တုံ့လှည့်မေတ္တာ(စ/ဆုံး)
——————–
ရွာဦးကျောင်းဆရာတော် နာမကျန်းဖြစ်သည်ကြားသဖြင့် သတင်းမေးရန် ဘုန်းကြီးကျောင်းကို လာခဲ့သည်။ လမ်းတွင် ဦးကြူးထော်နှင့်တွေ့သည်။
“ဦးလေး ဘယ်လဲဗျ”
“ဆရာရော”
“ကျွန်တော် ဘုန်းကြီးကျောင်းကိုသွားမလို့။ ဆရာတော်နေမကောင်းဘူကြားလို့”
“ကျွန်တော်လည်း အတူတူပဲ”
ကျွန်တော်နှင့်ဦးကြူးထော်တို့ စကားတပြောပြောနှင့် ဘုန်းကြီးကျောင်းကို ရောက်လာကြသည်။ ကျောင်း ဝင်းထဲအဝင်တွင် ကပ္ပိယကြီး ဦးမာဒင်နှင့်တွေ့သည်။
“ဦးမာဒင် … ကျွန်တော်တို့ ဆရာတော်ကို လာကြည့်တာ”
“ဆရာတော် စောစောကပဲ အိပ်ရာကနိုးတယ်။ ခုတင်ပေါ်မှာ ရှိတယ်၊ လာကြ … လာကြ”
ဦးမာဒင်က ရှေ့ဆောင်ပြီး ကျွန်တော်တို့နှစ်ယောက်ကို ကျောင်းပေါ်ခေါ်သွားသည်။ သူကပဲ ဆရာတော်အနား တိုးတိုးလေးကပ်ပြီး သွားပြောသဖြင့် ဆရာတော်က ခေါင်းထောင်ကြည့်သည်။ ထို့နောက် ခုတင်ပေါ်တွင်ပင် ထိုင်လိုက်သည်။ ဦးမာဒင်က ဆရာတော်ထိုင်နိုင်ရန် ခေါင်းအုံးကိုနောက်ကျောမှ ခုပေးသည်။
“ကျောင်းဆရာလား”
“တင်ပါ့ဘုရား”
“ဒီလကုန် မြို့ပြန်ဦးမလား”
“ပြန်မယ်ဘုရား”
“မြို့ကိုဆေးမှာချင်လို့”
“မှာပါဘုရား … တပည့်တော်ဝယ်လာပေးပါမယ်ဘုရား … ဘာဆေးများလဲ”
“စောစောလေးကပဲ ဆေးမှူးလေးလာသွားတယ်။ မြို့ကနေ ဝယ်ရမယ့်ဆေးတွေ ရေးပေးသွားတယ်။ ဒီမှာ”
ဆရာတော်က သူ့ခေါင်းအုံးအောက်မှ စာရွက်တစ်ရွက်ကိုယူကာ ကျွန်တော့်ကိုလှမ်းပေးလိုက်သည်။ ကျွန်တော်ကဆေးစာရွက်ကိုကြည့်ပြီး အင်္ကျီအိတ်ထဲထည့်လိုက်သည်။
“အရှင်ဘုရား ကျန်းမာရဲ့လားဘုရား”
ဦးကြူးထော်က ဆရာတော်ကို မေးလိုက်ခြင်းဖြစ်သည်။ ဆရာတော်က ဦးကြူးထော်ကို စကားမပြန်။ ကျွန်တော့်ကိုကြည့်ပြီး
“ပြန်ကြတော့” ဟုပြောကာ အိပ်ရာတွင်လှဲလိုက်သည်။ ဦးမာဒင်က ဆရာတော်လှဲနိုင်ရန် ခေါင်းအုံးတွေကို ပြင်ပေးသည်။ ဆရာတော်က
“ကျောင်းဆရာ ခဏလောက်နေခဲ့ဦး” ဟုပြောသဖြင့် ကျွန်တော်က ဦးကြူးထော်ကို
“ဦးလေးပြန်ချင်ပြန်လေ … ကျွန်တော့်ကို စောင့်မနေနဲ့တော့” ဟုပြောလိုက်သည်။
