လွှတ်သင့်ချိန်မှာ လွှတ်လိုက်ပါ

 လွှတ်သင့်ချိန်မှာ လွှတ်လိုက်ပါ

----------------------------------

ထိုနေ့ကို ကျွန်တော်မမေ့။ ယနေ့တိုင် မျက်စိထဲတွင် မြင်ယောင်နေမိသည်။


ကျောင်းပိတ်ရက်ဖြစ်သဖြင့် ညနေခင်း ထမင်းစားပြီးချိန်တွင် ကျွန်တော် မြစ်ကမ်းဘက်ကို လမ်းလျှောက် လာသည်။ ဝဲပြန်ကွေ့ဆိုသည့် နေရာတွင် လူတွေအုံနေသဖြင့် ကျွန်တော်က ထိုနေရာကိုသွားကာ စူးစမ်းမိ သည်။


“ဘာဖြစ်နေတာလဲ”


“ဝဲထဲမှာ ပဲ့ထောင်တစ်စီး မြုပ်သွားလို့”


“ဟာ လူတွေဘာဖြစ်ကုန်သလဲ”


“လူတွေအကုန်ဆယ်လို့ရတယ်။ ပဲ့ထောင်ပေါ်မှာပါတဲ့ ကုန်တွေ လှေကမှောက်ခုံကြီးဖြစ်သွားတော့ ဝဲထဲ မြုပ်ကုန်တယ်။ အဲဒါ စောင့်ကြည့်နေကြတာ”


“ဘယ်အချိန်လောက်ကတည်းက နစ်သွားတာလဲ”


“နေ့လယ်ကတည်းက”


ဝဲပြန်ကွေ့ဝဲသည် နာမည်ကျော်သည်။ ကျောက်ဆောင်စွန်းက မြစ်ကြောင်းထဲတွင် ထိုးထွက်နေသည်။ ထိုကျောက်ဆောင်စွန်းကို အထက်က ကျလေသည့်ရေအရှိန်က တိုက်ပြီး နောက်ပြန်ကာ ဝဲကွေ့ကြီးတစ်ခု ဖြစ်စေသည်။ မြစ်ကြောင်းအတိုင်း ဆင်းလာသည့် လှေဖြစ်စေ၊ တက်လာသည့်လှေဖြစ်စေ ဝဲကွေ့ကို ဦးထိုးကာ စက်အားဖြင့်မောင်းတက်ကြရသည်။ မိုးတွင်း ရေထရက်ဆိုလျှင် ထိုဝဲကွေ့မှ တဟီးဟီး အော်သံကြီးကို အဝေးမှပင် ကြားရသည်။


ကျန်တော်လည်း စိတ်ဝင်စားသဖြင့် လူအုပ်ကြီးနှင့်အတူ ဘာတွေများ ပေါ်လာလေမလဲဟု ကြည့်နေသည်။


ထိုစဉ် အနီရောင်အစင်းတွေနှင့် အထုပ်ကြီးတစ်ထုပ်သည် ဘွားခနဲပေါ်လာသည်။


“ဟာ ဟိုမှာ ဘာကြီးလဲ"


“စောင်ထုပ်ကြီးဟ”


“အဲဒါ ကျွန်တော့် စောင်ထုပ်ကြီးခင်ဗျ။ ကျွန်တော် တင်လာတဲ့ဟာ”


ထိုသူကို ကျွန်တော်ကောင်းကောင်းသိသည်။ အညာစောင်တွေကို ထမ်းပြီး တစ်ရွာဝင် တစ်ရွာထွက် လိုက်ရောင်းနေသူဖြစ်သည်။ သူ့ထံက ကျွန်တော် အညာစောင်တစ်အုပ်ဝယ်ဖူးသည်။


စောင်ထုပ်ကြီးသည် ဝဲထဲက ဝုန်းဆိုထွက်လာပြီး လည်သွားသည်။ ဝဲကမှုတ်ထုတ်လိုက်သလို ဖြစ်သွားသဖြင့် ဝဲကွေ့အလွန်ကို ရောက်သွားသည်။


ထိုစောင်ထုပ်ပိုင်ရှင်သည် ချောင်းကမ်းပါးတွင် ပုဆိုးနှင့် အင်္ကျီကို ပုံထားခဲ့ပြီး ချောင်းထဲကို ဒိုင်ဗင်ထိုးဆင်းလိုက် သည်။


တစ်ယောက်က သတိလှမ်းပေးသည်


“ဟေ့လူ သတိထား”


ဝဲကွေ့ထဲက စုပ်ဝဲကြီးကို လွန်သွားပြီဖြစ်သဖြင့် စိုးရိမ်စရာမရှိဟု ဆိုနိုင်သည်။ စောင်ထုပ်ကြီးက ကြိုးတွေ စည်းထားသည်။ သို့သော် ရေတွေဝနေသဖြင့် အချိန်မရွေးပြန်မြုပ်သွားနိုင်သည်။


