အရောင်မဲ့စိန်နားကပ်

 အရောင်မဲ့စိန်နားကပ်

🖌️🖌️
ကားလမ်းကူးမယ်ကြံနေ�တုန်း နောက်ကနေလှမ်းဆွဲတဲ့လက်အစုံကြောင့်၊�နောက်လှည့်ကြည့်လိုက်တဲ့အခါတော့၊�ဟင်!!!.နှင်းမေအေး။
ကျမက အံ့သြသွားတယ်။�သူတို့နဲ့ဝေးကွာသွားတာ နှစ်တွေအတော်ကြာခဲ့ပြီ။
သူက ကျမကိုတွေ့တော့အလွန်ဝမ်းသာနေတဲ့မျက်နှာလေးနဲ့�ကျမကို သေချာကြည့်နေတယ်။
အနီးအနားက အအေးဆိုင်မှာအအေးသောက်ကြရင်း ဖုန်းနံပါတ်ချင်း ဖလှယ်ကြတယ်။
သာကြောင်းမာကြောင်း မေးမြန်းကြတယ်။
ကွဲကွာသွားကြတဲ့ နှစ်တွေအတွင်းမှာ သူရောကျမပါအစစအရာရာပြောင်းလဲခြင်းများရှိကြပါတယ်။
သူနဲ့ကျမ အဲဒီ နေ့က နာရီဝက်လောက်ပဲ တွေ့ဆုံကြပြီး လမ်းခွဲခဲ့ကြတယ်။
သူက ကျမခါးကိုအတင်းဖက်ပြီး�သူ့ဆီလာလည်ဖို့အကြောင်း၊�ဖုန်းဆက်နော်ဆိုပြီး ပြောပြန်သေးတယ်။
နယ်မြို့ လေးမှာ နေတုန်းက နှင်း မေအေးတို့နှင့် ကျမတို့က အိမ် ဘေးချင်းကပ် နေကြတယ်။
သူတို့အ ဖေက လက်သမားအလုပ်ကို လုပ်တယ်။
သူတို့က�မိသားစုများတယ်။
ကျမတို့ အမေ မအားလပ်တဲ့အခါ အလုပ်တွေအလွန်များတဲ့အခါ နှင်းမေအေးတို့အမေဒေါ်မြဦးကို အကူအညီခေါ်ရတယ်။
အဲဒီအခါကျရင် ဒေါ်မြဦးကမငြီးမငြူပဲ မျက်နှာလေးပြုံးပြုံးရွှင်ရွှင်နဲ့ အမေခိုင်းသမျှကိုထောင့်စေ့အောင်လုပ်ပေးရှာတယ်။
အလုပ်ပြီးသွားလို့ အိမ်ပြန်တော့မယ်ဆိုရင်အမေက သူမဝတ်တော့တဲ့ပါတိတ်လုံချည်တွေ အင်္ကျီတွေ ဆန် ကြက်သွန်နီ မကျည်းသီးကအစ ပေးလိုက်တယ်။
အစားအသောက်တွေပိုလျှံတဲ့အခါမှာလည်း အမေက အိမ်ဘေးခြံစည်းရိုးကနေ သူတို့ကိုခေါ်ပေးတယ်။
သူတို့မှာ မောင်နှမငါးယောက် ရှိတယ်။
သူတို့အဖေရဲ့လက်သမားအလုပ်ဆိုတာကလည်း ဝင်ငွေက ပုံမှန်မရှိဘူး။
ငွေရေးကြေးရေးလိုအပ်ရင်အမေ့ဆီမှာ အကူအညီယူတယ်။�အမေကလည်း ကူညီတယ်။
ကျောင်းတွေဖွင့်တော့မယ် ဆိုရင်�ကျမတို့မောင်နှမတွေကို အမေတို့က လွယ်အိပ်ကအစ အသစ်ဝယ်ပေးတယ်။
ကျမတို့လွယ်ခဲ့တဲ့ လွယ်အိတ်�ကျောင်းဝတ်စုံတွေကတော့ နှင်းမေအေးတို့မောင်နှမဆီ ရောက်သွားတာပေါ့။
နှင်းမေအေးနှင့် ကျမက ရွယ်တူလေ။
ကျမသွားရာနောက် သူက အမြဲအဖော်လိုက်ပေးရတယ်။
ကျမကဘာပဲခိုင်းခိုင်း မငြိုမငြင်သူက လုပ်ပေးတယ်။
