သစ္စာနီ
သစ္စာနီ
ဟမ်စိုင်း(ဆေး-မန်း)
၁၉၉၁ ခုနှစ်။
နီလေးနဲ့ ကျွန်တော် စသိခဲ့တာ မုံရွာဆေးရုံကြီးမှာပါ။ လူနာတစ်ဦးအတွက် အေဘီသွေးလိုလို့ ကျွန်တော်အဖွဲ့ ဝင်ထားတဲ့ သွေးလှူရှင်အသင်းက အဆောင်ထိ လာခေါ်တယ်။
"ကိုမင်းခန့်နိုင်က သွေးလှူတာ ဒါငါးကြိမ်မြောက်နော်။ "
သူနာပြုဆရာမလေးက စကားပြောရင်း ကျွန်တော့်လက်က သွေးကြောထဲကို အပ်စိုက်တယ်။သွေး လှူနေကြဖြစ်ပေမယ့် လက်က ရုတ်တရက် တွန့်သွားတယ်။ ပိုက်ထဲမှာ စီးဆင်းသွားတဲ့ ကိုယ့်သွေးကိုကြည့်ရင်း ဝမ်းသာစိတ်က ကျွန်တော့်ရင်ထဲ လှိုက်တက်လာတယ်။
"ကျေးဇူးအများကြီးတင်ပါတယ်နော်။ ဒီအအေးဘူးလေး လက်ခံပေးပါနော်"
ပိန်လှပ်လှပ်၊ဆံပင်ရှည်ရှည်ကောင်မလေး၊ မျက်လုံးမှာ စိုးရိမ်စိတ်နဲ့ မျက်ရည်တွေပြည့်နေတဲ့ ကောင်မလေး။
"နီလေးက အစ်ကို သွေးလှူတဲ့ လူနာရဲ့ သမီးပါ။
ကျေးဇူးအများကြီး တင်ပါတယ်နော်။ "
"ရပါတယ်ဗျ။ ကိ်ုယ် လှူခွင့်ရတာကိုပဲ ကျေနပ်မိနေတာပါ၊ တကယ်တော့ ဒီနေ့ ကျွန်တော့်ကောင်မလေးက ကျွန်တော့်ကို ဖြတ်သွားလို့ စိတ်ညစ်ညစ်နဲ့ အရက်သောက်မလို့ လုပ်နေတုန်း သွေးလှူဖို့ လာခေါ်ကြတာလေ၊ဒါကြောင့် ကိုယ်ကသာ ကျေးဇူးတင်ရမှာပါ"
"အို"
မျက်လုံး အဝိုင်းသားနဲ့ အံ့သြသွားတဲ့ နီလေးရဲ့ မျက်နှာက တကယ်ကို ဖြူစင်တဲ့ ကလေးလေးလိုပါပဲ။
#########
ကျောက္ကာလမ်းတစ်လျှောက်မှာ စက်ဘီးတွေ
အများကြီးတွေ့ရတယ်။ဒီနေ့ မုံရွာကောလိပ်မှာ ပထမနှစ်တွေ ကျောင်းလာအပ်ကြတာမို့ လူတွေ ပိုများနေသလိုပါပဲ။ အရောင်သွေးစုံလင် တဲ့ မိန်းမပျိုလေးတွေ သုံးယောက်တစ်စု၊လေးယောက်တစ်စု စက်ဘီးကိုယ်စီ စီးလာကြတယ်။
မုံရွာကောလိပ်ရဲ့ ကျောင်းသားရေးရာဌာနရှေ့မှာ ပုံစံဝယ်ဖောင်ဖြည့်သူတွေထံက စကားသံတွေ ပြည့်နှက်နေတယ်။
"ဟေ့နီလေး ဘာမေဂျာ ရလဲ"
"ဟယ် မိုးမိုး မတွေ့တာ ကြာပြီနော်။ ငါ ပထဝီ မေဂျာရတယ်ဟ၊နင်ရော"
"ငါက မြန်မာရတယ်ဟဲ့"