ဆရာတော်ဘာများ မိန့်ချင်သည်မသိ။
ဦးကြူးထော်ကလည်း ဆရာတော်ကို ဝတ်ပြုပြီး ပြန်သွားသည်။
“ဟို ဈေးဆိုင်က ဒကာကြီး ပြန်သွားပြီလား”
ဆရာတော်က ကျွန်တော့်ဘက်မလှည့်ဘဲ မေးလိုက်ခြင်းဖြစ်သည်။
“ပြန်သွားပါပြီဘုရား”
ဆရာတော်က သူ့ဘာသာသူ ခုတင်ပေါ်တွင်ထိုင်ရင်း
“ဒကာကြီး ကျုပ်လေ အဲဒီဈေးဆိုင်က ဒကာကိုကြည့်လို့ကို မရဘူးဖြစ်နေတယ်။ သူ့ကို စကားမပြောချင်လို့”
“ဘာဖြစ်လို့လဲဘုရား”
“မသိဘူး ဒကာကြီး … ဪ ဆေးဖိုး ပေးလိုက်မယ် ပိုက်ဆံယူသွား”
“ဆေးဝယ်လာပြီးမှပဲပေးပါတော့ဘုရား … အကြောင်းကိစ္စမရှိရင် တပည့်တော်လည်း ပြန်ဦးမယ်ဘုရား”
“ကောင်းပြီလေ”
ကျွန်တော်က ဆရာတော်ကို ဦးချပြီးပြန်လာခဲ့သည်။
ဆရာတော်သည် အလွန်စကားပြောသိမ်မွေ့သူဖြစ်သည်။ ဦးကြူးထော်ကို ကြည့်မရဘူးဟု ပြောသည်မှာ ဆန်းလှပေတော့သည်။ ကျွန်တော်က ဆရာတော်နှင့် ဦးကြူးထော်တို့ ဘာဖြစ်ထားသနည်း ဆိုခြင်းကို သိလို သဖြင့် ဦးကြူးထော်ကုန်စုံဆိုင်ကို ဝင်ခဲ့သည်။
“ဪ ဆရာလာ … လာ။ ဘုန်းကြီးကျောင်းက ပြန်လာပြီလား”
“ဟုတ်ကဲ့ … ဒါနဲ့ ဦးလေးကို တစ်ခုလောက် မေးချင်လို့”
“ဘာများလဲဆရာ”
“ဆရာတော်နဲ့ ဦးလေး ဘာများဖြစ်ထားသလဲ”
“ဘာမှမဖြစ်ပါဘူး”
“ဆရာတော်ကို ဒီနေ့ကြည့်ရတာ တစ်မျိုးပဲ … ဦးလေးကိုလည်း စကားမပြောဘူး။ အဲဒါ သိချင်လို့”
“ဆရာ့ကို မေးရဦးမယ် … ဆရာ့တော့်အခြေအနေက စိုးရိမ်ရသလား”
“ကျွန်တော့်အထင်တော့ သိပ်အဆိုးကြီး မဟုတ်ပါဘူး။ အစာအိမ်ထင်ပါတယ်။ ကျွန်တော့်ကို ဝယ်ခိုင်းတဲ့ ဆေးတွေက အစာအိမ်ဆေးတွေ”
“အင်း … ဒါဆိုရင် မသေနိုင်သေးဘူးပေါ့”
“ဟာ ဦးလေးရယ် ဘယ်လိုပြောလိုက်တာလဲ”
“ကျွန်တော်က ဘုန်းကြီးကျောင်းကိုလာတာ ဆရာတော်အခြေအနေဆိုးနေတယ်ထင်ပြီး လာကြည့်တာ”
“သိပ်အဆိုးကြီး မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ”
