ရွာရိုးကိုးပေါက်

 ရွာရိုးကိုးပေါက်

-----------------

အသားရောင်းသူသည် အရိုးကို ခုတ်ဖြတ်လိုက်စဉ် အရိုးစလေးတစ်စက မျက်စိထဲဝင်သွားလေသည်။ မည်သို့မျှ ထုတ်၍မရသည့် အဆုံးတွင် ဆေးဆရာထံလာပြသည်။


ထိုနေရာသည် မြို့နှင့်လည်း အလှမ်းဝေးသည့်အပြင် ဆေးရုံနှင့်လည်း မနီးသည်ဖြစ်ရာ အပ်ပုန်းဒေါက်တာ ရမ်းကုတွေကိုသာ အားကိုးနေရသည့်ရွာဖြစ်သည်။ ဒေါက်တာရမ်းကုထံလာကုသည်မှာ ပျောက်ပါသည်။ ရောဂါ ပျောက်လျှင်ပျောက်၊ မပျောက်လျှင် အသက်ပျောက်သည်။


ဒေါက်တာရမ်းကုက မျက်စိဝေဒနာ ခံစားနေရသော လူနာ၏ မျက်စိကို သေချာစွာကြည့်ပြီး


“ဘာမှ မပူပါနဲ့ ပျောက်သွားလိမ့်မယ်” ဟု ပြောလိုက်သည်။


မျက်လုံး ဖွင့်မရလောက်အောင်ဖြစ်နေသော လူနာကို မျက်လုံးထဲ နို့တိုက်နေဆဲ အမျိုးသမီး တစ်ယောက်ထံမှ နို့ရည်ကိုသွားတောင်းပြီး နို့ရည်ကို ခတ်ပေးသည်။ ထို့နောက် မျက်လုံးကို ယောင်နေသည်ဟုဆိုကာ ဆေးအုံ ပေးပြီး ပတ်တီးပါ စည်းပေးလိုက်လေသည်။


သုံးရက်နေသည့်အခါတွင် ဒေါက်တာရမ်းကု မှာသည့်အတိုင်း ပတ်တီးဖြေသည်။ မျက်လုံးကဖွင့်မရ ပိုဆိုးလာ သည်။ လူနာလည်း နောက်တစ်ကြိမ် အသားတွဲ၊ အသည်းတွဲဆွဲကာ ဆရာဝန်ထံလာသည်။ ဆရာဝန်ကလည်း နောက်တစ်ကြိမ် ဆေးမြစ်ကိုသွေးကာ မျက်လုံးကို ကွင်းပေးပြီး ဆေးစည်းပေးလိုက်ပြန်သည်။


မျက်လုံးက မသက်သာ နေ့တိုင်းလိုလို လာပြနေရသည်။ လာပြတိုင်းလည်း အသားတစ်တွဲက ဆေးဖိုးအပြင် လက်ဆောင်ယူလာသည်။ ရက်ကြာသော်လည်း မျက်လုံး အခြေအနေက ပိုဆိုးလာသည်။


တစ်နေ့တွင် မျက်စိလူနာသည် ဒေါက်တာရမ်းကုထံ ရောက်လာပြန်သည်။


ထိုနေ့က ကျေးရွာသမားတော်ကြီးသည် အခြားရွာက လူနာပြ လာပင့်သွားသဖြင့် ကြွသွားချိန်နှင့် တိုးသည်။ လူနာကလည်း မျက်လုံး ဝေဒနာကို အသည်းအသန် ခံစားနေရသည်။ မခံစားနိုင်သည့် အဆုံးတွင် သမားတော်ကြီးရမ်းကု၏ သားဖြစ်သူကို တောင်းပန်လေတော့သည်။


“မောင်ရင် … မောင်ရင်က ဆေးဆရာကြီး သားမဟုတ်ပါလား”


“ဟုတ်ပါတယ်ခင်ဗျာ”


