အမြော်အမြင်(စ/ဆုံး)
—————–
“အားလုံး စုံကြပြီလား”
“စုံပါပြီအဖေ”
အစ်ကို အကြီးဆုံးဖြစ်သူက ဖခင်ကြီးကိုဖြေလိုက်သည်။
“ကဲ အဖေပြောတာ အားလုံးသဘောတူကြတယ်မဟုတ်လား”
“တူပါတယ်အဖေ”
မောင်နှမ ငါးယောက်အနက် လေးယောက်ကတညီတညွတ်တည်း ဖြေလိုက်ကြသည်။ အငယ်ဆုံး တစ်ယောက်ကတော့ မဖြေ၊ ခေါင်းကြီး ငုံ့နေသည်။ ထို့နောက် မဖြေရဲ ဖြေရဲနှင့် တိုးတိုးလေးဖြေသည်။
“သမီးတော့ ပါနိုင်မယ်မထင်ဘူးအဖေ”
“အငယ်မလေး … ဘာပြောလိုက်တာလဲ”
“သမီး ပါနိုင်မယ်မထင်ဘူး”
“ဟဲ့ အငယ်မ ဘယ်လိုပြောလိုက်တာလဲ”
“သမီး ပိုက်ဆံမထည့်နိုင်ဘူးအဖေရယ်”
“ဘယ်လိုဖြစ်လို့လဲ”
“ဒီနွေကျောင်းတွေပိတ်ရင် သမီးတို့မိသားစု မြို့မှာသွားနေရမယ်”
“ရှင်ပြုပွဲမှာ နင်တို့မရှိဘူးလို့ ပြောတာလား”
“ဟုတ်တယ်အဖေ … အစ်ကိုက မွမ်းမံသင်တန်းတက်ရမယ်။ သားကြီးနဲ့ သားငယ်က ကွန်ပျူတာသင်တန်း တက်ချင်တယ်ဆိုလို့ အဲဒါသူတို့နှစ်ယောက်ကို ခေါ်သွားမလို့အဖေ”
“ဟာ ဘယ်လိုဖြစ်ရတာလဲ။ မောင်နှမတွေ အားလုံးစုပြီးတော့ သားတွေကို ရှင်ပြုပေးပါ့မယ်ဆိုတာ။ နင်က ဒီရှင်ပြုပွဲကို မပါနိုင်ဘူးဆိုတော့ အဖေ့ဆန္ဒကို ဂရုမစိုက်တဲ့ သဘောလား”
“အဲဒီလို မဟုတ်ပါဘူး။ အဖေနဲ့ အစ်ကိုကြီးတို့ ရှင်ပြုမယ်လို့ မပြောခင်ကတည်းက ကျွန်မတို့က သား နှစ်ယောက်ကို မြို့ပို့ပြီး ကွန်ပျူတာသင်တန်းတက်ခိုင်းဖို့ စီစဉ်ထားပြီးသားပါ”
“ဒါဆိုရင် ရှင်ပြုအလှူပွဲအတွက် မောင်နှမတွေ တစ်ယောက် သိန်း ၅၀ စုပေးကြမယ်ဆိုတာရော”
“အစ်ကိုကြီး ညီမအားနာပါတယ်။ ညီမတို့က သားနှစ်ယောက်အတွက် ပညာရေးမှာ မြှုပ်နှံဖို့ စီစဉ်ထားပါတယ်။ ဒီနှစ် သားကြီးကို ၁၀ တန်းအောင်ရင် မြို့မှာပဲ သွားထားရမယ်။ သားငယ်ကိုလည်း ၈ တန်းဖြစ်နေတော့ တစ်ခါတည်း မြို့ကျောင်းမှာ ပြောင်းထားမယ်။ ကလေးနှစ်ယောက် နေဖို့ထိုင်ဖို့၊ စားဖို့သောက်ဖို့အတွက် ညီမတို့ စုဆောင်းထားတာလေးတွေကို ရှင်ပြုထဲမထည့်နိုင်ပါဘူး”
“တော်ပြီ … တော်ပြီ …. နင်မထည့်နိုင်လည်းရတယ် ကိစ္စမရှိဘူး”