နီလေးဆိုတဲ့ အသံကြောင့် အသံတွေကြားတဲ့ဘက် ကျွန်တော်လှည့်ကြည့်လိုက်တော့ ယုန်ဖြူမလေးကို တွေ့ရတယ်။ နီလေးတို့က ၁၉၈၈ က ဆယ်တန်းအောင်ခဲ့ကြတာပဲဖြစ်မယ်။ ဆယ်တန်းဖြေပြီးကတည်းက ၈၈ အရေးခင်းကြောင့် ကျောင်းပိတ်ရက်တွေ ရှည်လျားခဲ့လို့ အခုချိန်ကျောင်းပြန်စတက်ရတော့ တအားကို တက်ကြွ၊ပျော်ရွှင်နေတဲ့ ပုံစံလေးတွေ။
"ဟဲ့ ဒါနဲ့ ပထဝီဌာနက ဘယ်နားမှာလဲ"
"ဟဲ့ ငါလည်း အခုမှရောက်တာ ဘယ်သိမလဲ"
"ပထဝီဌာနက မိန်းဆောင် အနောက်က L5 မှာ"
ကျွန်တော့်အသံကြားတော့ သူတို့လှည့်ကြည့်ကြတယ်။
"အယ် ...ဟိုအစ်ကို"
ဖြူစင်တဲ့ ယုန်ဖြူမလေးရဲ့ မျက်လုံးလေးတွေကို ကျွန်တော် ပြန်တွေ့ရပြန်တယ်။သူ့မျက်လုံးတွေထဲမှာ သူ့အမေကို ကျွန်တော် သွေးလှူခဲ့တာ ပြန်လည်မြင်ယောင်နေပုံပါပဲ။
နီလေးရဲ့ သူငယ်ချင်းက နီလေးနားကိုကပ်ပြီး ဘာပြောလိုက်တယ် မသိဘူး။ နီလေး မျက်နှာက နီရဲသွားပြီး သူ့သူငယ်ချင်းခါးကို ဆွဲလိမ်တယ်။
"ကျေးဇူးပဲနော်အစ်ကို၊အစ်ကိုက Final year ကလား"
"ဟင့်အင်း ပထမနှစ်ကို second year "
"ဟင် ဘယ်လိုကြီးလဲ"
ယုန်ဖြူမလေးရဲ့ မျက်ခုံးတွေ တွန့်သွားတယ်။
"ပထမနှစ်မှာ ကိုယ် အသဲကွဲပြီး စာမေးပွဲကျတယ်လေ"
"ဪ"
"လာ ကိုယ်လိုက်ပို့ပေးမယ်"
ကျွန်တော့်ရဲ့ တက္ကသိုလ်တက်ရမယ့်နေ့ရက်တွေက ပြန်လည်လှပလာပြန်တယ်။နီလေးနဲ့ အတူ ပထဝီဝင်ဌာနမှူးအခန်းထဲကိုသွား ဆရာမကြီး လက်မှတ်ထိုးယူ ပြီး ကျောင်းသားရေးရာပြန်သွားပြီး ငွေသွင်းရပြန်တယ်။
"တနလာင်္နေ့မှ ကျောင်းစတက်ရမှာနော်။ ဌာနရှေ့က အချိန်ဇယားကို ကူးပြီးပြီလား"
"ဟုတ်ကဲ့"
#########
"ဟေ့ နီလေး ဘယ်သူ့ကို စောင့်နေတာလဲ"
"အမလေး လန့်လိုက်တာ ကိုမင်းခန့်နိုင်ရယ်"
စိန်ပန်းပင်အောက်မှာ စိန်ပန်းတွေ လိုက်ကောက်နေတဲ့ နီလေး အနား သူမသိအောင်ကပ်သွားပြီး အော်လိုက်တော့ ဖြူစင်တဲ့ မျက်လုံးလေးတွေက အဝိုင်းသား။ နီလေးရဲ့ ဆံပင်လေးတွေက လေအတိုက်မှာ လွင့်မျောနေတာ တကယ်ကို လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
