အပြစ်ရှိသူ(စ/ဆုံး)

 အပြစ်ရှိသူ(စ/ဆုံး)

————-

“မောင် မအိပ်သေးဘူးလားဟင်”


တီဗီထိုင်ကြည့်နေသော ယောက်ျားဖြစ်သူကို ဇနီးသည်က မေးလိုက်ခြင်းဖြစ်သည်။ ယောက်ျားက တီဗီကို ပိတ်လိုက်ပြီး


“မောင် သွားတိုက်ပြီးတော့ လာခဲ့မယ်” ဟုပြောကာ ရေချိုးခန်းထဲဝင်သွားသည်။ ခဏအကြာတွင် အိပ်ခန်း ထဲရောက်လာပြီး မီးမှိတ်သွားသည်။


“မောင်”


“ပြော”


“ဝေ့မှာ အပြစ် ရှိနေသလားဟင်”


“ဝေ့စကားက အဆန်းပဲ …. ဘာဖြစ်လို့ မေးတာလဲ”


“ဘာရယ်မဟုတ်ပါဘူး … သိချင်လို့ပါ”


“လူတိုင်း ပါဖက် (Perfect) ဆိုတာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲကွယ်။ မောင့်မှာလည်း ရှိနိုင်တာပဲပေါ့။ ကဲပါ အိပ်ခါနီး တွေးစရာတွေဖြစ်အောင်မလုပ်နဲ့ အိပ်ကြမယ်”


“မောင် … ဝေ့မှာ အပြစ်တွေရှိရင် အများကြီးမောင်မပြောချင်ရင်တောင် တစ်ချက်လောက် ပြောပါလားကွယ်”


“ကဲပါကွာ … အိပ်မယ် … မနက်ကျမှ ဝေလိုချင်တဲ့ အဖြေကို မောင်ပြောမယ် ဟုတ်ပြီလား”


ယောက်ျားဖြစ်သူက သူ့မိန်းမနဖူးလေးကို နမ်းလိုက်ပြီး အိပ်လိုက်သည်။


နောက်တစ်နေ့ နံနက်စောစော ယောက်ျားဖြစ်သူက ရုံးကို အစောကြီးထွက်သွားသည်။ သူက လမ်းထိပ်ရှိ ဈေးထဲမှ ပန်းဆိုင်ကို ဦးစွာဝင်သည်။ နှင်းဆီပန်း တစ်စည်းကိုဝယ်လိုက်ပြီးနောက် လှပစွာထုပ်ပိုးခိုင်းလိုက် သည်။ ပန်းစည်းထဲကို သူရေးထားသည့် စာကတ်လေးကိုပေးကာ ထည့်ခိုင်းလိုက်သည်။ ပန်းဆိုင်ကိုသူက


“ကျွန်တော့်မိန်းမဆီကို ပို့ပေးပါနော်။ ဒီစာကတ်လေးကို ပန်းစည်းထဲထည့်ပေးပါ” ဟု မှာလိုက်သည်။


သူရေးထားသည့် စာကတ်လေးကို ပန်းသည်ကဖတ်ပြီး ပြုံးလိုက်သည်။


“ဘာအပြစ်မှ မရှိပါဘူးကွယ်”


ညနေ ရုံးဆင်းချိန်အရောက်တွင် သူအိမ်ပြန်လာသည်။


အိမ်ဝတွင် ဇနီးဖြစ်သူက သူ့ကိုစောင့်နေသည်။ သူ့မျက်လုံးများတွင် မျက်ရည်တွေနှင့်ဖြစ်နေသည်။


“ဝေ … ဘာဖြစ်လို့လဲကွယ် … လာပါ အိမ်ထဲဝင်ရအောင်”


သူတို့ အိမ်ထဲကို ရောက်လာကြသည်။ ထိုင်လိုက်ပြီး


“ဘာဖြစ်လို့ ငိုနေတာလဲကွယ်”


“မောင် … မှန်မှန်ဖြေနော်”


“ဘာဖြေရမှာလဲ”


“မနက်က မောင်ဈေးထဲကိုဝင်တယ် ဟုတ်လား”


“ဝင်တယ်လေ”


“ပန်းဆိုင်မှာ နှင်းဆီပန်းတွေဝယ်တယ် မဟုတ်လား”


“ဟုတ်တယ်လေ”


“ဘယ်သူ့အတွက်လဲ … ဘာအတွက်လဲ”


“ဝေ့အတွက်လေ … ဝေ့ဆီကိုပို့ခိုင်းလိုက်တာလေ … စာကတ်တောင်ထည့်ပေးလိုက်သေးတယ်”