“သားကြီး အဲဒီလို မပြောနဲ့လေကွယ် … သမီးတို့မှာလည်း သူတို့အတိုင်းအထွာနဲ့သူတို့ ဖြစ်နေလို့ နေမှာပေါ့”
“မဟုတ်ဘူးအဖေရယ် မောင်နှမတွေအားလုံးမှာ အနည်းဆုံး သားတစ်ယောက်စီတော့ ပါကြတာပါ။ အဖေ မြင်ချင်ပါတယ်ဆိုတဲ့ ရှင်ပြုပွဲကို ရွာမှာ အခမ်းနားအကြီးကျယ်ဆုံးဖြစ်အောင် လုပ်ချင်ပါတယ်ဆိုမှ”
“အစ်ကိုကြီး သူမပါလည်း နေပါစေ … ကျွန်တော်တို့ဘာသာပဲ လုပ်ကြတာပေါ့”
အစ်ကိုလတ်ကဝင်ပြောခြင်း ဖြစ်သည်။ အစ်မလတ်ကလည်း
“သူ့ယောက်ျားက ကွန်မြူနစ်ပဲ … ကလေးတွေကို ဘယ်ရှင်ပြုပေးချင်ပါ့မလဲ”
“မဟုတ်ဘူး အစ်မလတ် … ကျွန်မယောက်ျားကို အဲသည်လိုမပြောပါနဲ့။ ကျွန်မယောက်ျားက ကလေးတွေ ရှေ့ရေးကို စနစ်တကျစီစဉ်နေတာပါ။ သူ့သားတွေကို ရွာမှာပဲ အရိုးမထုတ်စေချင်ဘူး။ သူက ပညာတွေ တတ်အောင် သင်ခိုင်းပြီး နိုင်ငံခြားလွှတ်ဖို့အထိ စီစဉ်ထားတာပါ။ ညီမအနေနဲ့လည်း ရှင်ပြုမှာ တတ်နိုင် သလောက်လေးပဲ ကူညီပါရစေ”
“နင့်သားတွေ မထည့်ဘူး မဟုတ်လား”
“သူတို့ သင်တန်းသွားတက်မယ်လို့ ပြောထားတယ်လေ”
“အေး … အဲဒါဆိုလည်း တစ်ပြားမှ ထည့်စရာမလိုဘူး။ နင့်သားနှစ်ယောက် မပါလို့ ငါတို့အလှူပွဲ မပျက် သွားဘူး သိလား”
“သားကြီး … အဲဒီလို မပြောနဲ့လေ … မောင်နှမတွေအချင်းချင်း စိတ်ဝမ်းကွဲစေမယ်စကား မပြောရဘူး”
“အဖေ … သမီး ငါးသိန်းတော့ထည့်ပါ့မယ်။ သိန်း ငါးဆယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ သားတို့ ရှေ့ရေး အတွက် စုဆောင်းထားတာ အဲဒါပဲရှိလို့ပါ။ ဒီမှာပါအဖေ”
“အေး … အေး ထားခဲ့”
“သမီးပြန်တော့မယ်နော်အဖေ”
“ပြန် … ပြန်”
နွေရာသီတွင် ဦးထွန်းခနှင့် သားသမီးများ ရှင်ပြုပွဲသည် အကြီးကျယ်ဆုံး ဖြစ်ခဲ့သည်။ ဆင်တွေနှင့် မြင်းတွေနှင့် ရှင်လောင်းတွေကိုလှည့်ကြသည်။ ဝက်သား၊ ကြက်သားတွေနှင့် ခုနစ်ရက် ခုနစ်လီ ရွာလုံးကျွတ် ထမင်းကျွေး ကြသည်။
