မိန်းမဆိုတာ🖌️🖌️
“မောင်ကျော်စွာ … လာဟေ့။ မင်းပျောက်နေတာကြာပြီ”
“ဆရာရယ် … မနက်ဆိုလည်း အလုပ်သွားရ … ညဆိုလည်း ဘယ်မှာ ၆ နာရီကျော်ရင် အိမ်ပြင်ထွက်ရဲလို့လဲ။ မှောင်တာနဲ့ တစ်ရွာလုံး မီးခိုးတိတ် ရွာပျက်ကြီးလိုဖြစ်နေတာ”
“အေးကွာ … သိပါတယ်။ အလုပ်ပိတ်ရက်လေးလာပေါ့”
“အလုပ်ပိတ်ရက်လည်း အချိန်ပိုဆင်းနေရတယ်ဆရာ”
“ဘာဖြစ်လို့လဲကွ”
“ပိုက်ဆံရှာရတော့မယ်ဆရာ”
“မင်းက နေ့တိုင်းရော ပိုက်ဆံရှာနေတာ မဟုတ်ဘူးလား”
“ဟုတ်တော့ ဟုတ်ပါတယ်ဆရာ … မိန်းမယူတော့မလားလို့ပါ”
“မင်းကွာ ခေတ်ပျက်ချိန်မှ မိန်းမကောက်ယူရတယ်လို့”
“အဲဒါကြောင့်ယူတာပဲလို့ နားလည်ပေးပါဆရာ”
“ထားလိုက်ပါ … ခု လာတာ ဘာကိစ္စ”
“ဆရာ့ဆီက စာအုပ်လာငှားတာ။ ညဂျူတီဆင်းတော့ ဖတ်မလို့ဆရာ”
“ယူလေကွာ”
“ဆရာ”
“ဘာလဲကွ”
“ဆရာ့ကို မေးစရာရှိလို့”
“မေးလေ”
“မိန်းမတွေအကြောင်း နည်းနည်းလောက်ပြောပြပါလားဆရာ”
“ငါမပြောချင်တဲ့အထဲမှာ အဲဒီအကြောင်းက ထိပ်ဆုံးကကွ”
“လုပ်ပါဆရာရယ်”
“မင်းက ဘာကိုသိချင်တာလဲ”
“မိန်းမတွေရဲ့စိတ်ကို ဆရာနားလည်သလောက်ပြောပြပါလား”
ကျွန်တော် မပြောချင်သော်လည်း ပြောခဲ့ပါသည်။
မိန်းမတွေဆိုတာ သူတို့အသက်ဘယ်လောက်ကြီးကြီး … ငယ်ငယ်လေးတွေလို့ ထင်တတ်ကြတာမျိုး
သူတို့ကို ဂရုစိုက်ရင် သူတို့က သိပ်ပျော်တာ … အေး သူတို့ကို အရေးမစိုက်သလိုနေရင်တော့ စိတ်ဆိုးတတ် တယ်
သူတို့ကို ဘယ်တော့မှ သွားပြီးတော့ ထိန်းချုပ်ဖို့ မကြိုးစားလေနဲ့ … မင်းပြဿနာအကြီးကြီး တက်သွားလိမ့် မယ်
သူတို့ကို နားလည်ပေးရင် … မင်းနဲ့ တစ်သက်လုံး အဆင်ပြေမယ်
သူတို့ကို ဆန့်ကျင်ရင် … မင်းနဲ့ပြဿနာအမြဲတက်မယ်
သူတို့ကို ချစ်ရင် … ဂရုစိုက်ကြောင်းပြ
သူတို့နဲ့အမြဲလက်တွဲချင်ရင် … သူတို့ကို လေးစားကြောင်းပြ
“ပညာရှင်တစ်ယောက်က ပြောဖူးတယ်ကွ”
“ဟုတ်ကဲ့ဆရာ”
