ကျွန်တော်နဲ့ ကိုယ်ဝန်ရှင်းတမ်း(စ/ဆုံး)

 ကျွန်တော်နဲ့ ကိုယ်ဝန်ရှင်းတမ်း(စ/ဆုံး)

—————————————–


ကျုပ်တို့ရွာက တစ်ခုတည်းရှိတဲ့ လက်ဖက်ရည်ဆိုင်ကလေး။မနက်ခင်းတစ်ခုကို လှပလာအောင် ဝိုင်းဝန်းပံ့ပိုးပေးနေတာများ သူများတော့မသိ။ကျုပ်စိတ်ထဲ အတော်လှတယ်။

“ချိုဆိမ့်lပုံမှန်lကျဆိမ့်lကျောက်ပန်းတောင်းဆိုတဲ့ လက်ဖက်ရည် မှာသံတွေlရပ်ရွာဆိုတော့ စားပွဲထိုးမလိုဘူး ။ို တီးဆရာက ကိုယ်တိုင်ဖျှော် ကိုယ်တိုင်စားပွဲထိုးပေါ့။မုန့်ဆရာကိုလည်း ကိုယ်စားလိုတဲ့ မုန့်လှမ်းအော်လိုက်ရုံပေါ့။ဒီအသံတွေက မနက်တိုင်း မနက်ခင်းကို ဖြည့်စွက်ပေးနေလေရဲ့။

ပုံမှန်တစ်ခွက်နဲ့ ပလာတာ တစ်ပွဲကို ကျုပ်စားနေရင်း နေ့စဉ် နာရီဝက်လောက်တော့ အချိန်ဖြုန်းနေကျ။ဒီနေရာလေးက အရောင်းအဝယ်စျေးဆိုင်ရာlဧည့်သည်မတွေကို ဧည့်ခံရာlသတင်းတွေကို ဖြန့်ချီရာနေရာလေး။

ဒီနေ့တော့ ကျုပ်ကြားရတဲ့သတင်းက ကျုပ်နားကိုတောင်မယုံချင်။သဘာဝနဲ့ဆန့်ကျင်နေပြီး ယုတ္တိလည်း မရှိလို့မို့ ကျုပ်မယုံ။ မယုံဘူးလို့လည်း လူတွေကြားထဲ ဖွင့်မပြောရဲ။အားလုံးက လက်ခံနေတော့ ကျုပ်သာ အရူးဖြစ်မှာ။

ဒီသတင်း ရင်းမြစ်ဖြစ်တဲ့ အားရှောင်ဆီလည်း သွားမေးလို့လည်းမဖြစ်သေး။ဒီလို ကိစ္စက သူ့နေရာ ကျုပ်ဆိုလည်း ဖွင့်ပြောမှာမဟုတ်။ဘယ့်နှယ် ပေါက်ပေါက်ရှာရှာ ကိစ္စ။ဒီသတင်းကို အတည်ပြုနိုင်ဖို့ ဘယ်သူမှတာဝန်မပေးပဲ ဖော်ထုတ်ဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။လက်ဖက်ရည်ဆိုင်လေးထဲကနေ ထရပ်လိုက်ပြီး ကျုပ်ခြေလှမ်းတွေက တပည့်ကျော် ကံလှရှိရာ အိမ်တော်ဆီကိုပေါ့။

************************************


ခြံထဲဝင်လိုက်ကတည်းက ကံလှကို ထူးထွေမရှာလိုက်ရ။အိမ်ရှေ့က ဝါးကုလားထိုင်တစ်လုံးပေါ်မှာ ငူငူကြီး ထိုင်နေလေရဲ့။

ကျုပ်ကို မြင်တယ်ဆိုရင်ပဲ နောက်ထပ် ဝါးကုလားထိုင်တလုံးကို လက်ထိုးပြလိုက်ပြီး


“ထိုင် ဖိုးကျော့lမင်းဘယ်က လှည့်လာတာလဲ”


ကုလားထိုင်ပေါ်ကျုပ်ထိုင်လိုက်ရင်း


“ကံလှlဒီမနက် သတင်းရော ကြားပြီးပြီလား”


ကံလှက အဝေးဆီကို မျှော်ငေးနေပြီး ရီဝေတဲ့မျက်ဝန်းတွေl ဆွေးမြေ့နေတဲ့လေသံတွေနဲ့။


“ကြားတာပေါ့ကွာlငါလည်း အဲဒါကြောင့်အသဲကွဲနေတာပေါ့ကွာ”


ဟ ဒီကောင်က ဘာလဲဟ။အားရှောင်နဲ့ ဘာတွေ ပတ်သတ်နေပါလိမ့် လို့တောင် တွေးမိလိုက်သေးတယ်။လူပုံကို အသေအချာကြည့်လိုက်တော့လည်း ဆွေးမြေ့ကြေကွဲနေတဲ့ဟန်က အပြည့်။