"ခင်မျိုးကို စောင့်နေတာလေ။ သူက နီးလေး စက်ဘီးနဲ့လိုက်လာလို့"
"ကိုယ့်ကို ကိုမင်းလိုပဲ ခေါ်ပါ နီလေးရယ်။ အိမ်ထိ ကိုယ်လိုက်ပို့မယ်နော်။"
ကျွန်တော်နေတဲ့ အဆောင်နဲ့ နီလေးတို့အိမ်က ဝေးပေမယ့် ကျွန်တော် နီလေးတို့နှစ်ယောက်ထဲ ပြန်လွှတ်ရမှာကို စိတ်မချပြန်ဘူး။
"ရပါတယ်။ကိုမင်းခန့်နိုင်ရဲ့။ ဒီအချိန် နီလေးတို့ပြန်နေကြပဲလေ"
ကျွန်တော် ဇွတ်ပြောပြီး နီလေးတို့နဲ့ အတူ မုံရွာမြို့ထဲထိ လိုက်ခဲ့တယ်။ နီလေးတို့အိမ်ရောက်တော့ နီလေး အဖေနဲ့အမေက ကျွန်တော့်ကို နွေးထွေးစွာပဲ ပျူငှာကြတယ်။နီလေး အမေကို မြင်တော့ အဝေးမှာရှိတဲ့ အမေ့ကို သတိရမိသွားတယ်။စာမေးပွဲကျတာကို အပြစ်မတင်ဘဲ' သားလိုတဲ့ ကျူရှင်တက်၊ငါ့သားပညာတတ်ကြီး ဖြစ်တာ အမေ မြင်ချင်တယ်'လို့ ပြောခဲ့တဲ့ အမေ့ စကားကို ကြားယောင်မိတယ်။
"သား နောင်လည်းဝင်နော်။ အဆောင်နေတာဆိုတော့ နောက်နေ့မှ နီလေးနဲ့ ဟင်းတွေ ထည့်ပေးလိုက်မယ်၊နီလေးကိုလည်း စောင့်ရှောက်ပေးပါဦး"
"ဟာ ရပါတယ် အန်တီ၊နီလေးက လိမ္မာပါတယ်။ ကျွန်တော်သာ မလိမ္မာတာ.ဟား ဟား"
########
ဒုတိယနှစ်မှာ ကျွန်တော် နီလေးကို ချစ်ခွင့် ပန်ခဲ့တယ်။ မှတ်မှတ်ရရ ဇောတိက ဘုရားပွဲကို နီလေးနဲ့နှစ်ယောက်တည်း သွားလည်တဲ့အချိန် ဖွင့်ပြောတော့ နီလေးက ကျွန်တော့် အချစ်ကို လက်ခံလိုက်တယ်။
နီလေးနဲ့ ချစ်သူ ဖြစ်တဲ့ အထိမ်းအမှတ် အနေနဲ့ ဇောတိက ဘုရားပွဲမှာပဲ ကျွန်တော့် ဘယ်ဘက်ရင်အုံပေါ်မှာ သစ္စာနီ ဆိုတဲ့ စာသုံးလုံး ဆေးမင် ထိုးခဲ့တယ်။
"ကိုယ် နီလေးကို သစ္စာရှိရှိချစ်မှာပါ"
နီလေးရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေ ဆို့နေရှာတယ်။ နီလေးနဲ့ ပွဲစျေးတန်းအနှံ့ လမ်းလျှောက်ကြရင်း မောလာတော့ လ္ဘက်ရည်ဝင်သောက်ကြတယ်။
ဒီလိုနဲ့ မုံရွာကောလိပ် စားသောက်ဆိုင်တန်း၊ လမ်းဘေးက အကြော်ဆိုင်နဲ့ ကျောင်းဝန်းထဲက စိန်ပင်းပင်အောက်က ခုံဝိုင်းတွေက နီလေးနဲ့ ကျွန်တော်ရဲ့ ပျော်စရာနေ့ရက်တွေမှာ ပါဝင်ခဲ့တယ်။