“မညာပါနဲ့မောင်ရယ်”


“မောင်မညာဘူး … ဝေ့ကိုညက မေးတဲ့မေးခွန်းကို တစ်ခါတည်းဖြေလိုက်တာ။ ဝေ့ဆီမှာ ဘာအပြစ်မှ မရှိ ပါဘူးလို့တောင် ရေးလိုက်သေးတယ်။ အဲဒီပန်းစည်း ရောက်မလာဘူးလားဟင်”


“ရောက်မလာဘူး”


“ဒါဆိုရင် မောင်ပို့ခိုင်းလိုက်တာကို ဘယ်သွားပို့သလဲ။ လာကွယ် … ပန်းဆိုင်ကိုချက်ချင်းသွားမေးမယ်။ မောင်က ဝေ့ဆီကိုပို့ခိုင်းလိုက်တာ တကယ်ပါ”


သူတို့ဈေးကို လာခဲ့ကြသည်။


ဈေးထဲတွင် ဆိုင်တွေကသိမ်းနေကြပြီ။ ပန်းဆိုင်ကတော့ ရှိနေသေးသည်။


သူတို့ ပန်းဆိုင်ကိုရောက်လာကြသည်။


“ဒီမှာ မနက်က ကျွန်တော် နှင်းဆီပန်းတွေကို ပို့ခိုင်းခဲ့တယ်နော်”


“ဟုတ်တယ်လေ … ကျွန်မ သားကို သွားပို့ခိုင်းလိုက်တယ်လေ … ဘာဖြစ်လို့လဲ”


“အိမ်ကိုရောက်မလာဘူး”


“ဟုတ်လား … နေဦး သားကို မေးပေးမယ် … သားရေ လာပါဦး”


ကလေးကပြေးလာသည်။


“ဘာလဲမေမေ”


“သားကို မနက်က ပန်းစည်းပို့ခိုင်းလိုက်တာ သွားမပို့ဘူးလား”


“သွားပို့တယ်လေ”


“အေးလေ … အိမ်ကိုသွားမပို့ဘူးလား”


“ဒီ ဦးဦး ဟိုတစ်ခါက သင်္ချိုင်းမှာရှိတဲ့ သူ့ချစ်သူအုတ်ဂူဆီကို ပန်းစည်းပို့ခိုင်းဖူးတယ်လေ။ ခုလည်း သားက အဲဒီကို ထင်လို့ပေါ့”


“ဟယ်တော် … လွဲကုန်ပြီ … အားနာလိုက်တာရှင်။ မနက် ကျွန်မ အိမ်ကို ပြန်ပို့ခိုင်းပေးပါ့မယ်။ တောင်းပန်ပါတယ်”


“နေပါစေတော့ဗျာ … ရပါတယ် … ပို့မနေပါနဲ့တော့။ ကျွန်တော်က ကျွန်တော့်မိန်းမကို အံ့အားသင့်စေချင်လို့ လုပ်တာ။ ထားလိုက်ပါတော့”


“ဒါဆိုလည်း ပိုက်ဆံ ပြန်ယူသွားပါရှင်”


“မယူတော့ပါဘူးဗျာ”


သူတို့ အိမ်ကိုပြန်လာကြသည်။ လမ်းတွင် စားသောက်ဆိုင်တစ်ဆိုင်ဝင်ပြီး ညစာအတူစားကြသည်။ မှောင်မှ သူတို့အိမ်ကို ပြန်ရောက်လာကြသည်။


အိမ်တံခါးကို ဖွင့်မည်အလုပ်တွင် ပန်းစည်းတစ်စည်းကို တံခါးတွင်တွေ့လိုက်ရသည်။


“ဟယ် … ပန်းစည်းပါလားမောင်”


“ဒါမောင် မနက်ကပို့ခိုင်းလိုက်တဲ့နှင်းဆီပန်းတွေပဲ”


“ပန်းတွေက နွမ်းနေပြီ”


“နေဦး”


သူက ပန်းစည်းထဲမှ စာကို ထုတ်လိုက်သည်။


“သေချာပါတယ် … ဒါမောင်မနက်က ထည့်ပေးလိုက်တဲ့စာကတ်ပဲ … ဝေဖတ်ကြည့်”


သူက စာကိုဖွင့်ဖတ်လိုက်သည်။


“လူတစ်ယောက်ကိုသေစေခဲ့တာ အပြစ်မရှိဘူးတဲ့လား” ဟုရေးထားသည်။


သူတို့တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။


တင်ညွန့်


၁၄.၂.၂၀၂၅