အဖေ့အတွက်

 အဖေ့အတွက်

--------------------

“မိန်းမရေ … တစ်ခုလောက်ပြောချင်တယ်ကွာ”


“ပြောလေ ဘာပြောမလို့လဲ”


“အဖေကွာ သူ့ကို ဖုန်းအသစ်ဝယ်ပေးတဲ့။ သူခုသုံးနေတဲ့ ဖုန်းကို သူမသုံးချင်တော့ဘူးတဲ့”


“သူသုံးနေတဲ့ဖုန်းက ဘာဖြစ်လို့လဲ”


“သူ့ဖုန်းက ကီးပက်ဖုန်းလေ။ ဘာမှ ကြည့်မရဘူးတဲ့။ သူ့မိတ်ဆွေ သုံးနေတဲ့ အန်းဒရိုက်ဖုန်းမျိုးပဲ ဝယ်ပေးပါတဲ့။ သူလည်း ဆိုရှယ်မီဒီယာ သုံးကြည့်ချင်တယ်တဲ့”


“ဟုတ်သားပဲ … အဖေက တစ်ယောက်တည်း အိမ်မှာ ပျင်းနေတာ … ဝယ်ပေးလိုက်ပါရှင်”


“ဟာကွာ အန်းဒရိုက်ဖုန်းတွေက ဈေးကြီးပါဘိနဲ့”


“ဘာဖြစ်ဖြစ်လေ ဝယ်ပေးလိုက်ပေါ့။ အဖေလိုအပ်လို့တောင်းနေတာပဲ။ တစ်ခါမှလည်း ဟိုဟာဝယ်ပေး … သည်ဟာ ဝယ်ပေးပြောဖူးတာမဟုတ်ဘူး”


“အန်းဒရိုက်ဖုန်းဝယ်ပေးတာ ဟုတ်ပါတယ် … သုံးတတ်ဦးမှ။ ငါပဲ သူ့ကို သင်ပေးရမှာ”


“ဒီမှာ ကီးပက်ဖုန်းတုန်းကလည်း သုံးတတ်တာ မဟုတ်ဘူးလေ။ ဒီလိုပဲ သုံးရင်းတတ်သွားတာပဲ မဟုတ်လား။ ခုလည်း ဝယ်ပေးလိုက်ပါ တတ်သွားမှာပေါ့”


“ဒီလို လုပ်ရအောင်”


“ဘယ်လိုလုပ်မလို့လဲ”


“ငါ့ဖုန်းကို အဖေ့ကို ပေးလိုက်မယ်လေ။ ပြီးတော့ ငါက ဖုန်းကောင်းကောင်း ဝယ်ကိုင်လိုက်မယ် မကောင်း ဘူးလား”


“အို … ဘယ်လိုပြောလိုက်တာလဲ။ ရှင် ကျောင်းသားဘဝက ရှင့်အဖေ စက်ဘီးဝယ်ချင်လို့ဆိုပြီး ကျွန်မတို့အိမ်မှာ ပိုက်ဆံလာချေးတာသိလား”


“ဘာဖြစ်လဲ အဲဒါ”


“သူစီးနေတဲ့ ဟမ်းဘားစက်ဘီးကြီးက ဟောင်းနေပြီလေ။ အဲဒါ ရှင် ၈ တန်းရောက်တော့ ကျောင်းကို စက်ဘီး အသစ်လေး စီးစေချင်လို့ဆိုပြီး ကျွန်မအဖေဆီမှာ ပိုက်ဆံလာချေးတာ။ ကျွန်မ အဖေက ကိုခင်မောင်ရယ်တဲ့ ခင်ဗျားစက်ဘီး အဟောင်းကြီးကို သားကိုပေးပြီး ခင်ဗျားက စက်ဘီးအသစ်လေး ဝယ်စီးရောပေါ့လို့ ပြောလိုက် တော့ ရှင့်အဖေက ဘာပြန်ပြောသလဲသိလား”


“ငါအခုမှ မင်းပြောလို့ ဒီအကြောင်းသိတာ။ အဖေဘာပြန်ပြောသလဲ”


“အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးတယ်ဆိုတာ အဟောင်းပေးလို့ ဘယ်ကောင်းမှာလဲတဲ့။ အဟောင်း စီးချင်းစီး သူပဲစီးပါ့မယ်တဲ့လေ။ သားကို အသစ်လေးပဲ ဝယ်ပေးချင်တယ်တဲ့”


“ဟုတ်လား … အဖေက အဲဒီလိုပြောသလား”


“ရှင့်အဖေက အဲဒီလိုပြောပြီး ပိုက်ဆံယူသွားတာ။ သူ့စက်ဘီးအစုတ်လေးကိုစီးပြီးထွက်သွားတာ ကျွန်မ မျက်စိထဲက မထွက်ဘူး။ သူက အဲဒီစက်ဘီးအသစ် ရှင့်ကို လက်ဆောင်ပေးတာ။ ကျွန်မတို့ သမီး ရည်းစားဘဝမှာ ဘုရားကိုအဲဒီစက်ဘီးလေးစီးပြီး သွားခဲ့တာမှတ်မိသေးတယ်။ ပေးချင်းပေး အသစ်ပဲ ဝယ်ပေး ပါရှင်။ ကျွန်မအိမ်စရိတ်ထဲက လျှော့သုံးပါ့မယ်”


“အေးပါကွာ … ငါဒီနေ့ပဲ ဖုန်းအသစ်တစ်လုံး ရုံးကပြန်လာရင်ဝယ်ခဲ့ပါမယ်”