“ဟကောင်lမင်းက ဘာတွေ ဘယ်လိုကြောင့် အသဲက ကွဲရတာလဲ”

ဖိုးကျော့ မေးလိုက်မှပဲ ငိုတော့မဲ့ ပုံမျိုးနဲ့။အံမယ် လက်နှစ်ဘက်နဲ့ မျက်နှာကိုတောင် အုပ်လိုက်သေး။


“နှင်းမြလေကွာlနှင်းမြပေါ့lမနေ့ညက ဟိုဘက်ရွာက သာလှနဲ့ လိုက်ပြေးတာလေlမင်းပြောတာ အဲဒီသတင်းမဟုတ်ဘူးလား”


ကျုပ် ကိုယ့်နဖူးကို ရိုက်လိုက်မိတယ်။


“သေစမ်းဟာlနှင်းမြ လင်နောက်လိုက်တာနဲ့ မင်းနဲ့ ဘာဆိုင်လဲ”


ဒီတော့မှ ကံလှက အဟီးကနဲ ရယ်ချလိုက်တယ်။


“နည်းနည်းများ အထင်ကြီးမလားလို့ပါကွာlမင်းကျတော့ ငါ လှိမ့်လို့မရဘူးပေါ့ကွာ”


ကံလှက ဒီလိုကောင်။ဘယ်သူ လိုက်ပြေးပြေး အိမ်ထဲက အိမ်အပြင် မထွက်ပဲ သူနဲ့လိုလို အထင်ခံရခံရ နေတတ်တယ်။


“လုပ်မနေနဲ့ဟေ့ကောင်lဟိုသတင်းပြောတာlအားရှောင်ရဲ့ သတင်း”

ဒီလိုကျတော့လည်း ကံလှက ရုပ်တည်ကြီးနဲ့။တကယ့်ကောင်။ကျန်ကျောင်းကားထဲက ပညာရှိသုခမိန်လိုလို ဘာလိုလို မရှိတဲ့ မေးမွှေးကို ဆွဲနေလိုက်သေးတယ်။


“ငါလည်းကြားပါတယ်lဒီသတင်းက မဖြစ်နိုင်ပါဘူးကွာlသဘာဝတရားကိုလည်း လွန်ဆန်နေတဲ့ သတင်းကြီးကွ”


ကံလှရဲ့စကားကြောင့်ကျုပ်ရှေ့က စားပွဲခုံကို ဖြန်းကနဲနေအောင်ရိုက်လိုက်တယ်။ကံလှတောင် လန့်သွားတယ်။ကျုပ်ကို ပြူးပြဲကြည့်လို့ပေါ့။


“အဲဒါပဲကွlငါပြောတာ”


ကံလှကတော့ ဘာမှ ပြောရသေးဘူးလေဆိုတဲ့သဘောနဲ့ ခေါင်းကို ရမ်းလို့။


“အားရှောင်ရဲ့ကိစ္စက သဘာဝမကျသလို ယုတ္တိမှမရှိပဲကွlဒါကို တရွာလုံးက လက်ခံထားတော့ မဖြစ်နိုင်ဘူးဆိုတော့လည်း ငါပဲ အရူးဖြစ်မှာlဒီကိစ္စကို မင်းနဲ့ငါနဲ့ ဖော်ထုတ်ကြမယ်”


ကျုပ်စကားအဆုံး ကံလှ ဝုန်းကနဲ ထရပ်လိုက်တယ်။


“ငါလိုချင်တာ ဒါပဲlမဟုတ်မမှန်တာကို ဒီအတိုင်းနေမဲ့အစား ငါတို့ ဖော်ထုတ်ကြမယ်lမင်းသာဦးဆောင်လို့ကတော့ ငါ့အဖို့က ဘာပြောစရာ လိုဦးမှာလဲကွာ”


ကံလှဆိုတဲ့ကောင်က စိတ်နောက်မှာ တစ်ခါတည်း ကိုယ်ပါတတ်တယ်။ဒါဆိုရင်တော့ အိုကေပြီ။


“ကဲဒါဆိုရင် အားရှောင်ရဲ့ မူလ အရင်းအမြစ်ကို ငါမင်းကို ပြောပြမယ်lမင်းလည်းသိပြီးသားပါlလိုတာရှိရင်လည်း မင်းထောက်ပေးပေါ့ကွာlငါ ငယ်ငယ်လေး ငါးနှစ်သားလောက်က အားရှောင် ဒီရွာကို ရောက်လာခဲ့တာပေါ့ကွာ”