ထိုအချိန်တွင် အငယ်ဆုံးမလေးနှင့် သူ့မိသားစုကတော့ မြို့ကိုတက်သွားသည်။ နောက်ပိုင်းတွင် အငယ်မ ယောက်ျားလည်း မြို့ကိုပြောင်းရသည်။ သူတို့ မိသားစု အိမ်နှင့်ခြံလေးကို ရောင်းပြီး အားလုံး မြို့ကို ပြောင်း သွားကြသည်။
“အလကား … ဘာတွေဖြစ်လာမှာမို့လို့လဲ။ သားတွေကို အလိုလိုက် ကြားလား … နင်တစ်နေ့ ဒုက္ခရောက်မယ်”
မိသားစု သူတို့ဖခင်ကို သွားကန်တော့သည့်နေ့က အစ်ကိုအကြီးဆုံး ဖြစ်သူက ပြောလိုက်သည့် စကား ဖြစ်သည်။
နောက်နှစ်ပေါင်း ၂၀ အကြာတွင် ရွာကို ကားတစ်စီးဝင်လာသည်။ နှစ်ပေါင်း ၂၀ အတွင်း ရွာလေးမှာ ဘာမျှ ထူးခြားစွာ ပြောင်းလဲသွားခြင်းမရှိ။
အိမ်ရှေ့တွင် ရပ်လိုက်သောကားကြီးပေါ်မှ လူလေးယောက် ဆင်းလာကြသည်။
အမျိုးသမီးက အိမ်ဝင်းထဲတွင် တံမြက်စည်းလှည်းနေသောသူကို
“အစ်ကိုကြီး” ဟု ခေါ်လိုက်သည်။
ထိုသူက သေချာစွာကြည့်လိုက်ပြီး
“အငယ်လေး” ဟု ပြန်ခေါ်သည်။
“အစ်ကိုကြီး နေကောင်းရဲ့လား”
“သိပ်ကောင်းလှတယ်လို့တော့ မဟုတ်ပါဘူးကွယ် … နင်တို့လည်း အဖေဆုံးပြီးကတည်းက ခုမှပဲ ရောက်တော့ တယ်နော်”
“သားနှစ်ယောက်စလုံးက ပြန်လာလို့ မရသေးလို့ပါ အစ်ကိုကြီးရယ်”
“လာ … လာ … အိမ်ပေါ်ကိုလာကြ”
သူတို့အားလုံး အိမ်ပေါ်ကိုတက်ကြသည်။ အစ်ကိုကြီးက မောင်နှမတွေကိုလိုက်ခေါ်ခိုင်းသည်။ အားလုံး လူစုံသည့် အခါတွင်
“အစ်ကိုကြီးကို တစ်ခုအကူအညီတောင်းမလို့”
“ဘာများလဲ”
“ညီမသားနှစ်ယောက်နဲ့ ညီမယောက်ျား ဒီရွာကျောင်းမှာ ရဟန်းခံပွဲလုပ်ချင်လို့ … ပြီးတော့ မောင်နှမတွေစု ပြီးတော့ ရှင်ပြုရဟန်းခံလေး လုပ်မလားလို့”
“ဟေ … ကောင်းတာပေါ့ … ဘယ်သူက အကုန်အကျခံမှာလဲ”
“ညီမတို့က အားလုံးအကုန်အကျခံပါ့မယ်။ သားနှစ်ယောက်က နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ ကြာပြီလေ။ သူတို့ရဲ့ ဆန္ဒပေါ့။ သူတို့ကိုယ်တိုင်လည်း ပဉ္ဇင်းခံမယ်။ ဆွေမျိုးတွေနဲ့လည်း အတူတူ ရဟန်းဘောင်တက်ချင်တယ်ဆိုလို့ … ဒါနဲ့ အစ်ကိုကြီး သားတွေရော”
“အင်း အကြီးကောင်ကတော့ အရက်သမား … ဆုံးပြီ။ အငယ်ကောင်ကလည်း ဘာမှသုံးစားလို့မရဘူး”