သူရုံးကိုထွက်သွားသည်။


မကြာမီ ဦးခင်မောင်လည်း လမ်းလျှောက်ပြန်လာသည်။ သူကပြုံးရွှင်နေပြီး


“သမီးရေ … သမီး” ဟုခေါ်လိုက်သည်။


“ရှင် အဖေ”


“ဒီမှာ အဖေဖုန်းတစ်လုံးရလာပြီ”


ဦးခင်မောင်က ဖုန်းတစ်လုံးကို ထောင်ပြသည်။


“အဖေ ဘယ်သူ့ဖုန်းကြီးလဲ”


“ငါနဲ့ လမ်းလျှောက်ဖော်တစ်ယောက်ဖုန်းဟ။ သူက ဖုန်းအသစ်ဝယ်ကိုင်မလို့ဆိုပြီး ဒီဖုန်းကို ငါ့ပြန်ရောင်းတာ”


“အဖေက ဘယ်မှာ ပိုက်ဆံရှိလို့လဲ”


“ပိုက်ဆံကသူ့ကို အရစ်ကျပေးတဲ့”


“ဘယ်လောက်တောင်လဲအဖေ”


“သုံးသိန်းတဲ့”


“သမီးကိုပြပါဦး”


“ဒီမှာ”


“အဖေ မော်ဒယ်အောက်နေပါပြီ … ဒါကြီးမကိုင်ပါနဲ့။ ညနေ အဖေ့သားရုံးကပြန်လာရင် ဖုန်းအသစ် ဝယ်ခဲ့ မယ်တဲ့”


“ဟေ … ဟုတ်ရဲ့လား”


“ဟုတ်တယ်အဖေ ခုဏကပဲပြောသွားတာ”


“ဟုတ်လား … ဒါဆိုရင် ဒါကြီးဘယ်လိုလုပ်ရမလဲ”


“သွားပြန်ပေးလိုက်ပေါ့အဖေ။ အဖေဖုန်းအသစ်ရတော့မယ်လို့ပြောလိုက်ပေါ့”


“အေး … အေး … ဖုန်းအသစ်ပဲကိုင်တော့မယ်။ ခုပဲ သွားပေးလိုက်မယ်”


ဦးခင်မောင်ပြန်ထွက်သွားသည်။ သူတစ်နေ့လုံး ပျော်နေသည်။


“သမီး ငါ့ကို ဖုန်းဘယ်လိုသုံးရတယ်ဆိုတာ ပြပေးဦးနော်”


“ဟုတ်ကဲ့အဖေ”


ညနေ


အဖေက ပြတင်းပေါက်မှ လမ်းပေါ်ကို ကလေးတစ်ယောက်လို မျှော်နေသည်။


၅ နာရီ


၆ နာရီ


၉ နာရီ


ဦးခင်မောင် ထမင်းမစား။ သူ့ချွေးမက ဘယ်လိုပင်ချော့ကျွေးသော်လည်း မစား။


“ဟိုကောင်ကလည်း မလာနိုင်ဘူး”


“လာမှာပါအဖေ”


၁၀ နာရီလောက်မှ သားဖြစ်သူ ပြန်ရောက်လာသည်။


ဦးခင်မောင်က ဧည့်ခန်းတွင် ပြုံးပြုံးကြီးကြည့်နေသည်။ ဘာ တစ်ခွန်းမျှမပြော။ သူက အိမ်ပြန်လာပြီး ကတည်းက ရေချိုးသည်။ ထို့နောက် ထမင်းစားရန် ထမင်းစားခန်းထဲဝင်သွားသည်။ ဦးခင်မောင်က ထမင်စားခန်းထဲ လိုက်သွားသည်။ ထမင်းစားပွဲတွင် ဝင်ထိုင်သည်။


“အဖေလည်း မစားရသေးဘူး”


“ဟုတ်လား … ဘာဖြစ်လို့ အဖေ့ကို ခုထိ ထမင်းမကျွေးသေးတာလဲ”


“ကျွေးပါတယ်ရှင် … အဖေက မစားဘူး … ရှင့်ကိုမျှော်နေတာ”


“ဟာ ထူးထူးဆန်းဆန်း … ဘာဖြစ်လို့မျှော်နေရတာလဲ”


“ရှင်မေ့သွားလား”


“ဘာလဲကွ”


“အဖေ့အတွက် ဖုန်းဝယ်ခဲ့မယ်ဆိုတာလေ”


“ဟာ … ကောင်းကွာ … မေ့သွားတယ်။ ဒီနေ့ ရုံးက အစည်းအဝေးကလည်း ၅ နာရီမှပြီးတာကွ။ အဖေရေ ဖုန်းအသစ်ဝယ်မလို့ပါ မေ့သွားလို့”


ဦးခင်မောင် ဘာမျှမပြော၊ ထမင်းစားပွဲမှထသွားပြီး သူ့အိပ်ခန်းထဲကို တန်းဝင်သွားသည်။


“အဖေထမင်းစားဦးလေ”


ဦးခင်မောင် ထိုည အခန်းထဲကမထွက်တော့ပါ။


နောက်တစ်နေ့ မနက်လည်း အစောကြီး လမ်းလျှောက် ထွက်သွားသည်။


တံခါးတွင် စာတစ်စောင် ကပ်သွားသည်။


“အဖေ့အတွက် ဖုန်းမဝယ်ပါနဲ့တော့”


တင်ညွန့်


၁၆.၁၀.၂၀၂၅