***********************************


မာလဲရွာကို အားရှောင်ဆိုတဲ့ ရှမ်းတရုပ်စပ် တစ်ယောက် စီးပွားရေးလုပ်ဖို့ နွေရာသီရဲ့နေ့တစ်နေ့မှာ ရောက်လာတယ်။သူ့ကိုယ်ပေါ်မှာ ကျောပိုးအိတ်တစ်လုံးက လွဲလို့အပို မပါ။ရွာရဲ့ အရှေ့ဘက်ရွှေတောlကျောက်တော သွားရာလမ်းနံဘေးက မြေတကွက်ကို အရင်ဝယ်ယူလိုက်တယ်။သူဝယ်တာက သစ်ပင် ခြုံနွယ်တွေ ပိတ်ပေါင်း ထပ်နေလို့ရွာက လူတွေက သူ့ကို လှောင်ခဲ့ကြသေးတယ်။လမ်းကလည်း အခုမှ သာသာယာယာရှိသွားတာ။သူဝယ်စဉ်က လှည်းလမ်းကလေးသာ ရှိတယ်။

ခြုံနွယ်ပိတ်ပေါင်းတွေရှင်းလင်းပြီးမှ အိမ်ကလေးဆောက် lဝင်းကလေးခတ်လိုက်တော့ အားရှောင်ရဲ့ အိမ်က နေချင်စဖွယ်ကလေး ဖြစ်နေပြန်ရော။ဒီတော့မှ ရွာက လူတွေဟာ ဒီမြေတွေကို အဖိုးတန်မှန်း သိခဲ့ကြတယ်။အဲဒီ အချိန်ကျတော့ အားရှောင်နဲ့ နီးစပ်ရာ မြေနေရာ အတော်များများကို ပိုင်ရှင်တွေဆီက အားရှောင်က ဝယ်ပြီးနေပြီ။

ရွှေသူဌေးတွေlကျောက်သူဌေးတွေဟာ လမ်းဘေးမြေတွေကို လိုချင်တဲ့ အခါ အားရှောင်ဆီမှာပဲ ဝယ်ကြရတော့တယ်။ အားရှောင်က ဒီအကွက်တွေကို ကြိုတင် မြင်ပြီးသားထင်ပါရဲ့။ခြံတွေကို ခုတ်ထွင်ရှင်းလင်းကာ ဝင်းခြံတွေ ခတ်ပြီး ကြေးကောင်းကောင်းနဲ့ရောင်းခဲ့လို့ နေ့ချင်း ညချင်း လူချမ်းသာအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

အားရှောင်ဟာ သူ့အိမ်ရှေ့မှာ ကုန်စုံဆိုင်တစ်ဆိုင်ဖွင့်ခဲ့တယ်။ကုန်တွေရဲ့ စျေးနှုန်းကိုလည်း အနီးအနားက စျေးနဲ့ တန်းတူရောင်းချခဲ့ပြီး ရွှေတောlကျောက်တောသမားတွေကိုလည်း အကြွေးရောင်းချပေးခဲ့တယ်။ဒီလိုနဲ့ပဲ အားရှောင်ဟာ အလုပ်သမားတွေနဲ့ ခိုင်းစေပြီး အိမ်ထောင်မပြုပဲ နေထိုင်လာခဲ့တယ်။အသက်လေးဆယ်ကျော်မှ သူ့ထက်အသက် ထက်ဝက်လောက်ငယ်တဲ့ ဒီရွာသူမကျင်မြနဲ့ အိမ်ထောင်ကျခဲ့တာ အခုဆို ခြောက်နှစ်ရှိနေပြီ။သားသမီးက မရသေး။စီးပွားရေးက အဆင်ပြေလေတော့ လူက တနေ့တခြားဝလာလိုက်တာ ဗိုက်ကပါ ပူထွက်နေပြန်ရော။

အားရှောင်ဗိုက်ပူနေတာကိုများ လူတွေ ပြောသလားမသိ။ဒီမနက် လက်ဖက်ရည်ဆိုင်မှာ ကြားရတဲ့သတင်းက “အားရှောင့်မှာ ကိုယ်ဝန်ရှိနေလို့”တဲ့။

************&&*&***************


“ကဲ အားရှောင်ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ငါတို့ကြားရတဲ့ သတင်းကတော့ ဒါအပြည့်အစုံပဲlမင်း ဘာထပ်ဖြည့်စရာရှိသေးလဲ”


ကျုပ်ပြောတဲ့ အားရှောင်နောက်ကြောင်းနဲ့ ဒီမနက်သတင်းကို ကံလှက စိတ်ဝင် စားလိုက်ပုံက မြေပြင်ကနေပြီး သူ့အကြည့်ကို မရွေ့မိသေး။အတော်ကြာမှ ခေါင်းမော့လာပြီး