“စိတ်ဆိုးနေတဲ့ မိန်းမကို ရန်သွားဖြစ်ရတာ လေထန်နေတဲ့အထဲမှာ သတင်းစာဖတ်နေရသလိုပဲတဲ့။ သတင်းစာကို ဖတ်မနေနဲ့တော့ ဖက်သာထားလိုက် ငြိမ်သွားလိမ့်မယ်”
“ချစ်ရင် အပြစ်မမြင်ဆိုတာ မင်းကြာဖူးတယ်မဟုတ်လား”
“ကြားဖူးတာပေါ့ဆရာ”
“အေး … သူတို့ဘာလုပ်လုပ် အပြစ်မမြင်နိုင်ရင် ချစ်ပေါ့ကွာ”
“အဲဒါကတော့ တစ်မျိုးကြီးပဲဆရာ”
မိန်းမဆိုတာ အကာအကွယ် အစောင့်အရှောက်ခံချင်တဲ့မျိုးကွ … သူတို့ကို ထိန်းချုပ်တာ ခံချင်တဲ့မျိုး မဟုတ်ဘူး
မင်းယူမယ့်မိန်းမကို မင်းနဲ့တစ်သက်လုံး မြဲချင်ရင် သူတို့ကို ချစ်ပြ၊ ကြင်နာပြ၊ သနားပြ
အေး … သူစိတ်ဆိုးအောင် မင်းတစ်ခုခု လုပ်မိပြီဆိုရင်လည်း ရင်မဆိုင်နဲ့ … ပြေးပေတော့
အချစ်စစ်ဆိုတာ သူဘာလုပ်လုပ် မင်းဘယ်လောက်ခွင့်လွှတ်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်
မိန်းမဆိုတာ သူယောကျ်ားကို အစ်ကိုလို၊ မောင်လို၊ သူငယ်ချင်းလို၊ အကူအညီပေးတတ်သူလို တန်ဖိုးထား တတ်တယ်ဆိုတာလည်း သိထား
သူတို့က အချစ်ခံချင်တာ၊ ဒါပေမဲ့ အရမ်းတွေ အိုဗာလုပ်မပြနဲ့။ သူတို့ကနားလည်တယ်။ ပါးတာမှ နပ်နပ်လေး
မိန်းမဆိုတာလေ ပင်လယ်ကြီးလိုပဲ … မုန်တိုင်းမရှိရင် ငြိမ်ပြီးတော့ လှပတဲ့ ပင်လယ်ကြီးပေါ့။ အေး မုန်တိုင်း ထန်လာရင်တော့ သတိသာထား။
“ကိုင်း အဲဒါတွေက ငါဖတ်ဖူးတာ ကြားဖူးတာတွေ ပြောတာ။ လက်ခံချင်လည်း လက်ခံ၊ လက်မခံချင်လည်းနေ၊ ဘာပဲဖြစ်ဖြစ် မင်း မိန်းမယူတော့မယ်ဆိုရင် သတိထားနိုင်အောင်ပြောတာ”
“အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီး စာအုပ်မရှိဘူးလားဆရာ”
“ငါ့မှာ မရှိဘူးကွ … ဘာလုပ်မလို့လဲ”
“ကျွန်တော့်ကောင်မလေးကို ဖတ်စေချင်လို့”
“အချို့ကိစ္စတွေက ငါတို့ယောက်ျားတွေသာ သိထား၊ နားလည်ထားရမယ့် ကိစ္စတွေပါကွာ။ သူတို့ သိဖို့ မလိုပါဘူး”
“သူတို့သိတော့ရောဆရာ”
“သူတို့က ကိုယ့်ထက်ပိုသိပါတယ်ကွာ။ ဒါပေမဲ့ မသိချင်ယောင်ဆောင်နေတတ်တာ သူတို့ရဲ့ အတတ်ပညာ တစ်ခုပါ”
ဆရာကြီးတင်ညွန့်