“ကျွန်တော်ဗျာ ပြီးခဲ့တဲ့နွေက ဘုရားပွဲမှာ သနပ်ခါးတွေရောင်းမကုန်တာကို ဈေးချောင်ရလို့ အပြတ် ဝယ်ထား လိုက်တယ်။ အဲဒီ သနပ်ခါးတွေက ရောင်းလို့လည်း မကုန်ဘူးဗျ။ တကယ်တော့ ဆရာတော်သာ ပျံလွန်တော် မူသွားရင် ကျွန်တော့်သနပ်ခါးတုံးတွေ အမြန်ဆုံးရောင်းကုန်မှာပဲ။ ဒါကြောင့် ကျွန်တော်က ဆရာတော် အခြေ အနေကို လိုက်ကြည့်တာ”
“ဆရာတော်ပျံလွန်တာနဲ့ ဦးလေး သနပ်ခါးတွေက ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ဆရာရယ်။ ဆရာတော်ပျံလွန်ရင် သနပ်ခါးတွေနဲ့ မီးရှို့ရမှာလေဗျာ။ အဲဒါမှ ကျွန်တော်လည်း လှည်းတစ်စီးတိုက်စာလောက် လှောင်ထားတာ ရောင်းရတော့မှာပေါ့”
“ဟာဗျာ … ဦးလေးအကြံကြီးကလည်း မဟုတ်သေးပါဘူး။ ဒါကြောင့်ထင်ပါတယ် … ဆရာတော်ကလည်း ဦးလေးကို မကြည့်ချင်ဘူးလို့ဖြစ်နေတာ”
“ဟုတ်လား ကျွန်တော့်ကိုလား။ ဟာဗျာ … ကျွန်တော့်အကြံများ ဆရာတော်သိနေလို့လား မသိဘူး”
“မပြောတတ်ဘူးဗျ … ဒါပေမဲ့ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလိုပဲ။ ဦးလေးက ဆရာတော်အပေါ် မကောင်းတဲ့ စိတ်နဲ့လာတော့ ဆရာတော်ကလည်း မကောင်းမြင်ပြီး ဦးလေးမျက်နှာကို မကြည့်ချင်တာပဲဖြစ်မယ် ထင်တာပဲဗျာ။ ဪ … ဒါနဲ့ ဦးလေးဆိုင်မှာ ဒီဆေးတွေရှိသလား”
ကျွန်တော်က ဦးကြူးထော်ကို ဆရာတော်ထံကယူလာသည့် ဆေးစာရွက်အားပေးလိုက်သည်။ ဦးကြူးထော်က ဆေးစာရွက်ကိုယူကြည့်ပြီး
“အားလုံးရှိတယ်ဆရာ”
“ဟာ ဒါဆိုရင်အတော်ပဲ …. ကျွန်တော့်ကို ရောင်းပါဗျာ။ ကျွန်တော် မြို့ကို ပြန်ဖို့က တစ်ပတ်လောက် လိုသေးတယ်။ ခု ဒီဆေးရလို့ကတော့ ဆရာတော် ရောဂါမြန်မြန်သက်သာမှာပဲ။ ကျွန်တော့်ကို ရောင်းဗျာ”
ဦးကြူးထော်က ဗီရိုထဲမှ ဆေးတွေကို သွားယူလာပြီး ဆေးစာရွက်ထဲကအတိုင်း ပုံလိုက်ကာ
“ဒီမှာဆရာ … စာရွက်ထဲကအတိုင်း အကုန်ရှိတယ်”
“အားလုံး ဘယ်လောက်ကျသလဲဦးကြူးထော်”
ဦးကြူးထော်က တွက်ချက်ပြီး
“အားလုံး ၁၂၆၀ ကျပ် ပါဆရာ”
ကျွန်တော်က အိတ်ထဲက ပိုက်ဆံတွေထုတ်ကာ ဦးကြူးထော်ကို ရှင်းပေးလိုက်သည်။ ထို့နောက် ဝမ်းသာ အားရဖြင့် ဘုန်းကြီးကျောင်းကိုပြန်ကာ
“ဆရာတော်ဘုရား”
“ဪ ဒကာကြီး ရောက်လာပြန်ပြီ … ဘာကိစ္စလဲ” ဟု ဆရာတော်ကမေးသည်။