“အဲဒါပေါ့ကွာlမကျင်မြက ကိုယ်ဝန်ဆောင်ရမှာလေကွာlသူက ဆောင်ရအောင်က အားရှောင်က မိန်းမကြီးလားlဒါမှမဟုတ် မကျင်မြက မိန်းမမဟုတ်ပဲ ယောင်္ကျားဖြစ်နေပြီး အားရှောင်က မိန်းမမို့လို့လားlဒါစဉ်းစားရမယ်လေ”


ကံလှပြောစကားကြောင့် ကျုပ် မျက်လုံးပါပြူးသွားတယ်။ဒီအချက်ကို ကျုပ်မတွေးမိ။


“ဒါက ဒီလိုတော့ရှိတယ်ကွlအားရှောင်မိန်းမ ဟုတ်မဟုတ် ဟိုးရှေ့က အကြောင်းတွေ ငါတို့ မသိကြဘူးlမကျင်မြ မိန်းမဆိုတာကတော့ မင်းရော ငါရောအသိlအားရှောင်က မိန်းမဆိုရင် သူကိုယ်ဝန်ဆောင်ဖို့ရာအတွက် တခြားယောင်္ကျားတစ်ယောက်ကို ငါတို့ ထည့်ထွက်ရလိမ့်မယ်”


ကံလှ ပြောစကားကို အခြေခံပြီး ဖြစ်နိုင်ခြေကို ဖိုးကျော့ ဆွဲထုတ်ပြတယ်။


“ဖိုးကျော့lမင်းဆိုလိုတာက အားရှောင်ဟာ မိန်းမဆိုရင် တခြားယောင်္ကျားတစ်ယောက်နဲ့ဖောက်ပြန်ပြီးရတဲ့ ကိုယ်ဝန်လို့ ဆိုလိုတာလား”


အကောင်လိုက်ပြတာတောင် အရိပ်မထင်တဲ့ ကံလှကို သဘောမကျတာ ဒီလိုတွေကြောင့်ပေါ့။


“အေးလေကွာlဒါကလည်း အားရှောင်က မိန်းမဆိုရင်ပြောတာနော်”


ကံလှ စဉ်းစားနေပုံက တခုခုကို တွေးမိနေသလိုမျိုး။အတော်ကြာမှ လက်ဖျောက်တစ်ချက်တီးလိုက်ပြီး


“ဟုတ်ပြီlဒါဆို ဟိုတနေ့က ပြန်သွားတဲ့စံမောင်ပဲဖြစ်ရမယ်lသူ့နယ်က လာအလုပ်လုပ်တဲ့ကောင်လေးlအလုပ်ဖြစ်နေရဲ့သားနဲ့ ဘာလို့ပြန်တာလဲလို့ ငါမေးလိုက်သေးတယ်lအရေးကြီးလို့ပါဗျာတဲ့”


ဒီလို စနစ်တကျ တွေးတတ်တာကိုက ကံလှကို ချီးကျူးဖို့ ကောင်းနေသေး။အကွက်အတော်စေ့ပြီး သေသပ်တယ်။


“ကဲ ဒါတွေထားလိုက်တော့ဟာlသူတို့ အိမ်နားက ကိုဘသာဆီ နည်းနည်းပါးပါး စနည်းနာကြရအောင်lလာ သွားကြစို့”


ကံလှနဲ့ကျုပ် အတက်ကြွဆုံးခြေလှမ်းတွေနဲ့ ဦးတည်မိတာက အားရှောင်အိမ်နားက ကိုဘသာဆီကိုပေါ့။


*************************

“တော့်မလည်းlတနေ့တနေ့ ဒါကိုပဲ စဉ်းစားနေတော့တာပဲlယောင်္ကျားကြီးက ကိုယ်ဝန်ဆောင်လို့ရမလား ကိုရှောင်ရဲ့”


တဖက်ခြံက မကျင်မြပြောတဲ့ စကားကြောင့် ကိုဘသာ ခြံစည်းရိုးအနားအထိ ကပ်သွားမိတယ်။စည်းရိုးကို ဝါးခွဲကာ ကပ်ကြမ်းရက်ကာထားတာမို့ အတော်အတန်ဆို မမြင်ရ။ဒီသတင်းမျိုးကို ကိုဘသာစိတ်ဝင်စားတယ်လေ။တရွာလုံးစိတ်ဝင်စားနေတဲ့ သတင်းမို့ ကိုဘသာ ရွာသားတွေကို မြိန်ရည်ရှက်ရည် ပြောရတော့မယ်ဆိုပြီး အတော်ပျော်နေမိတယ်။


“မင်းကလည်းကွာl ငါကိုယ်တိုင်သေချာနေလို့ စိတ်ညစ်နေရတာပေါ့lငါက ယောင်္ကျားဆိုတာ မင်းအသိဆုံးlအခု ငါကိုယ်ဝန်ဆောင်ထားရတယ်ဆိုတော့ ရပ်ထဲရွာထဲက ဘယ်လိုပြောကြမလဲ”