"ကို စာကြိုးစားနော်။ တတိယနှစ် ဂုဏ်ထူးတန်းဝင်ရင် မန္တလေးတက္ကသိုလ်မှာ ဆက်တက်ရမှာ"
နီလေးက သူစာကြိုးစားသလို ကျွန်တော့်ကိုလည်း စာကျက်စေတယ်။
"ကိုယ်တော့ ဒီကောလိပ်ကနေ ဂျီတီအိုင် ပြောင်းမယ်။ နီလေးနဲ့ လက်ထပ်တဲ့အခါ ချမ်းချမ်းသာသာ ထားချင်တယ်"
နီလေးက ကျွန်တော်နဲ့ ကျောင်းခွဲတက်ရမယ်ဆိုတော့ မျက်ရည်ဝိုင်းလာတယ်။
"နီလေး မျက်လုံးမှိတ်ထား"
နီလေးက ကျွန်တော့်ကို အထူးအဆန်းကြည့်တယ်။
နီလေးလက်ထဲကို ကျွန်တော် တွင်းတောင်ကနေ ကောက်လာတဲ့ ကျောက်တုံးလေးရယ်၊ ရွေးစေ့နီနီလေးတွေရယ်ထည့်ပေးပြီး၊ နီလေးပါးကို ခိုးနမ်းလိုက်တယ်။
နီလေးက ဂုဏ်ထူးတန်းဝင်ပြီး မန္တလေးမှာ ကျောင်းဆက်တက်ရချိန် ကျွန်တော်က မုံရွာမှာပဲ ဂျီတီအိုင် ဆက်တက်တယ်။ နီလေးကို သတိရမိတိုင်း ဒီကျောင်းကို တက်မိတာ မှားပြီဆိုတဲ့ အတွေးတွေ ဝင်မိတယ်။
"မှန်ကန်တဲ့ ဦးတည်ချက်ထားပြီးရင် မပြင်ရဘူးနော်၊ ဦးတည်ချက်အတိုင်း ဇွဲရှိရှိ ကြိုးစားရမယ်၊ နောက်ပြီး နီလေးကို သတိရလို့ အရက်သောက်တာ မှားတယ်၊ စိတ်ဓာတ်ပျော့ညံသူသာ အရက်သောက်တာ၊"
မျက်ရည်လွယ်တဲ့ နီလေးရဲ့ ဆုံးမစကားတွေ ကြားယောင်မိရင်း တိတ်ဆိတ်တဲ့ နေ့ရက်တွေကို ကျော်ဖြတ်ရတယ်။ကျွန်တော် တစ်ယောက်တည်း ဂျီတီအိုင်မှာ လ္ဘက်ရည်ဆိုင်ထိုင်ရင်း နီလေးသိပ်ကြိုက်တဲ့ အသုပ်တွေ စားတဲ့ အချိန်ဆို နီလေးကို ပြေးတွေ့ချင်တယ်။ မန္တလေးထိ မသွားနိုင်လို့ မုံရွာကောလိပ်ထဲက အတူထိုင်နေကျ ထိုင်ခုံလေးဆီကိုပဲ အလွမ်းပြေ ပြေးကြည့်ရတယ်။နီလေးကို လွမ်းရင်း ကျွန်တော် လွမ်းဖျားဖျားခဲ့တယ်။စိန်ပန်းပွင့်တွေ ဝေနေပြီ နီလေး။
######
မုံရွာဆေးရုံကြီးကို သွေးသွားလှူပြီး အပြန်မှာ
နီလေးအတွက် ကျွန်တော် စာရေးခဲ့တယ်။ရေးတဲ့ စာရွက်ပေါ်မှာ ကျွန်တော့် မျက်ရည်တွေ စီးကျနေတယ်။
နီလေး
