အရိပ်

 အရိပ်

လေတွေမိုးတွေ ဆေးရုံပြတင်းပေါက်ကို အညှာအတာ မဲ့စွာရိုက်နေတဲ့ညမှာ ဒီဆေးရုံကို ကျွန်တော် ရောက်ခဲ့ရတယ်။ လူက ထူပူနေတာနဲ့ပဲ ဒီကို ဘယ်လို ရောက်ခဲ့မှန်းတောင် ကျွန်တော် မသိဘူး။ ဆေးနံ့ လူနံ့ အော်ဟစ်သံတွေကြားမှာ ကျွန်တော့်လိုပဲ အပူများစွာနဲ့ လူတွေ။
“အမေ အမေ ဘာမှ ဖြစ်လို့ မရဘူးနော်။ အမေ အသက်ရှည်ရှည်နေရမယ်နော်”
အမေ့လက်ကို ခပ်ဖွဖွ ကိုင်ရင်းပြောတော့အမေက ခေါင်းညိတ်ပြဖို့ အားစိုက်ရှာတယ်။
အမေ ရင်ဘတ်အောင့်ပြီး မူးလဲလို့ နီးရာဆေးရုံကို အမြန် လာခဲ့ကြရတာပါ။ ဆေးရုံအနံ့အသက်တွေ၊ စက်ပစ္စည်းမြည်သံတွေကြားက အမေ့ရဲ့အသက်ရှူသံဟာ တဖြည်းဖြည်း ပြင်းထန်လာနေတယ်။
တာဝန်ကျဆရာဝန်နဲ့ ဆရာမတွေက သွေးဖောက်သူကဖောက် စမ်းသပ်မေးမြန်းသူက မေးတယ်။ အမေ့အကြောင်းတွေ ကျွန်တော်လောက် ဘယ်သူက သိနိုင်မှာလဲလေ။
ပြင်ပလူနာဌာနကနေ အရေးပေါ် လူနာ ကုသဆောင်ကို ပြောင်းရတယ်။
အမေ့လက်သည်းထိပ်တွေရဲ့ အပြာရောင်ပြောင်းလဲမှုက ကျွန်တော့်ရင်ထဲကို ဓားနဲ့ထိုးသလို နာကျင်စေခဲ့တယ်။ ဒီလက်တွေဟာ ကျွန်တော်တို့အတွက် နှစ်ပေါင်းသုံးဆယ်ကျော် ထမင်းချက်ပေးခဲ့တဲ့လက်တွေပါ။ ဒီလက်တွေဟာ ကျွန်တော်တို့ရဲ့ ငိုကြွေးသံတွေကို ဖုံးအုပ်ပေးခဲ့တဲ့လက်တွေပါ။
"သားလေး အမေ ရေ ရေ သောက်ချင် “
အမေ့အသံရဲ့ တုန်ရီမှုက စိုးရိမ်စိတ်တွေ ပြည့်နှက်နေတဲ့ ကျွန်တော့်နှလုံးသားကို ဆွဲဆုတ်လိုက်သလိုပါပဲ။
တာဝန်ကျ ဆရာဝန်ကို ရေ တိုက်လို့ရလားမေးတော့ ခေါင်းခါပြတယ်။ မောဟိုက်နေတဲ့ အမေ့ကို ကြည့်ရတာ ကျွန်တော်ဝမ်းနည်းလိုက်တာ။ တစ်ချိန်က ဒီပါးစပ်ဟာ ကျွန်တော်တို့ကို ဘယ်နှစ်ကြိမ် ချော့မြှူဖူးပါလိမ့်။ ဘယ်နှစ်ကြိမ် မေတ္တာဒေါသနဲ့ ဆူပူဖူးပါလိမ့်။
####
ကျွန်တော်တို့မှာ မောင်နှမ ငါးယောက်ရှိတယ်။ ဒါပေမယ့် အခု အမေ့ကုတင်ဘေးမှာ ကျွန်တော်
တစ်ယောက်တည်းပဲ။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက အဖေဆုံးသွားတယ်။ အမေက ကုန်စုံဆိုင်ဖွင့် ငွေရှာပြီး ကျွန်တော်တို့ကို ပညာသင်ပေးခဲ့တာ။ ပန်းတွေ ဖူးပွင့်ချိန်တန်တော့
အမေ့ခြံထဲမှာ မရှိကြတော့ဘူး။ နေရာဒေသအသီးသီးမှာ အလှပဆုံး ပွင့်လန်းကြတယ်။