တစ်ခါမှာတော့ စာအုပ်ဆိုင်မှာစာအုပ် မေ့ကျန်ခဲ့တာကို အိမ်ရောက်မှသတိရလို့ နှင်းမေအေးကို သွားယူခိုင်းလိုက်တယ်။
သူဟာနေမကောင်းဖြစ်နေတဲ့ကြားက အနွေးထည်လေးဝတ်ပြီး ခြေလှမ်းယိုင်နဲ့နဲ့ လေးနှင့်�သွားယူပေးရှာတယ်။
သူများတွေကတော့ပြောကြတယ်။
နှင်းမေအေးရဲ့မျက်နှာလေးကမျက်နှာ အေးလေး…တဲ့။
ကျမကတော့ ဒီလိုမထင်ဘူး။�သူကအစစအရာရာမပြည့်စုံတဲ့သူဆိုတော့ အားငယ်ညှိုးနွမ်းနေတဲ့မျက်နှာ လို့ထင်တယ်။�•�•�•
နှင်းမေအေးရဲ့ဖိတ်ခေါ်မှု့ကြောင့်ဒီတပါတ်တော့ သူ့ဆီအရောက်သွားဖို့ ပြင်ဆင်ရပါပြီ။
သူ့ကိုလည်း ဖုန်းကြိုဆက်ထားလိုက်တယ်။
သူများရောင်းဖို့အပ်ထားတဲ့ သိန်းရာကျော် တန်စိန်နားကပ်ခဏလောက်တော့ ဝတ်သွားမှပါ။
နှင်းမေအေးကြည့်ရတာ နှစ်တွေသာပြောင်းလဲသွားတယ် သူတို့ကတော့ဆင်းရဲတွင်းနက်နေသေးတဲ့ပုံပဲ။
ဟိုနေ့က မြင်ရတာအဝတ်အစားလည်း သိပ်ပြီး ပြောင်ယောင်တာမတွေ့မိဘူး။
ပလပ်စတစ် ကိုင်းပေါက်အိတ်တစ်လုံးလက်မှာချိတ်ပြီး ဝတ်ထားတဲ့ချည်ထမီကလည်း ခပ်နွမ်းနွမ်းလေး။
တကိုယ်တည်း ရေရွတ်ရင်း စိန်နားကပ်ကို ဝတ်ကြည့်လိုက်တယ်။
ခဲသားရောင်တဖြတ်ဖြတ်လက်နေတဲ့ စိန်နားကပ်�အရောင်က ကျမကို ကျေနပ်သွားစေတယ်။
ကိုယ်ပစ္စည်းဟုတ်ဟုတ် မဟုတ်ဟုတ် ဝတ်သွားရတော့မှာပဲ။
ဒါမှလူရိုသေရှင်ရိုသေလည်းဖြစ်။ဟန်ကိုယ့်ဖို့လေ။
နှင်းမေအေး ပေးတဲ့လိပ်စာအရဆိုရင်ဒီနေရာပဲ။
ခြံဝင်းခပ်ကျယ်ကျယ်ထဲကိုဝင်လိုက်ရင်ပဲ နှင်းဆီပန်းနံ့�သံပုရာအနံ့တွေက ဆီးကြိုနေတယ်။
မြို့ပြမှာတစ်ခါမှမရဖူးတဲ့အနံ့လေး တွေကြောင့်ရင်ထဲမှာလန်းဆန်းသွားသလိုခံစားလိုက်ရတယ်။
အဝေးကနေ�ကားမောင်းလာခဲ့ရတဲ့ ကျမစိတ်တွေ ပေါ့ပါးသွားသလိုဖြစ်သွားတယ်။
ခြံဝင်းအလယ်မှာ သပ်သပ်ရပ်ရပ်လေးနှင့် သစ်သားအိမ်�လှလှလေးပါလား။
ရှေ့မျက်နှာစာမှာဝရန်တာပတ်လည်လေးနှင့် အို..မြင်ရတာကဗျာဆန်လှချည်လား။
ဝရန်တာမှာလည်း သစ်ခွပန်းပင် လေးတွေကိုချိတ်ဆွဲထားတာမျိုးစုံနေတာပဲ။
သစ်ခွတွေက ဖူးနေတာတွေလည်းတွေ့ရဲ့။
ပွင့်နေတာတွေကလည်းအများကြီး။
ဒန်းစီးလေဒီဆိုတဲ့ သစ်ခွဝါဝါလေးတွေကို တသီတတန်းကြီးချိတ်ဆွဲထားတာ မျက်စေ့ပဒါသရှိလိုက်တာ။