အားရှောင်ရဲ့ ငိုသံပါကြီးနဲ့ အပြောကို ကိုဘသာတောင် သနားသွားမိတယ်။ကိုဘသာ ခြံစည်းရိုးကြားလှမ်းကြည့်လိုက်တော့ ပြတင်းပေါက်ဘောင်ပေါ်လက်ထောက်ပြီးနေတဲ့ အားရှောင်ရဲ့မျက်နှာမှာ အားငယ်ဝမ်းနည်းမှုက အထင်းသား။


“ဒါဆို အဲဒီကိုယ်ဝန်ကို သွားဖျက်ချမယ်လေlတော့်သဘောကိုသာ ပြော”

မကျင်မြ စကားကို အားရှောင်ကြားလိုက်တော့ ခေါင်းတခါခါ၊လက်တခါခါနဲ့။


“ဟာ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲကျင်မြရာlရပ်ထဲရွာထဲ မထွက်တော့ပဲ ငါကိုယ်တိုင်မွေးရတော့မှာပေါ့”


ကိုးလလွယ် ဆယ်လဖွားမဲ့ ဖခင်တစ်ဦးရဲ့ ရင်ထဲစကားကို ကြားရတာ ကိုဘသာ လေးစားမိတယ်။


“ဒီလောက်သေချာတယ် ပြောရအောင်lတော်က ဘယ်လို စစ်ဆေးလို့ ကိုယ်ဝန်ဆောင်ရတယ်လို့ သိတာလဲ ကိုရှောင်”


မကျင်မြရဲ့ မေးခွန်းကို ကြားလိုက်ရတော့ အားရှောင်ရဲ့မျက်ဝန်းတွေက ရီဝေပြီးနေတယ်။


“ဒီလိုဟကျင်မြရlငါလေ ငါ့ဗိုက်ကို ငါမသင်္ကာလို့ ကျန်းမာရေးဆရာမဆီက ဆီးစစ်တံတောင်းပြီးစစ်ကြည့်တာပေါ့lအဖြေက နှစ်ကြောင်းပြတယ်ကျင်မြရ”


“ဗုဒ္ဓေါlဘုရားရေ”


မကျင်မြ ကိုယ်တိုင် ဘုရားတ မိတာကို ကိုဘသာအတိုင်းသားကြားမိလိုက်တယ်။အဲဒီနေ့ကစပြီး အားရှောင်တစ်ယောက် အလုပ်နဲ့လက်မပြတ်တမ်းလုပ်နေရာက ဘာမှလုပ်ကိုင်တာကို ကိုဘသာမတွေ့ရတော့တာတစ်ပတ်ပင် ရှိလေပြီ။


“ကဲ ငါသိထားတာက ဒါပဲlအားရှောင်ကိုယ်တိုင် ဆီးစစ်တယ် ဆိုမှတော့ သေချာနေပြီ”


ကျုပ်နဲ့ကံလှ တယောက်မျက်နှာ တယောက်ကြည့်မိလိုက်တယ်။ပြီးမှ


“မဟုတ်သေးဘူးဗျာlတခုခုတော့ လွဲနေတယ်lယောင်္ကျားက ကိုယ်ဝန်ဆောင်ရမယ်လို့ပေါက်ပေါက်ရှာရှာ”


ကျုပ်ပြောစကားကို ကိုဘသာက လက်မခံ။


“ဟေ့ကောင် ဖိုးကျော့lသူများတွေလို တဆင့်ကြားမဟုတ်ဘူးနော်lဒါက ငါကိုယ်တိုင် နားနဲ့ဆတ်ဆတ်ကြားရတာlဒီမှာ ဟေ့ကောင် ဘုရားရှင်လက်ထက်မှာလည်း ရှင်မဟာကစ္စည်းကိုယ်တော်မြတ်ကို ပြစ်မှားမိလို့ ကိုယ်ဝန်ဆောင်ရတဲ့ သက်သေသာဓကရှိခဲ့တယ်lအခု သူကိုယ်တိုင်ပဲ ဆီးစစ်ထားပါတယ်ဆိုမှတော့ ဒါက သေချာနေပါပြီကွာ”


ကိုဘသာ စကားလည်းဆုံးရော အခုထိ စကားလုံးဝမပြောသေးတဲ့ ကံလှက


“ဘာပဲဖြစ်ဖြစ်ဗျာlဒီကိစ္စက ကာယကံရှင်ကို ကိုယ်တိုင်ပဲ သွားမေးတော့မယ်lဒီကိစ္စလုံးဝ မဖြစ်နိုင်ဘူးlကဲ ဖိုးကျော့ ထိုင်နေဦးမလားlငါကတော့ အားရှောင်ဆီ တခါတည်းဝင်မေးတော့မယ်ကွာ”