အမေ့ကို ဆေးခန်းလိုက်ပြပေးရင်း အမေများနေ့မှန်း မသိလိုက်လို့ အမေများနေ့ မှာ Facebook ပေါ် အမေ့အကြောင်း မတင်ခဲ့သူဟာလည်း ကျွန်တော်တစ်ယောက်တည်းပဲလေ။
သူတို့ဖုန်းတွေကို ခေါ်တော့ မကိုင်ကြလို့ Messenger မှာ "အမေအခြေအနေဆိုး" လို့ရိုက်ပို့ပေမယ့် အခုထိတော့ တစ်ယောက်ကမှ "Seen" မပြသေးဘူး။
" တခြား မိသားစုဝင်တွေရော”
ဆရာဝန်ရဲ့မေးခွန်းကို ကျွန်တော်က "သူတို့ အဝေးမှာပါ"လို့ဖြေလိုက်တယ်။ ဒါပေမယ့် ကျွန်တော်သိတယ်။
ဖေ့စ်ဘုတ်ပေါ်မှာ 'မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ'အကြောင်း ရှည်လျားတဲ့စာတမ်းတွေရေးနေတဲ့ အစ်ကိုကြီးက အခုအချိန်မှာ သူကိုင်ထားတဲ့ ကားရောင်းထွက်လို့ ဘီယာဆိုင်မှာ တစ်ဝိုင်း ထောင်နေမှာ။ညီလေးကတော့ သူ့ ကုမ္ပဏီ မှာ ရာထူးတို့ဖို့ သူ့ရဲ့ပရိုမိုးရှင်းပွဲအတွက် အစီအစဉ်တွေမနိုင်မနင်းပြင်ဆင်နေမယ်။ အစ်မကြီးကတော့ နိုင်ငံခြားကနေ ဘာလို့ ဂရုမစိုက်တာလည်း လှမ်းဆဲရင်း ငွေနည်းနည်းလွှဲပေးလိမ့်မယ်။ ညီမ အငယ်ဆုံးကတော့ သူ့အမျိုးသား တာဝန်ကျတဲ့ဆီ လိုက်သွားတာမို့ လာဖို့ အဆင်မပြေတာ။ထွက်လို့မရတာ။
သူတို့အတွက် အမေဆိုတာ ငယ်ငယ်က အတူတူနေခဲ့တဲ့သူထက် ပိုမှာ မဟုတ်တော့ဘူး။ သူတို့အလုပ်ရှုပ်နေတာတွေက အမေ့ကို မချစ်တာမဟုတ်ကြဘူး။ သူတို့ အမေ့ကို ချစ်ကြပါတယ်။သူတို့မှာ ဦးစားပေးရမယ့် ဘဝတွေ ကိုယ်စီ ရှိကုန်ကြလို့ပါ။ မဖြစ်နိုင်တာတွေထဲက ရွေးချယ်မှုတချို့ပေါ့လေ။ အမေဆိုတာက သူတို့ရဲ့ ဘွဲ့ယူတုန်းကရိုက်ထားတဲ့
မိသားစုဓာတ်ပုံတွေထဲက မှေးမှိန်လာတဲ့အရိပ်တစ်ခုပါပဲ။
######
အမေဆုံးတဲ့မနက်မှာ ကျွန်တော်ဟာ ကမ္ဘာ့အထီးကျန်ဆုံးလူသားတစ်ဦးဖြစ်နေပြီ။
အလင်းမရှိတဲ့ကမ္ဘာမှာ တစ်ယောက်တည်းထိုင်နေရတဲ့ခံစားချက်ပေါ့လေ။
ညီမ အငယ်ဆုံးနဲ့ အစ်မကြီးက လွဲပြီး အစ်ကိုကြီးနဲ့ ညီလေးက ဈာပနအတွက် အကောင်းဆုံးဝတ်စုံတွေနဲ့ ရောက်လာကြတယ်။
ညီဖြစ်သူက ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်ပြနေတယ်။
“နေ့ချင်းပြန်လာမှာနော်ချစ်။ စိတ်မပူနဲ့နော်”
အစ်ကိုကြီးက ကျွန်တော့်ပခုံးကိုပုတ်ပြီး "ညီလေးကတော့ အားလုံးထက် ပိုပြီးပင်ပန်းမှာပဲ"လို့ ပြောတယ်။