ကိုယ် ရှင်းပြရခက်တဲ့ အကြောင်းတစ်ခုကြောင့် မြင်းမူကို ပြန်သွားပြီ၊ နီလေးနဲ့ တွေ့ပြီး ပြောဖို့ မဖြစ်တဲ့ အတွက် စားရေးခဲ့တာပါ။ ကျောင်းပြီးလို့ အလုပ်ရတာနဲ့ လက်ထပ်ကြမယ်ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ အခု စာဖတ်နေတဲ့ အချိန်ကစပြီး မင်းခန့်နိုင်ဆိုတဲ့ ကိုယ့်ကို နီလေး ဘဝထဲက ထုတ်လိုက်ပါ။ အပြီး မေ့လိုက်ပါ၊ နီလေး ဖြစ်ချင်တဲ့ ကျူတာ ဖြစ်ပါစေ"
မင်းခန့်နိုင်
၁၉.၃.၁၉၉၄
အဲဒီအချိန်ကစပြီး မိန်းမမာန ကြောင့်ထင်ပါရဲ့့ ။နီလေးက ကျွန်တော့်ဆီ လုံးဝ မဆက်သွယ်ခဲ့ပါဘူး။ နီလေး ကျူတာဖြစ်ပြီး မုံရွာတက္ကသိုလ်မှာပဲ တာဝန်ကျတာကြားရတော့ ကျွန်တော် ဝမ်းသာမိပါတယ်။
#####
ကြေကွဲ ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်ဆိုး၊လွင့်ပြယ် မေ့ပျောက်နိုင်စွမ်း မရှိတဲ့ အဖြစ်ဆိုး၊ဒီ အဖြစ်ဆိုးရဲ့ မြစ်ဖျားခံရာက သစ္စာနီတဲ့။
#######
၂၀၁၈ ခုနှစ်။
"ဝမ်းသာစရာပဲ ဦးလေးရေ။ ဒီတစ်ခါတိုင်းတာလည်း
ဦးလေးရဲ့ သွေးထဲမှာ HIV ပိုးကောင်ရေက တိုင်းမရအောင် နည်းနေပြီ။ဒါက ဦးလေး ဆေးကို အချိန်မှန်သောက်တဲ့ အကျိုးကျေးဇူးတွေပဲ။ ပိုးကို ဆေးက နိုင်သွားပြီလို့ ပြောရမယ်။ ဒါပေမဲ့ ဆေးကို ဒီလိုပဲ အချိန်မှန် ဆက်သောက်ရမယ်နော်။ ပိုးကောင်ရေ တိုင်းမရတော့ဘူးဆိုတာ ရောဂါပျောက်ပြီလို့ ပြောတာ မဟုတ်ဘူး။ ဆေး ဖြတ်လို့မရဘူးနော်။ပိုးတွေက အကြိတ်တွေထဲမှာ ရှိနေသေးတယ်။ဆေး သောက် မမှန်တာ ၊ပြတ်တောင်းပြတ်တောင်းသောက်ရင် ပိုးတွေက ဆေးယဉ်ပါးသွားပြီး သွေးထဲမှာ ပိုးကောင်ရေ ပြန်တက်လာနိုင်တယ်။
ကျွန်တော့် အရှေ့မှာထိုင်နေတဲ့ ဆရာဝန်က ဝမ်းသာအရ စကားဆိုတော့ ကျွန်တော် စိတ်ထဲ အတိုင်းမသိ ပျော်မိပါတယ်။နောက်ပြီး နီလေး ကိုလည်း သတိရမိတယ်။ကျောင်းဝန်းထဲက စိန်ပန်းပင်အောက်က ခုံလေးမှာ ထိုင်နေတဲ့ နီလေးကို မြင်ယောင်လာမိတယ်။