ကံလှကို ဒီတခါ အတော်သဘောကျသွားတယ်။ကျုပ်ထိုင်ရာက ထလိုက်တယ်။


“ကဲ ကိုဘသာlကျေးဇူးပါဗျာlခင်ဗျားကြားခဲ့တာမှန်ပါလိမ့်မယ်lဒါပေမဲ့ ကြားထဲမှာ တခုခုလွဲချော်မှုကလေးရှိနေဦးမယ်ဗျlဒီအတွက် ကံလှပြောသလို အားရှောင့်ဆီပဲ ဝင်မေးပြီးအဖြေရှာတော့မယ်ဗျာlကဲ သွားပြီဗျို့”


ကိုဘသာ အိမ်က ထွက်လာပြီး ကျုပ်တို့နှစ်ယောက် သွားနေမိတာက။


*************************

“အိမ်ရှင်တို့lအိမ်မှာ လူမရှိကြဘူးလားlဧည့်သည်လာတယ်ဗျို့”


အိမ်ထဲမှာ လူရိပ်မမြင်လို့ ကျုပ်အသံပြုလိုက်တယ်။အတော်ကြာမှ အခန်းတံခါးတစ်ချပ်ပွင့်လာပြီး ထွက်လာတာက ကျုပ်တို့ တွေ့ချင်လွန်းလှတဲ့ အားရှောင်ရယ်ပေါ့။မျက်နှာမှာ အားငယ်ရိပ်တွေနဲ့ ပုဝါတစ်ထည်ကို သူ့ဗိုက်ပေါ်မှာ လွှမ်းခြုံထားသေးတယ်။


“မင်းတို့ ဘယ်ကလှည့်လာကြတာလဲlလာကြ lထိုင်ကြလေlဟေ့ ထွေးခင် ကော်ဖီ ဖျော်ခဲ့ပါဟေ့”


ကျုပ်တို့ကို ထိုင်ခိုင်းပြီး သူကိုယ်တိုင်ကလည်း ဝင်ထိုင်လိုက်တယ်။


“ဘယ်ကမှ လှည့်လာတာမဟုတ်ပါဘူးအားရှောင်lကျွန်တော်တို့ ”


အားရှောင်က လက်ကာပြလိုက်တာမို့ ကျုပ် စကားကို ရှေ့မဆက်တော့။

“မင်းတို့ နှစ်ယောက် ငါ့အကြောင်းကို သိချင်လို့ လာခဲ့ကြတာမို့လားlအေး ပေါ့ကွာ ရှေးအတိတ်က ငါဘာတွေ ဘယ်လို လုပ်ခဲ့ မှန်းမှ မသိခဲ့ပဲလေ”


ဆွေးဆွေးမြေ့မြေ့ပြောနေတဲ့ အားရှောင်ကိုကြည့်ရင်း ကျုပ် ရင်ထဲ မကောင်း။


“ဒါဆို အားရှောင် ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတာ တကယ်ပေါ့နော်”


ကျုပ်အမေးစကားကို လေးပင်စွာ ခေါင်းညိတ်ပြလိုက်ပြီး


“ငါကိုယ်တိုင် ဆရာမဆီက ဆီးစစ်ကိရိယာ တောင်းပြီး စစ်ကြည့်တာပါကွာlကိုယ်ဝန်ရှိတယ်ဆိုတဲ့ အမှတ်အသားမှာ ပြနေတာဆိုမှတော့ သေချာပြီပေါ့ကွာ”


ကျုပ်ရင်ထဲ မတင်မကျ ဖြစ်နေတဲ့ မေးခွန်းကို အားနာနေမိတယ်။မမေးလို့ကလည်းမဖြစ်။


“အားရှောင်lစိတ်တော့ မဆိုးနဲ့နော်lကျွန်တော်တို့ မေးစရာလေးရှိနေလို့”


တချိန်လုံး စကားတစ်ခွန်းမှ မပြောသေးတဲ့ ကံလှက ဝင်ပြောလာတာကြောင့် ကျုပ်အားနာမျက်နှာပူဖို့လိုမယ်မထင်တော့။


“ဒီလိုပါ အားရှောင်lအားရှောင်က အမှန်တကယ် ယောင်္ကျားတစ်ယောက်ရော ဟုတ်ရဲ့လားlစိတ်မဆိုးနဲ့နော်အားရှောင်lအားရှောင် ကိုယ်ဝန်ဆောင်ရတယ်ဆိုတာ မယုံကြည်နိုင်လို့ မေးမိတာပါ”


အားရှောင်က ခေါင်းတညိတ်ညိတ်။ကျုပ်ကတော့ ကံလှ မေးကတည်းက ပြေးဖို့ရာ အသင့်ပြင်ထားရတယ်။တော်ကြာ သူ့ယောင်္ကျား ဟုတ်ရဲ့လားလို့မေးတာကို ထရိုက်ရင်အခက်။