ကျွန်တော်အံ့အားသင့်သွားတယ်။ ဒီလူက တကယ်ပဲ ကျွန်တော့်ကို 'သားလတ်လေး'လို့ ထင်နေကြသေးတယ်ဆိုတာ။ ဈာပနအတွက် ဝတ်စားဆင်ယင်ထားတဲ့ အဝတ်အစားတွေနဲ့ *ငါတို့အမေ"ဆိုတဲ့စကားကို အလွယ်တကူပြောနေကြတယ်။ ဒါပေမယ့်စိတ်ထဲမှာတော့ အသံတွေအေးနေပါပြီ။
####
အမေ့ဈာပနပြီးတဲ့နောက်မှာ ညီအစ်ကိုတွေက အိမ်အမွေခွဲဖို့ စာရွက်တွေယူလာကြတယ်။
“ဒီအိမ်က ကျွန်တော်တို့အားလုံးပိုင်တဲ့အိမ်ပါ။ အမေ့ရဲ့တစ်စိတ်တပိုင်း လို့ ကျွန်တော် စိိတ်ထဲက ပြောမိတယ်။
“အမေ ခေါင်းချခဲ့တဲ့အိမ်ကို ငှားမယ်”လို့ ညီမလေးက အဝေးက ပြောချိန် ညီငယ်က ရောင်းမယ်လို့ပြောတယ်။
အစ်မကြီးကတော့ အပြီးရောင်းတာ ကောင်းမယ်လို့ ဖုန်းထဲက ပြောတယ်။ အစ်ကိုကြီးက ခေါင်းညိတ်တယ်။
ညီမ အငယ်က အဝေးက ငိုတာပေါ့။
ညီမလေးက မေးတယ်။
“အမေ့စာအုပ်တွေ၊ ဓာတ်ပုံတွေ “ ညီမလေး ယူလို့ရမလား”
ကျွန်တော်ပြန် မဖြေမိဘူး။ မဖြေတာက တုန့်ပြန်ချက်တစ်ခုပဲ။
မိသားစုတစ်စုအတွက် မိခင်ဟာ ပစ္စည်းတစ်
ခုပဲဖြစ်နေရင် အဖြေမလိုတော့ဘူး။
အားလုံးကို ကျွန်တော် ပြောလိုက်တယ်။
"ကျွန်တော်ဘာမှမလိုချင်ဘူး၊ကျွန်တော်လိုချင်တာ အမေရှိနေဖို့ပဲ"
ဒီစကားကို ပြောလိုက်တဲ့အခါ သူတို့မျက်နှာတွေမှာ ရှက်ရွံ့သလို အရိပ်အယောင်တွေပေါ်လာတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူတို့က ကျွန်တော့်ကို 'အလွန်အကျွံစိတ်ခံစားနေတဲ့ကလေး'လို့ ပြောကြပြန်တယ်။
#####
ဒီနေ့ ကျွန်တော်အမေ့ အုတ်ဂူဆီကိုသွားတဲ့အခါ လမ်းမှာ မိုးစက်တွေကျနေတယ်။ ဒါပေမယ့် ကျွန်တော်မှာ ထီးမပါခဲ့ဘူး။
တကယ့်ဝမ်းနည်းပူဆွေးမှုဆိုတာ သေဆုံးမှုမဟုတ်ပါဘူး။ 'အမြဲရှိနေမယ်'လို့ ကတိပေးခဲ့သူတွေရဲ့ စွန့်ခွာသွားမှုပါ။ ကျွန်တော်တို့ရဲ့ ငိုကြွေးသံတွေကို ဖုံးအုပ်ပေးမယ့် အရိပ်ဆိုတာ ကျွန်တော်တို့ဘဝမှာ အမှန်တကယ် မရှိတော့ပါဘူး။အမေ့ဂူဘေးမှာ ထိုင်ပြီး စကားပြောတယ်။
“အမေ အမေ့ကို ကျွန်တော်ဘယ်တော့မှ မမေ့ဘူးဆိုတာ သိလား”
ပင်ပန်းမှု၊ စွန့်လွှတ်မှု၊ ချစ်ခြင်း ဒီလောကကြီးထဲမှာ တစ်ယောက်တည်းနဲ့ စကားပြောရတဲ့အခါ
အမေ့အသံကို နားထဲမှာ ပြန်ကြားရတယ်။
"သားလေး အမေ ရေ ရေ သောက်ချင် “
#ဟမ်စိုင်း(ဆေး-မန်း)