အခုဆို ကျွန်တော် ART ဆေးကို သောက်လာတာ ဆယ့်ရှစ်နှစ်ပြည့်ပြီ။ ARTဆိုတာက HIV ပိုး ပွားများတာကို ထိန်းချုပ်ပေးပြီး ကိုယ်ခံစွမ်းအားကို ပြန်တက်စေတဲ့ ဆေးဆိုတာ ဆေးတွေမသောက်ခင် နှစ်သိမ့်ဆွေးနွေး ပညာပေး ဆွေးနွေးခန်းဝင်ခဲ့စဉ်တုန်းက သိခဲ့ပြီးသားပါ။
"ART ဆေးပုံမှန်သောက်ရင် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေနိုင်ပြီဆိုတာ ကျွန်တော်က သက်သေပေါ့နော်ဆရာ။
ဆရာဝန်လေးက ခေါင်းညိတ်တယ်။
"အခုလက်ရှိ နေကောင်းနေပြီပဲ။ ART ဆေးတွေသာ အချိန်မှန်သောက်၊ချိန်းတဲ့ရက်ပုံမှန်လာ သက်တမ်းစေ့နီးပါးနေနိုင်ပါပြီ။နောက်ပြီး လူပျိုကြီးဆိုရင်လည်း မိန်းမယူလို့ ရပါပြီ။ ပိုးတွေတိုင်းလို့ မတွေ့တော့ရင် တခြားလူကိုလည်း မကူးနိုင်တော့ပါဘူး"
ကျွန်တော် နီလေးကို သတိရသွားမိပြန်တယ်။ဒီအချိန် စိန်ပန်းတွေကောက်နေဆဲလား နီလေး။
#####
၁၉၉၄ ခုနှစ်။
"စိတ်မကောင်းပါဘူး။ ကိုမင်းခန့်နိုင်သွေးလှူလို့ မရပါဘူး။သွေးထဲမှာ hiv test ပေါ့စတစ်ပြနေတယ်။ ထပ်စစ်ဖို့တော့ လိုပါသေးတယ်"
မုံရွာ ဆေးရုံကြီးမှာ နောက်ဆုံး အကြိမ် သွေးသွားလှူတုန်းက တာဝန်ကျ ဆရာဝန်ခေါ်ပြောတဲ့ စကားက ကျွန်တော့် ကမ္ဘာကြီး ပြိုကွဲသွားသလို ခံစားရတယ်။ ယုံလည်း မယုံကြည်နိုင်ခဲ့ဘူး။ မိန်းမ မလိုက်စားတတ်တဲ့ ကျွန်တော်ဆီကို ဒီရောဂါကြီးက ဘယ်လို လုပ်ရောက်လာတာလဲ။ ကျွန်တော် လုံးဝ မယုံကြည်ဘူး။ ကျွန်တော့်မှာဘာရောဂါဝေဒနာမှလည်း မခံစားရဘူးလေ။
သူတို့ ကျွန်တော့်သွေးကို ပြန်စစ်တော့လည်း positive ပဲပြတယ်
။ တာဝန်ကျဆရာဝန်နဲ့ ကျွန်တော် အကြာကြီး ဆွေးနွေးပြီးနောက်ပိုင်း........
ကြေကွဲ ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်ဆိုး၊လွင့်ပြယ် မေ့ပျောက်နိုင်စွမ်း မရှိတဲ့ အဖြစ်ဆိုး၊ဒီ အဖြစ်ဆိုးရဲ့ မြစ်ဖျားခံရာက သစ္စာနီတဲ့။
🔸🔸🔸
ဟမ်စိုင်း(ဆေး-မန်း)
ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ လူမှုကူညီရေးအသင်း၊ဆဋ္ဌမအကြိမ်နှစ်ပတ်လည် မဂ္ဂဇင်း၊၂၀၁၉