“ဆရာကြီး အနားမှာနေတော့ ဆေးကုနည်းလေးဘာလေးများ မတတ်ဘူးလား”


“နည်းနည်းပါးပါးတော့ အဘဆီက နည်းယူထားတာပေါ့ခင်ဗျာ”


“ဒါဆိုလည်း မောင်ရင်ရယ် ဦးမျက်လုံးကို ကြည့်ပေးစမ်းပါ မခံရပါနိုင်အောင် နာနေလို့ပါကွယ်”


“အဘလို မတတ်ပေမယ့် နည်းနည်းပါးပါး တတ်သလောက်မှတ်သလောက်တော့ ကြည့်ပေးပါ့မယ် ခင်ဗျာ”


“ကြည့်ပေးပါကွယ်”


သမားတော်ကြီး၏ သားဖြစ်သူက လူနာမျက်စိကို ဖြဲကြည့်သည်။ မျက်လုံးထဲတွင် အရိုးစလေးကိုတွေ့သဖြင့် ဆွဲထုတ်ပေးလိုက်သည်။


ထိုအရိုးစကို ထုတ်လိုက်သည့် နေ့ကစပြီး မျက်လုံးက ကောင်းသွားသည်။ ဒေါက်တာရမ်းကုလည်း သူ့ထံကို အချိန်တန်လျှင် ရောက်လာမည့် အသားရောင်းသူကိုမျှော်သည်။


“အဘရေ ဝမ်းသာစရာ ပြောရဦးမယ်”


“ဘာများလဲကွယ်”


“ရွာတောင်ပိုင်းက ဦးဘတုတ်ကို သိတယ်မဟုတ်လား”


“သိတာပေါ့ကွယ် … အသားရောင်းသူပဲ။ ငါ့ဆီကို မျက်လုံးလာပြနေတဲ့သူ”


“အဘရေ … အဘမရှိတုန်း သူလာတယ်ဗျ သိလား … ကျုပ်လည်းအဘသားပေပဲ။ သူ့မျက်လုံးကို ကြည့် လိုက်တော့ လား … လား အရိုးစလေးသေးသေးလေးတစ်စက ဝင်နေတာပဲဗျ။ ဒါနဲ့ ကျုပ်ထုတ်ပေးလိုက်တယ် သိလား။ ခုတော့ မျက်လုံးက ပျောက်သွားလို့တဲ့ဗျာ ပျော်လိုက်တာ။ ကျုပ်ကုပေးလိုက်လို့ ပျောက်တာ။ ဘယ်နှယ် ကျူပ် အဘနေရာကို ဆက်ခံလို့ရပြီ မဟုတ်လား”


“ခွေးကောင် … ခွေးထက်မိုက်တဲ့ကောင်။ မင်း ဘယ်တော့မှ သမားတော်မဖြစ်ဘူး”


“ဘာဖြစ်လို့လဲ အဘရယ်”


“မင်းတို့ နေ့စဉ် အသားဟင်းနဲ့ စားသောက်နေရတာ ဘာကြောင့်လို့ ထင်သလဲ”


“အဘဆေးကုပေးလို့ပေါ့”


“အေး ဆေးကုတာ တစ်ခါတည်းပျောက်အောင်ကုလိုက်တော့ မင်းဆီကို ဘယ်လူနာက နောက်တစ်နေ့ လာဦးမှာလဲ။ သူ့မျက်လုံးထဲ အရိုးစဝင်နေတာ သိသားပဲ။ ချက်ချင်း ထုတ်ပေးလိုက်ရင် ပျောက်သွားမှာပေါ့။ ပျောက်သွားရင် သူဆီက နောက်ထပ်ဘာမျှော်လင့်စရာရှိမလဲ။ မှတ်ထား မင်းဆေးကုစားချင်ရင် လူနာကို နောက်တစ်ခါ ပြန်လာလို့မရအောင် ဘယ်တော့မှ မကုလေနဲ့”