ခြံထဲမှာနှင်းဆီပန်းရောင်စုံတွေကိုလည်း အိုးတွေနဲ့စိုက်ထားတယ်။
သံပုရာပင်တွေကိုတော့ အိမ်ခေါင်းရင်းဘက်မှာ အတန်းလိုက်စိုက်ထားတာ တော်တော်များတယ်။
သီးနေလိုက်တာလည်း ခဲနေတာပဲ။
ခြေရင်းဘက် ခြံထောင့်မှာတော့ငွေပန်းခြုံကြီးကို တွေ့တယ်။
အဖြူရောင်ငွေပန်းတွေပွင့်နေလိုက်တာ။
အဆုတ်လိုက် အခဲလိုက်ပါလား။
ကျွဲကောပင်တွေ တော်တော်များများကိုလဲ အိမ်ရဲ့အနောက်ဖက်ခြမ်းမှာတွေ့တယ်။
ကျွဲကောသီးတွေ သီးနေပြီ။
မွန်းကြပ်တဲ့မြိုပြက လာတဲ့ကျမ�မှော်ဘီက သူ့ခြံထဲကိုဝင်လိုက်တာနဲ့စိတ်တွေပေါ့ပါးလန်းဆန်းပြီး ကြည်လင်သွားတယ်။
နှင်းမေအေးက ကျမကိုဝမ်းသာအားရနှင့်ဆီးကြိုတယ်။
ကျမကလမ်းမှာဆင်းဝယ်လာတဲ့မုန့်ဗူးကိုလက်ဆောင်ပေးလိုက်တယ်။
သူနှင့်ကျမ�ရှေးဟောင်းနှောင်းဖြစ်တွေ။�ရောက်တတ်ရာရာတွေ။�ပြောလို့ရယ်မကုန် ဖြစ်ကြတယ်။
ထမင်းစားချိန်ရောက်တော့�သူ့သမီး အငယ်မလေးက ထမင်းဝိုင်းကိုသေချာပြင်ပေးတယ်။
ကြက်သားကို ဘူးသီးနှင့်ချိုချိုလေး ။�ငါးဖယ်သုတ်။�ဟင်းချို ငပိဖျော် တို့စရာအစုံ�နှင့်ပါ။
အဲဒီအချိန်မှာပဲ…�နှင်းမေအေးရဲ့သမီးကြီးဖြစ်သူက ငါးခူအကောင်ကြီးတွေကို ငြုပ်သီးနှင့်အစပ်ကြော်ထားတာ လာပို့တယ်။
“ထမင်းစားအမှီ လာပို့တာကြီးကြီးရယ်�အမေကမနေ့ထဲကကြီးကြီးလာမယ်လို့ပြောထားတာ�သမီးကလဲစျေးဆိုင်တဖက်နဲ့ဆိုတော့�ခုမှလာရတယ်”
မွန်မွန်ရည်ရည်နှင့် အေးချမ်းတဲ့မျက်နှာ ပိုင်ရှင်လေး။
အဝေးကရောက်လာတဲ့ အမျိုးအဆွေတစ်ယောက်လို ကျမကို ပြောဆိုဆက်ဆံတယ်။
သူမက ကျမတွေ့ခဲ့တဲ့စျေးလမ်းမမှာ ကုန်စုံဆိုင်ဖွင့်ထားတယ်လို့ ပြောတယ်။
အိမ်ထောင်ကျတာ ငါးနှစ်လောက်ရှိပြီ။
နှင်းမေအေးတို့ခြေရင်းဘက်ကခြံကို ဝယ်ပြီးနေတယ်လို့ ပြောပြတယ်။
“အမေ ရေအေးတွေမချိုးနဲ့နော်..�ဒီနေ့ခေါင်းကိုက်နေသေးလား”
နှင်းမေအေးကပြုံးပြီး ခေါင်းခါပြတယ်။
“အငယ်မလေး..�အမေ့အဝတ်တွေ ထမီတွေပါ ရေချိုးခန်းထဲစုထားပေး …�မမကြီးလျှော်ခဲ့မယ်”
အိမ်ခွဲနေတဲ့သမီးကြီးက စျေးဆိုင်အလုပ်နဲ့ အိမ်ထောင်တာဝန်မအားလပ်တဲ့ကြားက�အမေ့အဝတ်အစားတွေကို သူအမြဲလာလျှော်ပေးတယ်..တဲ့။