ထိုစောင်ထုပ်ပိုင်ရှင်က စောင်ထုပ်ဆီကို ရေကူးသွားသည်။ သူသည် အတော်လေး ရေကူးကျွမ်းကျင်ပုံရသည်။ စောင်ထုပ်ကိုသူက ဆွဲပြီး ကမ်းဆီကို ကူးသည်။ တစ်ဖက်ကဆွဲ တစ်ဖက်ကလက်ကို ယက်နေရသဖြင့် ခရီးမတွင်။ ရွာသားတွေကလည်း ဤနတ်ကြီးသည့် ဝဲကွေ့ကို ကြောက်သဖြင့် မဆင်းရဲကြပေ။


“ကြိုးလိုက်ရှာကြပါဟ”


ရေလယ်တွင် ရောက်နေသော စောင်ထုပ်ပိုင်ရှင်ဆီကို ကြိုးပစ်ပေးပြီး ဝိုင်းဆယ်ကြရန်ဖြစ်သည်။ ကြိုးရှာသူ သွားရှာနေစဉ်မှာပင် ရေထဲကလူသည် လက်ပန်းကျလာသည်။


“ဟေ့လူ ... ဆွဲမနေနဲ့ မရတော့ဘူး ... လွှတ်ခဲ့လိုက်”


ကမ်းပေါ်က လူတွေက ဝိုင်းအော်သည်။ သို့သော်သူက စောင်ထုပ်ကြီးကို အရဆွဲနေသည်။ လွတ်ထွက်သွားမည် စိုးရိမ်သဖြင့် စောင်ထုပ်ကိုချည်ထားသည့် ကြိုးကို လက်ဖြင့်ပတ်ပြီး အတင်းရုန်းနေရှာသည်။ ကျွန်တော် ကလည်း


“လုပ်ကြပါ တစ်ယောက်ယောက် သူ့ကို သွားကူလိုက်ကြပါ”


သို့သော် တစ်ယောက်မျှ ရေထဲမဆင်းကြပေ။ ကျွန်တော်ကလည်း ရေမကူးတတ်။ 


“ဟေ့လူ မရတော့ဘူး။ လွှတ်လိုက်တော့။ စောင်ထုပ်က ရေတွေနစ်ပြီး ဆွဲချသလိုဖြစ်နေတယ်”


စောင်ထုပ်ပိုင်ရှင်က သူ့စောင်ထုပ်ကို အတင်းဆွဲပြီး ကူးနေသေးသည်။ 


နောက်ဆုံး စောင်ထုပ်ကြီးက သူ့ကိုဆွဲချသလိုဖြစ်သွားသည်။ သူကအတင်းရုန်းသော်လည်း စောင်ထုပ်နှင့်အတူ မြုပ်သွားသည်။ ထိုအချိန်မှ ရွာထဲကို ကြိုးသွားရှာသူက ရောက်လာသည်။


တစ်ယောက်က ကြိုးကို ခါးတွင်ချည်ပြီး ရေထဲခုန်ဆင်းကာ ထိုသူနစ်သွားသောနေရာကို ကူးသွားသေးသည်။ သို့သော် ထိုသူသည် လုံးဝပြန်ပေါ်မလာတော့ပေ။ ကူးရင်းနစ်ကာ စောင်ထုပ်နှင့်အတူ မြုပ်သွားသည်။ 


မျက်စိအောက်မှာပင် လွှတ်သင့်သည်ကို မလွှတ်သဖြင့် စုံးစုံးမြုပ်သွားရသူကိုတွေ့လိုက်ရရာ စိတ်မကောင်း ဖြစ်မိသည်။


လူ့အသက်ထက် အရေးကြီးတာ ဘာရှိသနည်း။ ဥစ္စာပစ္စည်းကို ခင်တွယ်လွန်းသည့်အခါတွင် အသက်ကိုပင် သေချင်သေ စွန့်ဝံ့သူတွေဖြစ်လာသည်။ သူပိုင်ဆိုင်ထားသည့်အရာတစ်ခုကို သူက သူ့ဘဝကြီးတစ်ခုဟု ယူဆ ထားပုံရသည်။ သို့ဖြစ်ရာ မြုပ်သွားသည်အထိ ဆုပ်ကိုင်ထားသည်။ ထိုဥစ္စာပစ္စည်းအပေါ် ခင်တွယ်မှုကပင် သူ့ကို ဆွဲချသွားသည်။


လွှတ်သင့်သည် အချိန်တွင် လွှတ်လိုက်လျှင် ...


ယခုတိုင်မျက်စိထဲတွင် မြင်နေသည်။


တင်ညွန့်


၂၀.၁.၂၀၂၄