“အစ်ကိုလတ်သားရော”
“ရှိတယ် လယ်သမားပဲပေါ့”
“အစ်မလတ်နဲ့ အစ်မငယ် သားတွေရော”
“သူတို့ကိုမေးကြည့်ရဦးမယ် ဝတ်မလား … မဝတ်ဘူးလား မသေချာဘူး။ ထန်းရည်ဆိုင်ကထတဲ့ကောင်တွေ မဟုတ်ဘူး”
“အစ်ကိုကြီးပဲ စီစဉ်ပေးပါနော်။ ရွာဦးကျောင်းဆရာတော်ကိုလည်း သွားလျှောက်ပေးပါ။ အဖေ့ကို ရည်စူးပြီး တော့ ရဟန်းခံပွဲ လုပ်ပေးမှာပါ။ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့လည်း ပါတယ်။ အစ်မလတ်နဲ့ အစ်မငယ် ယောက်ျားတွေလည်း ပါကြရမယ်နော်”
“အေးပါ … နင်တို့လည်း လိုက်ခဲ့လေ … ဆရာတော်ကို သွားလျှောက်ကြတာပေါ့”
နောက်တစ်လအကြာတွင် ရွာ၌ ကွယ်လွန်သူ ဖခင်ကြီး ဦးထွန်းခအား ရည်စူး၍ ကျန်ရစ်သူ သားသမီး မြေးများ၏ ရှင်ပြုအလှူကို စည်ကားစွာ ကျင်းပကြသည်။ သူတို့ဖခင်ခေတ်ကလိုတော့ ခုနစ်ရက်၊ ခုနစ်လီ မကျွေးပါ။ အလှူရက်တစ်ရက်သာ ကျွေးသည်။ ကျွေးမွေးရန်အတွက် ကုန်ကျမည့်စရိတ်များကို ရွာ မူလတန်းကျောင်းလေးအား အုတ်ကျောင်းလေး ဖြစ်စေရန် မိသားစုအလှူအဖြစ် မတည်လှုဒါန်းခဲ့သည်။
ပြန်ခါနီး ကားပေါ်အတက်တွင် အစ်ကိုကြီးဖြစ်သူက
“ညီမလေးရယ် … နင်တို့က တော်တော်ချမ်းသာတာပဲနော်” ဟု ပြောလိုက်သည်။
အငယ်မလေးက
“အစ်ကိုကြီးရယ် … ညီမလေးတို့က အနာဂတ်အတွက် ကလေးတွေကို ပညာနဲ့ မြှုပ်နှံပေးခဲ့တာပါ။ သူတို့ အဖေ အမြော်အမြင်လည်း ပါတာပေါ့။ ရွာမှာ ငါ့သားတွေကိုထားရင် တိုးတက်ကြီးပွားစရာ လမ်းမရှိဘူးဆိုပြီး သူကိုယ်တိုင် ဒီလမ်းကို ဖောက်ခဲ့တာပါ”
“အေးပါကွာ … မင်းတို့က ပညာတတ်ကြတော့ အနာဂတ်ကို ကြိုပြင်ဆင်နိုင်တာပေါ့။ ငါတို့မှာတော့ ရှိတာ အကုန်လှူပြီးတော့ နောက်ဆုံး အဖေဆိုရင် လယ်တွေရောင်းပြီး သိမ်ကျောင်းကြီးဆောက်လိုက်တာ ပြီးအောင်တောင် မြင်မသွားရရှာဘူး”
“အငယ်မရယ် နင်မှန်တယ် … ပညာနဲ့ သားသမီးတွေကို မြှုပ်နှံပေးခဲ့တာမှန်တယ်”
“အေးနော် … ခုတော့ နင်တို့စိုက်ထားတဲ့ အသီးအပွင့်တွေကို နင်တို့ကောင်းကောင်း ခံစားနေရပြီပေါ့”
တင်ညွန့်
၂.၁.၂၀၂၆