သူ့ကိုလဲ လစဥ် ငွေတစ်သိန်းကန်တော့တဲ့ အကြောင်းကို�နှင်းမေအေးက ပြောပြတယ်။
ကျမ နားကြားများလွဲလေရော့သလား။
ကြားလိုက်ရတဲ့စကား ကျမအဖို့�အံအားသင့်စရာ ပါလား။
ဒီခေတ် ဒီအခါကြီးမှာ ဒီလို သမီးမျိုး ရှိနေသေးသလား။
အင်းပေါ့လေ။
ခေတ်စနစ်ဆိုတာကလည်း သူ့ဟာသူ အလိုလို ပြောင်းလဲသွားတာပဲ။
မိဘနှင့်သားသမီးကြားက�နွေးထွေးမှု�သံံယောဇဥ်�သိတတ်မှု့ဆိုတာတွေက ခေတ်နဲ့မှမဆိုင်တာ။
မိမိကိုယ့်ကိုယ်နှင့်ပဲဆိုင်တာလေ။
ခြံထဲကို ဝင်လာတဲ့ ဆိုင်ကယ်သံကြားလိုက်တယ်။
” အမေတို့ ထမင်းစားနေကြပြီလား …�ခဏလေး ခဏလေး”
ဟယ်..အမေတို့ ဆိုပါလား။
ရင်ထဲမှာ နွေးနွေးလေး ခံစားလိုက်ရတယ်။
ပြောလဲပြော အနားရောက်လာတဲ့လူငယ်လေးလက်ထဲမှာလည်းအထုပ်တွေ။�အသီးအနှံတွေတစ်ပွေ့တစ်ပိုက်ကြီးနှင့်ပါလား။
” ကြီးကြီးရောက်နေပြီဆိုတာသိတယ်…�ဆိုင်မှာလူကျနေတာနဲ့စောစောမလာဖြစ်ဖူး…�သား ခေါက်ဆွဲကြော်ဝယ်လာတယ် ….�ထမင်းစား ပြီးရင်အချိုတည်းဖို့အသီးအနှံတွေပါဝယ်လာတယ်”
“အမေ ဒီနေ့ဆေးသောက် ပြီးပြီလား..�ခေါင်းကောကြည်ရဲ့လား..�ညနေဘာစားချင်သေးလဲ..�ဒီမှာ သားသတိရတာနဲ့ရေချိုးခန်းမှာတိုက်ချွတ်ဖို့..�ကြွေဂျီး ချွတ်ဆေးတခါထဲဝယ်လာခဲ့တယ်..�ရေချိုးခန်းထဲ အမေလျှော်လဲမှာစိုးလို့”
သားဖြစ်သူကဖုန်းအရောင်းဆိုင်ဖွင့်ထားတယ်လို့သိရတယ်။
ထမင်းစားနေတုန်းမှာလည်း သမီးအငယ်မလေးကရေနွေးပူပူလေးကိုခွက်ကလေးနှင့်ထည့်ပြီးကျမအနားကိုယူလာပေးတယ်။
ထမင်းစားအပြီးမှာတော့ကျမကဝရန်တာမှာထိုင်စကားပြောဖို့ရွေးချယ်လိုက်တယ်။
လတ်ဆတ်တဲ့လေနှင့်အတူပန်းရနံ့တွေကဝရန်တာလေးနဲ့လိုက်ဖက်လှတယ်။
လက်ဖက်အုပ်ကလေးကိုသေသေသပ်သပ်လေးပြင်ဆင်ထားတာတွေ့တယ်။
နှစ်ပြန်ကြော်ကလည်း ဆီသန့်လေးနှင့်။
ကြက်သွန်ဖြူနှင့် ငြုပ်သီးစိမ်း�ကိုပန်းကန်တစ်ခုထဲမှာထည့်ထားတယ်။
လိမ္မော်သီးကိုလည်း အမွှာလေးတွေခွာပြီးအသင့်စားလို့ရအောင်ပန်းကန်လှလှလေးထဲမှာထည့်ထားတယ်။
သမီးအငယ်မလေးက ရေနွေးအိုးကိုကျမတို့ရှိရာကိုယူဆောင်လာပြီး။
” အမေတို့ လက်ဖက်အသားတွေချည်းအများကြီးမစားနဲ့နော်.. နည်းနည်းလေးပဲစားကြ.. နေမကောင်းဖြစ်မှာစိုးလို့”