ကျွန်တော် ဖတ်ဖူးသည့် ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါသည်။


ကျွန်တော်တို့ လူ့ဘောင်အဖွဲ့အစည်းတွင် လူအချို့သည် ပတ်ဝန်းကျင် သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ဒုက္ခ၊ နာကျင်မှုနှင့် အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာလေ့ရှိကြောင်း ထိုပုံပြင်လေးက ပြဆိုနေပါသည်။


ကိုယ်ကျိုးရှာ အတ္တသမားတွေက အခြေအနေလေးတစ်ခုကို လက်ရှိအတိုင်းဖြစ်နေအောင် တမင်ထိန်းသိမ်း ထားတတ်ကြပါသည်။ သို့မှသာ သူတို့အတွက် အကျိုးအမြတ်က ရှိပြီးရင်း ရှိနေမည်မဟုတ်ပါလား။ ကိုယ်ကျိုး စီးပွားနှင့် အကျိုးအမြတ်တွေကို ရသမျှထုတ်ယူ၊ ကုတ်ယူ၊ ကော်ယူနေမည်ဆိုသည့် လူစိတ်မဲ့သူတွေက လူ့ပတ်ဝန်းကျင်တွင် အမှန်တကယ်ရှိနေသည်ဆိုသည့် သဘောပင်။


ရိုးသားသောသူတွေကို လှည့်စားကာ “ငါမရှိရင် ဒုက္ခရောက်သွားလိမ့်မယ်” ဆိုသည့် သဘောမျိုး မရောက် ရောက်ရောက်အောင်လည်း ဖန်တီးထားတတ်ကြသည်။ တတ်ကျွမ်းသူတွေ မရှိသောအရပ်တွင် ငါမကယ် သေဖွယ်ရာသာရှိတော့သည် ဆိုသောအပေါက်မျိုးတွေကို လှိမ့်လုံး၊ ညာလုံးတွေနှင့် သူတို့ဖန်တီးထား တတ်ကြသည်။


ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံးမှာ “ကံ၏အကျိုး” ဖြစ်ပါသည်။


မြတ်စွာဘုရားက


“မကောင်းမှု ပြုသူသည် မကောင်းကျိုးကို ခံရမည်” ဟူ၍ ဟောကြားတော်မူခဲ့သည်။


အခြားသူများ၏ ဒုက္ခနှင့် နာကျင်မှုူကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုးရှာခြင်းသည် မကောင်းမှု အကုသိုလ်ကံ ဖြစ်ပါသည်။ ထိုအကုသိုလ်ကံ၏ အကျိုးဆက်သည် မျက်မှောက်ဘဝ သို့မဟုတ် နောင်ဘဝတိုင်အောင် မကောင်းကျိုးကို ပေးစွမ်းနိုင်သည်ဟု ဆိုလိုပါသည်။


ပုံမှန်မဟုတ်သော အကျိုးအမြတ်ရှာသူတွေကို မေတ္တာ၊ ကရုဏာကင်းမဲ့နေသူများဟု သတ်မှတ်ရပါလိမ့်မည်။ ဗုဒ္ဓက မေတ္တာနှင့် ကရုဏာတရားများကို ပွားများရန်လိုသည်ဟု ဟောကြားတော်မူခြင်းမှာ ဒေါက်တာရမ်းကု ကဲ့သို့ အမြင်ကျဉ်းမြောင်းသူမျိုးကို မရှိစေရန်ဖြစ်သည်။


မည်သို့ဆိုစေ


ပါးစပ်က ဘုရား … ဘုရား


နှုတ်က ရမ်းကား


လက်က ကိုးရိုးကားရား


လုပ်ချင်တာလုပ်နေသူများနှင့်


ဗုဒ္ဓအမည်အောက်


ရွာရိုးကိုးပေါက်


လျှောက်ရမည်မှာ


ရှက်လှပါသည်။


တင်ညွန့်


၁၀.၉.၂၀၂၅