“မေးမယ်ဆိုလည်း မေးထိုက်ပါတယ်လေlငါယောင်္ကျားစစ်စစ်ပါကွာlဘယ်လိုကနေ ဘယ်လို ဒီကိုယ်ဝန်ကို ငါရသလဲဆိုတာ စဉ်းစားမရဘူးကွာ”


အဲဒီအချိန်မှာပဲ အိမ်တံခါးပေါက်ဆီကနေ တဒုန်းဒုန်း ခြေသံနဲ့အတူ


“ဘာမှ စဉ်းစားမနေနဲ့lယောင်္ကျားတစ်ယောက်က ကိုယ်ဝန်ဆောင်ရမယ်လို့ရှင်lဒီသံသယကြီးနဲ့ကြာရင် သေတော့မလားမသိဘူးlရှင်ဆီးစစ်တဲ့ နေ့က အကြောင်းအရာကိုသာ ဖိုးကျော့တို့ကိုသာပြောပြလိုက် lသူတို့အဖြေထုတ်ကြလိမ့်မယ်lတကတည်းမှပဲတော်”


အပြင်ကနေ ပြန်လာတဲ့ မကျင်မြက ဝင်လာလာချင်း ပြောလိုက်တာကို အားရှောင်တစ်ယောက် မျက်နှာငယ်လေးနဲ့ နားထောင်နေရှာတယ်။


“ကျင်မြရယ်lငါတကယ်ခံစားရတာပါဟာlကဲပါဟာ ပြောဆိုလည်း ပြောပြရမှာပေါ့lငါ့ရဲ့ဗိုက်က တစ်နေ့တခြားပူလာလို့ငါ မသင်္ကာဘူးlဒါနဲ့ ငါလည်း ဆရာမဆီက ဆီးစစ်ကိရိယာ တောင်းခဲ့တာပေါ့lညအိပ်ယာဝင်မနက်ရောက်တော့ ”


************************************


အားရှောင်တစ်ယောက် ဆီးထည့်ဖို့ရာ ပုလင်းအသေးလေးနဲ့ အိမ်သာဘက်ကို ထွက်လာခဲ့တယ်။အိမ်သာတက်ရင်း ဆီးအနည်းငယ်ကို ယူကာ သေချာကိုင်ထားမိတာပေါ့။အိမ်သာတက်တဲ့ ကိစ္စဝိစ္စပြီးစီးတော့ အိမ်သာရှေ့ကို သေသေချာချာ ကျကျနန ထားပြီး အိမ်ထဲဝင်လာခဲ့လိုက်တယ်။ဆီးပူနေရင်မစစ်ရသေးဘူးဆိုတဲ့ ဆရာမစကားကြောင့် မိနှစ်နှစ်ဆယ်လောက်ရောက်မှ ဆီးစစ်ကိရိယာကလေးကိုယူပြီး ထွက်လာခဲ့တယ်။အိမ်သာရှေ့က ဆီးပုလင်းကလေးထဲ ဆီးစစ်ကိရိယာကို စက္ကန့် အနည်းငယ် နှစ်ကာ နေရိပ်ရာပြင်ညီတဲ့ နေရာမှာ ထားလိုက်တယ်။

တရိပ်ရိပ်ချင်းတက်လာတဲ့ ဆီးစစ်တံကို အားရှောင်ထိုင်ကြည့်နေမိတယ်။ ဟုတ်ပြီ ကွန်ထရိုးလိုင်းတော့ တစ်ကြောင်းတော့ ပေါ်လာပြီ။ တရိပ်ရိပ်နဲ့ ဆက်ကာဆက်ကာ lအို ပေါ့စတစ်ပါလား။ဒါ ဒါဆို ငါ ငါ။

အားရှောင်ရဲ့ ခန္ဓာကိုယ်က နေရာက မထချင်တော့။အဲဒီနေ့ က အားရှောင်တစ်ယောက် လူလောကမှာ နေချင်စိတ်ပင်မရှိတော့။


“ကဲ ငါကိုယ်တိုင် ဆီးကိုယူတယ်lငါကိုယ်တိုင် ဆီးစစ်တယ်lဒါကိုမှ မှားတယ်ဆိုရင်တော့ ငါလည်းမတတ်နိုင်ဘူးlငါက ခံစားရတဲ့သူပါကျင်မြရာlခံစားရတဲ့သူပါ”


အားရှောင်တို့ လင်မယားကြား ကျုပ်တို့ နှစ်ယောက်သား ဘာဝင်ပြောရမှန်းမသိတော့။


“ဒီမှာ ကိုရှောင်lအဲဒီနေ့က အဖြစ်အပျက်အစအဆုံးကျုပ် မှတ်မိတယ်lရှင်ပြောတဲ့အထဲမှာ လိုနေတဲ့ အချက်တစ်ချက်ရှိသေးတယ်lကျမပြောပြမယ် သေချာနားထောင်”