အမေတို့ ဆိုတဲ့စကားသံလေးကိုထပ်ကြားမိပြန်ပါပြီ။
အမေတို့ လို့သုံးနှုန်းလိုက်တဲ့အခေါ်အဝေါ်မှာကျမလည်း ပါတာပေါ့။
ငါ့ကိုဂရုစိုက်တယ်ဆိုတဲ့ အတွေးလေးကရင်ထဲမှာချမ်းသာသွားတယ်။�.�.�.�အိမ်ကဟန်နီတို့မောင်နှမဆီကိုအတွေးရောက်သွားတယ်။
သမီးကြီးကသင်တန်းအစုံတက်တယ်။
သူငယ်ချင်းတွေနှင့် လည်ပတ်တယ်။
ညမိုးချုပ်မှအိမ်ပြန်လာတယ်။�ဆံပင်ကိုကောက်တယ်။�ဖြောင့်တယ်။
အလှပြင်ပစ္စည်းပေါ်သမျှ၊နောက်ဆုံးပေါ်ထွက်သမျှအဝတ်အထည်အကုန်ဝယ်တယ်။
ဝင်ငွေရတဲ့အလုပ်တစ်ခုလောက်လုပ်ပါလားဆိုတော့ ဝမ်းစာမပြည့်ဝသေးဘူး။
ပညာတွေစုရဦးမယ်တဲ့။
အချိန်တွေသာကုန်သွားတယ်။
ဘာတစ်ခုမှဖြစ်လာတာလည်း မတွေ့ရဘူး။
အချိန်တန်ရင် ပိုက်ဆံကို အမေ့ဆီမှာ လက်ဖြန့်တယ်။
ပိုက်ဆံ ပေးမလောက် ဖြစ်ရတယ်။
သူတို့လေးတွေအဖေ.ဆုံးပါးသွားထဲက ကလေးနှစ်ယောက်နှင့်ဘဝမှာ ရုန်းကန်လာခဲ့ရတာ။
ရှိတာလေးတွေလည်း တဖြည်းဖြည်းကုန်လာတော့�သူငယ်ချင်းတွေအကူအညီနှင့်�အရောင်းအဝယ်လုပ်ရတော့တယ်။
ကလေးတွေက အရွယ်တွေသာရောက်လာတယ်။
အမေ့အပေါ်မှာ မသိတတ်ကြဘူး။
ပိုက်ဆံဘယ်က ရ။�အမေ့အိတ်ထဲက ရ ဆိုသလိုပဲ။
အမေနေထိုင်ကောင်းလား တစ်ခွန်းအမေးမခံရဖူးဘူး။
အမေကိုဂရုစိုက်ရတယ်ဆိုတာလည်းသူတို့မသိကြဘူး။
သိအောင်လည်း မသင်ယူကြဘူး။
ဟုတ်ပါတယ်လေ။�ဒါတွေက သင်ယူလို့ရတဲ့အရာတွေမှ မဟုတ်တာ။
မိမိရဲ့ပင်ကိုဗီဇကသာ အရေးကြီးတယ်မဟုတ်ပါလား။
အငယ်ကောင်လည်းဒီလိုပါပဲ။
ပိုက်ဆံပေးမလောက်တဲ့အထဲက လောက်ငှအောင်မပေးရင်�အမေ့အိတ်ထဲကတိတ်တိတ်လေးနှိုက်ယူသေးတယ်။
သားသမီးကို အိမ်တွင်းသူခိုးလို့ပြောရလည်းအခက်။
ပြောလည်းမပြောရက် ခက်နေတဲ့ဒီအမေပါလား။
သူငယ်ချင်းတွေနှင့် အပျော်လွန်ရာကရန်တွေဖြစ်။
အချုပ်ထဲရောက်လို့ ငွေတွေသောက်သောက်လဲကုန်ခဲ့ရသေးတယ်။
သူများတွေကတော့ပြောပါတယ်။
ပြောမရရင်သူတို့ကိုအမွေပြတ်စွန့်လွှတ်လိုက်တဲ့။
ပြောတာတော့လွယ်တာပေါ့။�ဒီအမေရင်ထဲဝင်ကြည့်ပါဦး။
တောင်းစုတ် ပလုံးစုတ်တောင်�အနည်းငယ်ကောင်းနေသေးရင်�အမှိုက်ထည့်လို့ရသေးတယ်ဆိုပြီး�လွှင့်မပြစ်ရက်ကြပါဘူး။