“တပည့်တော်ကို ဆရာတော်ဘုရား မြို့ကိုမှာတဲ့ဆေးတွေဟာ ဦးကြူးထော်ဆိုင်မှာ ရှိနေတာပဲဘုရား။ အဲဒါ ဦးကြူးထော်က တပည့်တော်ကို လှူလိုက်တယ်ဘုရား”
“ဟုတ်လား … ကျုပ်လည်း အဲဒီဆေးတွေ သူ့ဆိုင်မှာရှိမှန်းသိတယ်။ သက်သက်မဝယ်တာ”
“ဒီမှာပါဘုရား … ထိုးဆေးတွေရော … သောက်ဆေးတွေရော အကုန်ပါဘုရား။ အရှင်ဘုရား စောစောကုနိုင် တာပေါ့ဘုရား”
“ကောင်းပါတယ်လေ … ဆေးမှူးလေးကို ခေါ်ခိုင်းပြီးထိုးလိုက်မယ်။ ဒီလိုဆိုတော့လည်း ကြူးထော်က ဘယ်ဆိုးလို့လဲ … ဒကာကြီး”
“ဘုရား”
“ခုတင်အောက်က ပုလင်းနှစ်လုံးထုတ်လိုက်စမ်းပါ”
ကျွန်တော်က ခုတင်အောက်ကို ငုံ့ကြည့်ပြီး ပုလင်းနှစ်လုံးကို ထုတ်လိုက်သည်။ ပျားရည်ပုလင်းတွေဖြစ်သည်။
“အဲဒီ ပျားရည်တွေ ယူသွား … တောထဲက လာလှူထားတာ”
“တင်ပါ့ဘုရား”
ကျွန်တော်က ပျားရည်နှစ်ပုလင်းကိုဆွဲကာ ရွာထဲပြန်လာသည်။ ဦးကြူးထော်ကုန်စုံဆိုင်ကိုဝင်သည်။
“ဦးလေး … ဦးလေး”
“ဆရာ ဘယ်ကရောက်လာပြန်တာလဲ”
“ဘုန်းကြီးကျောင်းကို ဆေးသွားပို့ရင်းနဲ့ ဆရာတော်က ဦးလေးအတွက် ပျားရည်တစ်လုံး ကျွန်တော့်အတွက် ပျားရည်တစ်လုံး ပေးလိုက်လို့ ဝင်ပေးတာ”
“ဟင် … ဆရာတော်က ကျွန်တော့်ကို ပျားရည်ပေးတယ် ဟုတ်လား”
“ဟုတ်တယ်လေ … ရော့ ဒီမှာ”
ကျွန်တော်က ဦးကြူးထော်ကို ပျားရည်တစ်ပုလင်း ပေးလိုက်သည်။
“ဆရာရေ”
“ခင်ဗျာ”
“ကျွန်တော်တော့ သူတော်ကောင်းကို ပစ်မှားမိပြီနဲ့တူတယ်ဗျာ”
“ဘာဖြစ်လို့လဲဗျ”
“စီးပွားတွက် တွက်ပြီးတော့ ဆရာတော်ကို မကောင်းစိတ်ထားတာ မှားပြီဗျာ။ ဆရာတော်က ကျွန်တော့်ကို ဘယ်လိုမှ စိတ်မရှိပါလားနော်။ ကျွန်တော်မှားပြီဗျာ”
“ကျွန်တော်ပြန်ဦးမယ်”
“ဆရာ ခဏလောက်နေပါဦး”
ဦးကြူးထော်က ဈေးဆိုင်ထဲကိုဝင်ပြီး ပိုက်ဆံတွေကို ကိုင်လာကာ ကျွန်တော့်လက်ထဲထည့်လိုက်သည်။
“ဘာလဲ ဦးလေး”
“စောစောက ဆရာ့ဆီက ယူလိုက်တဲ့ဆေးဖိုးပါ”
“ရပါတယ် လှူတယ်လို့ သဘောထားလိုက်ပါတယ်”
“ကျွန်တော်လှူပါရစေဆရာရယ်”
“ကောင်းတာပေါ့ဗျာ”
တင်ညွန့်
၉.၁.၂၀၂၆