************************************

ဒီမနက်မှ အိပ်ယာက အစောကြီး ထတဲ့ အားရှောင်ကို ကြည့်ကာ မကျင်မြ စိတ်ထဲထူးဆန်းနေတယ်။တခါမှ အစောကြီးမထဖူးသူက စောစောထပြီး အိမ်သာဖက်ကို ထွက်သွားတယ်။မကျင်မြလည်းအိပ်ယာက ထလိုက်မိတယ်။တော်ကြာ ဗိုက်ဆာတယ်ဆိုရင်အခက်။

မီးဖိုထဲဝင်ကာ မီးမွှေးလိုက်ပြီး ရေနွေးအိုးကို အရင်တည်ထားလိုက်တယ်။ရေနွေးအိုးဆူရင် ကော်ဖီလောက်တော့ အရှောင်ဗိုက်ဆာတယ်ဆို တိုက်လို့ရပြီ။အိမ်ထဲပြန်ဝင်လာတဲ့ အားရှောင့်ကို မြင်မှ သူလည်း အိမ်သာတက်ဖို့ သတိရတယ်။အားရှောင်ကို လှမ်းကြည့်လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေတယ်။

အိမ်သာ တက်ဖို့လာပါတယ်ဆိုမှ ဝမ်းက ရစ်ကာနာလာတယ်။အပြေးအလွှားလာတာမို့ ပုလင်းကလေးတစ်လုံးကို တိုက်မိလိုက်တယ်။အားရှောင်ရဲ့ ပုလင်းလား။သူခေါင်းနပန်းကြီးသွားပြီး အိမ်သာတက်ဖို့ မေ့တောင်သွားတယ်။ဒီလူကြီးကမလွယ်။လင်မယားသာ ဖြစ်နေတာ။သူလုပ်ထားတာ ဝင်စွက်ရင်မကြိုက်။မနေ့ညကတောင် ရန်ဖြစ်ရသေး။ပုလင်းကို ကောက်ကာ နမ်းကြည့်မိတယ်။အော် ဆီးထည့်ထားတာပဲ။ပုလင်းကလေးကို ယူပြီး အိမ်သာ တက်မိလိုက်တယ်လေ။အိမ်သာက အဆင်း ဆီးပုလင်းကလေးကို နေရာတကျပြန်ထားခဲ့လိုက်တာပေါ့။


“အဖြစ်အပျက် အလုံးစုံက ဒါပဲကိုရှောင်lကျမအခုမှ သားဖွားဆရာမ လာလို့ ဗိုက်အပ်ပြီးပြန်လာတာlတော် ကလေးအဖေ ဖြစ်တော့မယ်ကိုရှောင်”


မကျင်မြစကား အဆုံး အားရှောင့်မျက်နှာက ဝင်းလက်တောက်ပနေပါရော။ကျုပ်တို့နှစ်ယောက်သား ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ အားရှောင်အိမ်က ထွက်လာခဲ့တော့တယ်။

************************************


နောက်တစ်နေ့မနက် လက်ဖက်ရည်ဆိုင်မှာတော့ ကျုပ်နဲ့ ကံလှရဲ့ ပြောစကားကို တအံ့တသြနားထောင်နေတဲ့ ရွာသူရွားသားတွေကို မမောမပန်း ပြောနေရတာ အရသာရှိလိုက်တဲ့ဖြစ်ခြင်း။အဲဒီ အချိန်မှာ ဆိုင်ရှေ့က ဖြတ်သွားတဲ့ စုံတွဲတစ်တွဲကြောင့် အားလုံးရဲ့ အကြည့်က စုံပြုံသွားလေရဲ့။

ဗိုက်ဖုံးအင်္ကျီဝတ်ထားတဲ့ မကျင်မြကို တွဲထားတဲ့အားရှောင့် မျက်နှာမှာ ပီတိတွေ အပြည့်နဲ့။ကျုပ်ကို မြင်တော့ လက်လှမ်းပြတယ်။ပြီးတော့


“ဖိုးကျော့ရေlအခု ဆိုင်ထဲက သူတွေ စားသောက်ထားသမျှ စာရင်းတွက်ပြီး အိမ်လာယူလှည့်ဟေ့lဆိုင်ရှင်ရေlဒီမနက်အတွက် ငါ ကုသိုလ်လုပ်တယ်ဟေ့”


ဆိုင်ထဲက လူအပေါင်းရဲ့ ဟေးကနဲ့ အော်လိုက်သံက တရွာလုံး ကျွတ်ကျွတ်ညံလို့။


(ပြီးပါပြီ)


မျိုးဆွေဦး(မာလဲနတ်တောင်)

15/9/2017

11:00am