတည်ဆောက်နိုင်တာကြောင့် ပရိသတ်နဲ့ ရင်းနှီးပြီးသားဒီဇာတ်လမ်း တွေကိုပဲ ထပ်တလဲလဲရိုက်နေကြတာနေမယ်”
“ကိုရီးယား၊ ထိုင်း ဇာတ်ကားတွေကို ပုံတူကူးချနေကြတာတွေလည်း များပါတယ်ဆရာရယ်”
“သူများနိုင်ငံတွေမှာက ယောက်ျားနဲ့မိန်းမ ဆက်ဆံပေါင်းသင်းရေးဆိုတာ သိပ်ပြီးအလေးအနက်ထားတဲ့ ပုံစံတွေ မရှိဘူးကွ။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို လုပ်ကိုလုပ်ရမယ့်အရာတစ်ခုအနေနဲ့ ဖော်ထုတ်လွန်း အားကြီးလာရင် လူငယ်တွေမှာ ကိုယ်ကျင့်တရားဆိုင်ရာ အကောင်းအဆိုး ခွဲခြားနိုင်စွမ်းတွေ ပျော့ညံ့သွားနိုင် တယ်။ ဇာတ်လမ်းထဲမှာတောင် ဒီလိုလုပ်လို့ရရင် အပြင်မှာလည်း စမ်းသပ်ကြည့်သင့်တယ်ဆိုတဲ့ စိတ်ဆိုး စိတ်ညံ့တွေဝင်လာနိုင်တာပေါ့။ မင်းတို့လူငယ်တွေရဲ့စိတ်ထဲကို ဘဝရဲ့အကြီးမားဆုံးသောရည်မှန်းချက်ဟာ ပညာရေးဆိုတာထက် အိမ်ထောင်ရေးဖျက်ဆီးဖို့၊ အချစ်ရေးမှာ ရှုပ်ထွေးဖို့ဆိုတာတွေဖြစ်လာရင် ဦးတည်ချက် ပျောက်သွားနိုင်တယ်”
“ဒီလိုလုပ်နေတာတွေဟာ ဆရာမကြာခဏပြောသလို စနစ်တကျဖျက်ဆီးတာမျိုးရော မဖြစ်နိုင်ဘူးလားဆရာ”
“မောင်ကျော်စွာ မင်းမြင်သလို လူငယ်တွေအားလုံးမြင်နိုင်ရင်ကောင်းမယ်။ ငါတို့ကို လူ့ပျော့လူညံ့ ငတုံးတွေ ဖြစ်အောင်လုပ်နေတာပါလားဆိုတဲ့ အမြင်မျိုးတွေ ဖြစ်လာရင် သိပ်ကောင်းတာပေါ့၊ ဒါကြောင့် အဲဒီရုပ်သံ ဇာတ်လမ်းတွဲတွေကို ကြည့်မယ်အစား စာအုပ်တွေဖတ်နိုင်အောင် ငါကတော့ အားပေးတယ်။ လက်ရှိမီဒီယာ တွေက ငါတို့ကို စိတ်ဓာတ်ပျော့ညံသူတွေဖြစ်အောင်လုပ်နေတာပါလားလို့မြင်ရင် သူတို့ပုံစံသွင်းတာ မခံကြနဲ့ ပေါ့ကွာ။ ကိုယ့်ပုံစံကိုယ်တည်ဆောက်၊ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်လမ်းကိုယ်လျှောက်နိုင်အောင်လုပ်ကြဖို့ လိုတယ်။ ရှင်းအောင်ပြောရရင် မှိုင်းမမိစေနဲ့ပေါ့”
“စိတ်ချပါဆရာ ကျွန်တော်တို့က နားလည်ပါတယ်”
“ကိုယ်နားလည်ထားရင် တစ်ယောက်ကစပြီး နောက် ဆယ်ယောက်ရရ စည်းရုံးသိမ်းသွင်းဖို့လိုတယ်။ ရုန်းထွက်ကွ။ ရုန်းထွက်နိုင်အောင် စာဖတ်ကြ။ သူများအကြောင်း စပ်စုချင်တယ်ဆိုရင်လည်း ဝတ္ထုတွေဖတ်ကွ။ တက္ကသိုလ်ဘုန်းနိုင်လောက်မင်းတို့ဖတ်ပြီး ခံစားနိုင်ရင်မဆိုးပါဘူး”
“ဖတ်ဦးမယ်ဆရာ”
တင်ညွန့်
၉.၁၂.၂၀၂၅