ကံတရားပေါ့လေ။�သူတို့လေးတွေလိမ္မာချိန်တန်ရင် တော့�လိမ္မာသွားကြပါလိမ္မယ်လို့ပဲဆုတောင်းနေရတော့မှာပေါ့။�.�.�.�ကျမ အတွေးထဲမှာနစ်မြောနေရာက။
” ကြီးကြီး အိမ်အတွက်ဒန့်သလွန်သီးနှင့်သံပုရာသီးတွေခူးပေးလိုက်တယ်�သံပုရာသီးကိုနေ့တိုင်းဖျော်သောက်နော်ကြီးကြီး�စိတ်ကြည်လင်တယ်”
နွေးထွေးတဲ့စကားလေးတွေကကျမနှလုံးသားထဲအထိရောက်သွားပါတယ်။
ညနေစောင်းရောက်တော့ကျမအိမ်ပြန်ဖို့ပြင်ဆင်ပါတယ်။
နှင်းမေအေးရဲ့သားသမီးသုံးယောက်စလုံးကကျမကိုကန်တော့ကြတယ်။
လက်ဆောင်တွေလဲပေးလိုက်တယ်။
” ဘာကိစ္စပဲရှိရှိ သမီးတို့အကူအညီလိုတယ်ဆိုရင်အချိန်မရွေးဖုန်းဆက်ပါကြီးကြီး�အိမ်ကိုလည်း အားတဲ့အခါလာလည်ပါဦး�ဒီတစ်ခါညအိပ်လာပါ”…
အိမ်အပြန်လမ်းမှာအတွေးများစွာနှင့်ပါ။
နှင်းမေအေးရဲ့ဘဝလေးကအေးချမ်းလိုက်တာ။
ငါထင်နေတာနှင့်တခြားစီပါလား။
သူနေထိုင်ရာနေရာလေးကလည်း အလည်လာသူကိုတောင်မပြန်ချင် အောင်ဆွဲဆောင်မှု့ရှိနေတယ်။
သားသမီးလေးတွေကလည်း သူတို့အမေကို အရိပ်လိုကြည့်နေလိုက်တာ ဘေးကကျမတောင်မနာလိုဖြစ်မိတယ်။
ခင်ပွန်းမရှိကြတာချင်းအတူတူ နှင်းမေအေးရဲ့ဘဝလေးကသားသမီး တွေရဲ့ မေတ္တာအရိပ်အောက်မှာနွေးနွေးထွေးထွေးလေးနှင့်�အေးမြလိုက်တာ စမ်းရေလေးလိုပါလား။
သားသမီးကောင်းကိုပိုင်ဆိုင်ထားရတယ်ဆိုတာကလည်းဘုရားပေးတဲ့ဆုပါ။
နှင်း မေအေးရဲ့မျက်နှာလေးနှင့်အတူ သူ့ဘဝလေးက အေးချမ်းတယ်ဆိုတာ ကျမရဲရဲဝံ့ဝံ့လက်ခံလိုက်ပါပြီ။
ရှေ့ကိုဘာဖြစ်မယ်မှန်းမသိနိုင်သေးတဲ့ကျမကကော။
ဘဝကို အေးချမ်းမှု့နှင့်အဆုံးသတ်ပါ့မလား။
ပူလောင်ခြင်းတွေနှင့်ရှေ့ကိုဆက်ရဦးမှာကတော့အမှန်ပါပဲ။
ငယ်စဥ်ထဲကသူတို့ရဲ့နွမ်းပါးမှု့ကိုအထင်အမြင်သေးပြီး�နိုင်လိုမှု့တစ်ခုအတွက်နှင့်�သိန်းရာကျော်တန်စိန်နားကပ်ကို ဝတ်သွားခဲ့မိတယ်။
သူတို့တွေရဲ့မိဘနှင့်သားသမီးချစ်ခြင်းမေတ္တာ။�ဂရုစိုက်မှု့။
ကျမကိုဆက်ဆံတဲ့နွေးထွေးမှု့�အို..တန်ဘိုးကြီးလှချည်လား။
တကယ်တမ်းမှာတော့�နှင်းမေအေးတို့မိသားစုရဲ့�မေတ္တာအရိပ်အောက်မှာ�ကျမဝတ်သွားခဲ့တဲ့�သိန်းရာကျော်တန်စိန်နားကပ်အရောင်မဲ့ခဲ့ရပါတယ်။�
စာရေးသူ=ခင်လှမြတ်ခိုင်