မိသားစုစိတ်ဓာတ်

 မိသားစုစိတ်ဓာတ်

---------------------

ကျွန်တော် မနေ့က မိတ်ဆွေတစ်ဦးအိမ်ကိုရောက်ခဲ့သည်။


သူနှင့်ကျွန်တော် မတွေ့သည်မှာ ၁၀ နှစ်ဝန်းကျင်ခန့်ရှိပြီ။


သူက ဌာနတစ်ခုတွင် အမှုထမ်းခဲ့ပြီး ပင်စင်ယူသည်မှာ မကြာသေး။ သူ့ဇနီးကလည်း ဝန်ထမ်းဖြစ်ပြီး သူ့ထက် အသက်ငယ်သောကြောင့် ပင်စင်ယူရန် နောက်ထပ် သုံးနှစ်လိုသေးသည်။ သူတို့တွင် သားသမီး သုံးယောက်ရှိ သည်။ အကြီးဆုံးသမီးက ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်နေသည်။ အလတ်သားနှင့် အငယ်မလေးက ကျောင်းတက်နေဆဲဖြစ်သည်။


ကျွန်တော်သူ့အိမ်ရောက်ချိန်တွင် ရုံးသွား၊ ကျောင်းသွားတွေနှင့် တစ်ယောက်မျှမရှိတော့။ သူတစ်ယောက် တည်းရှိနေသဖြင့် အားရပါးရ စကားတွေပြောကြသည်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောမကုန်။


သူက


“ဆရာ ထမင်းစားပြီးမှပြန်ရမယ်။ ဒီမှာ အားလုံးအသင့်ရှိတယ်”


“ရပါတယ်ဗျာ။ အပြင်လိုက်ခဲ့။ ဆိုင်တစ်ဆိုင်ဆိုင်မှာ စားကြတာပေါ့”


ကျွန်တော်တို့ ထမင်းစားချိန်တိုင်သွားသည်။


“ခဏ ဆရာ … ကျွန်တော် ပန်းကန်တွေဆေးစရာရှိသေးလို့ စောင့်ပေးနိုင်မလား။ တော်ကြာ သားနဲ့သမီးက ပြန်ရောက်လာတော့မှာ”


“ရပါတယ်။ ကျွန်တော် စာဖတ်ရင်းစောင့်နေပါ့မယ်”


သူက အိမ်နောက်ဖေးကို ဝင်သွားသည်။ အထဲတွင် ပန်းကန်ဆေးသံတွေကြားရသည်။ ကျွန်တော်က ပါလာသည့် စာအုပ်တစ်အုပ်ကို ထုတ်ဖတ်နေမိသည်။ အတန်ကြာသော် သူက တံမြက်စည်းတစ်ချောင်း ယူလာကာ အိမ်ရှေ့သန့်ရှင်းရေးလုပ်သည်။


“ဆရာရေ အိမ်မှာက မနက်မိုးလင်းတာနဲ့ စစ်ခင်းသလို အပြေးအလွှားချက်ပြုတ်ပြီး အလုပ်ကို ပြေးကြတာ။ ကျန်တာတွေကို ကျွန်တော်ပဲ လိုက်ရှင်းရတာ”


“ခင်ဗျားဗျာ ပင်စင်ယူပြီးမှ အိမ်အကူဘဝရောက်ရတယ်လို့”


“အိမ်အကူဘဝရောက်တော့လည်း ဘာဖြစ်သလဲဆရာ။ ကိုယ့်အိမ်ပဲဟာကို”


သူကတံမြက်စည်းလှည်းပြီး ကျွန်တော့်ရှေ့တွင် ဝင်ထိုင်လိုက်ရင်းက


“ဒီလိုလုပ်နေတာ ဘာကြောင့်လို့ ဆရာထင်သလဲဟင်” ဟု မေးလာသည်။


“ခင်ဗျားက ခင်ဗျားမိန်းမကို ကူညီချင်လို့နေမှာပေါ့”


“မဟုတ်ဘူးဆရာ”


“ဗျာ”


“ကျွန်တော့် မိန်းမက ကျွန်တော့်အကူအညီ မလိုဘူးဆရာ”


“ဘယ်လိုပါလိမ့်”


“တကယ်တော့သူက လက်တွဲဖော်ပဲလိုတာ”


“ခင်ဗျားစကားကိုတော့ စိတ်ဝင်စားသွားပြီ”


“ဟုတ်တယ်ဆရာ ကျွန်တော် သူတို့အားလုံး ထွက်သွားတာနဲ့ မီးဖိုချောင်မှာ ဆေးကြောသန့်စင်၊ အိမ်သာကအစ သန့်ရှင်းရေးဝင်တယ်။ အဝတ်တွေကို အဝတ်လျှော်စက်နဲ့ လျှော်တယ်။ မီးလာရင် မီးပူထိုးပေးတယ်။ အိမ်သန့်ရှင်းရေး တာဝန်ကို ကျွန်တော် တတ်နိုင်သလောက်လုပ်တယ်။ အဲဒါဘာကြောင့်လို့ ဆရာထင်သလဲ”


“ပြောပါဦးဗျာ”


“ကျွန်တော့်ကိုယ်ကျွန်တော် ဒီမိသားစုရဲ့ လက်တွဲဖော်ကောင်း၊ ဖခင်ကောင်းတစ်ယောက်လို့ တွေးလိုက်တဲ့ အခါ ကျွန်တော် ကူညီတယ်ဆိုတဲ့သဘောထက်၊ မျှဝေခံစားနားလည်ပေးပြီး လုပ်နေတယ်ဆိုတဲ့ သဘော ဝင်လာတယ်”


“ကောင်းလိုက်တာ”


“ကျွန်တော် ဒီအိမ်ကို ရှင်းလင်းသန့်ရှင်းအောင် လုပ်ရမယ်ဆရာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ဒီအိမ်ရဲ့ အိမ်သားတစ်ယောက်ဖြစ်နေလို့ပဲ”


“ကျွန်တော် မီးလာရင် ထမင်းချက်ထားတယ်၊ ဒီလိုလုပ်နေတယ် ဆိုတာကလည်း ကျွန်တော့် မိန်းမကို ကူညီတယ်ဆိုတာထက် ကျွန်တော်ကလည်း ဒီမှာစားသောက်တဲ့ သူတစ်ယောက်အဖြစ် ပါဝင်နေလို့ပဲဆရာ”


“ပန်းကန်တွေဆေး၊ အဝတ်တွေလျှော်ပေးနေတယ်ဆိုတာလည်း ကျွန်တော်ကိုယ်တိုင်က အဲဒီပန်းကန်တွေနဲ့ စားသောက်တဲ့အထဲမှာ ပါခဲ့သလို၊ အဲဒီအဝတ်တွေကို ဝတ်တဲ့အထဲမှာလည်း ကျွန်တော်ပါခဲ့တယ်ဆရာ”


“ဆရာက မေးမှာပေါ့ သားသမီးတွေ အရွယ်ရောက်ကုန်ပြီပဲ သူတို့ကို ဘာဖြစ်လို့ မခိုင်းတာလဲလို့။ ကလေးတွေ ဝေယျာဝစ္စအတွက် ကျွန်တော့်မိန်းမကို ကျွန်တော် ကူညီနေတာ မဟုတ်ဘူးဆရာ။ ကျွန်တော်ကိုယ်တိုင်က အဖေလေ။ သူတို့ရဲ့အဖေလေ။ ဒါကြောင့် ကျွန်တော့်မှာ အဖေတစ်ယောက်အနေနဲ့ သားသမီးတွေအတွက် လုပ်ပေးရတာကိုပျော်နေတာ”


“နောက်ဆုံးပြောရရင်ဆရာရယ် ကျွန်တော်ဟာ တစ်အိမ်လုံးအတွက် အိမ်ဖော်ကြီးတစ်ယောက်လို ဖြစ်နေတယ်ဆိုတာထက် ကျွန်တော်ကိုယ်တိုင်က ဒီအိမ်ကြီးရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတာကြောင့် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေရတာကိုက ကျွန်တော့်အိမ်ကို ကောင်းအောင် လုပ်နေတာလို့ပဲ မြင်မိတယ် ဆရာ”


“ကောင်းလိုက်တာဗျာ။ ကျွန်တော် ခင်ဗျားဆီက ဘယ်ယောကျ်ားနဲ့မှမတူတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ စကားတွေ ကြားလိုက်ရလို့အံ့အားသင့်မိတယ်”


“ဆရာရေ မိန်းမတစ်ယောက်ကို ယူလိုက်တယ်ဆိုတာ အိပ်၊ စား၊ ကာမ ဤသုံးဝအတွက်ပဲမဟုတ်ပါဘူးနော်။ အိမ်သူမယားဆိုတာလည်း သူ့နေရာနဲ့သူ၊ သူ့အဆင့်နဲ့သူရှိပါတယ်။ သူ့ကိုတန်ဖိုးထားမှ ကိုယ့်ကိုလည်း ပြန်ပြီး လေးစားတန်ဖိုးထားတယ်ဆရာ။ ကျွန်တော်တို့ မိသားစုကြားမှာ ကိုယ်မိသားစုအသိုက်အဝန်းလေးနဲ့ ပျော်ရွှင်အောင် နေနိုင်ဖို့ပဲကြိုးစားတယ်။ အိမ်မှာစိတ်ကြည်ပြီး နောက်ကြောင်းရှင်းမှ ရှေ့ကိုထွက်ရှာသူလည်း ဖြောင့်ဖြောင့်ရှာနိုင်မယ်လို့ ယူဆတယ်ဆရာ။ ဒါကြောင့် အိမ်မှာ အလုပ်မှာ ခွဲမနေပါဘူး။ ကိုယ်နိုင်ရာ ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်ဘဝလေးတစ်ခုကို သာယာအောင်ဖန်တီးတာဟာ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတာပဲလို့ နားလည်ပါတယ်”


“ကောင်းပေ့ဗျာ။ မှတ်သားလောက်ပါတယ်”


“ဆရာရေ ကျွန်တော်ကတော့ ပြောင်းလဲချင်ရင် ကိုယ့်အိမ်ကစပြီးပြောင်းလဲသင့်တယ်လို့ ထင်ပါတယ်”


“မှန်တာပေါ့ဗျာ။ ကဲ ထမင်းစားထွက်လို့ရပြီလား။ ဒီနေ့တော့ ကျွန်တော် ခင်‌ဗျားဆီကနေ ရတာတွေ များလွန်းလို့ ကျွန်တော်ကျွေးပါရစေဗျာ”


“ဆရာအိမ်မှာ မစားရင်တော့ ဆရာပဲကျွေးရမှာ။ ကျွန်တော့်မှာ အပို သုံးစရာမရှိဘူး။ လကလည်း မကုန် သေးဘူးလေ”


တင်ညွန့်


၃၀.၄.၂၀၂၅