ပတ္တမြားမှန်လျှင် မညစ်

 ပတ္တမြားမှန်လျှင် မညစ်

-----------------------

သမိုင်းတွင် ပညာရှင်တွေ နိမ့်ပါးခဲ့ရသည့် အဖြစ်မျိုးတွေရှိခဲ့သည်။


ဆက်နီကာ (Seneca) သည် ပြည်နှင်ဒဏ်ခံခဲ့ရသည်။ အက်ပစ်တီးတပ်စ် (Epictetus) လည်း ထိုးနည်းတူပင် ပြည်နှင်ဒဏ် ခံခဲ့ရသည်။ ဂျာမန်-အမေရိကန် နိုင်ငံရေးတွေးခေါ်ပညာရှင် ဟာနာ အားရန့် (Hannah Arendt) လည်း ဂက်စ်တာပိုတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထောင်ထဲတွင် ၈ ရက်ကြာနေခဲ့ရပြီးနောက် ၇ နှစ်တိုင် ပြည်နှင်ဒဏ်ခံခဲ့ရသည်။ ကမ္ဘာကြီးသည် နေကို လှည့်ပတ်နေသည်ဆိုသော ယူဆချက်ကို ထုတ်ဖော် မိသောကြောင့် ဂယ်လီလီယို (Galileo) သည် နေအိမ်အကျယ်ချုပ် နေခဲ့ရသည်။ စတိ ဂျော့သည်လည်း Apple ကုမ္ပဏီက အထုတ်ခံခဲ့ရဖူးသည်။ ချားစ် ဒါဝင်သည်လည်း လူသည် မျောက်ကဆင်းသက်သည်ဆိုသော အယူအဆကို ထုတ်ဖော်မိသောကြောင့် ၂၃ နှစ်တိုင် အနှောင်အဖွဲ့နှင့် နေထိုင်ခဲ့ရသည်။ 


ချာချီသည် လူငယ်ဘဝတွင် စစ်အကျဉ်းသားအဖြစ် နေခဲ့ရသလို၊ နိုင်ငံရေးသမားဘဝတွင်လည်း ဖယ်ကျဉ် ထားခြင်းခံခဲ့ရသော နှစ်ကာလများ ရှိခဲ့သည်။ ၁၀ နှစ်ကြာအောင် လန်ဒန်မြို့ပြင်တွင် သွားရောက်နေထိုင်ပြီး ချောင်ထိုးခံခြင်း ခံထားရသောဘဝဖြင့် နေထိုင်ခဲ့ရသည်။ သို့သော် ထိုကာလတွင် ချာချီသည် အလကား နေသည်မဟုတ်။ စာတွေဖတ်သည်၊ စာတွေရေးသည်၊ သူလုပ်သင့် လုပ်ထိုက်သည့်အလုပ်မှန်သမျှကို လုပ်နေ သည်။ သူ့အတွက် နိုင်ငံရေးမှ ဖယ်ကျဉ်ထားခြင်း ခံရချိန်သည် နောက်ထပ်နိုင်ငံရေးကို ပိုပြီး အားသွန်ခွန်စိုက် လုပ်နိုင်ရေးအတွက် အားမွေးခိုင်းထားသလို ဖြစ်နေသည်။ 


လူတစ်ယောက် ကောင်းခြင်း ဆိုးခြင်းဆိုသည်မှာ သူ့စိတ်ခံစားချက်နှင့်သာဆိုင်သည်။ လူဆိုးတွေက လူကောင်းတွေကို အကျဉ်းချထားရုံဖြင့် လူကောင်းသည် လူဆိုးဖြစ်မသွားနိုင်။ လူဆိုးတွေ၏ မတရား လုပ်ဆောင်ချက်ကသာ သူတို့ကိုယ်သူတို့ ပြန်ပြီး ထိတ်လန့်ကြောက်ရွံ့စေလိမ့်မည်။ ကောင်းခြင်း ဆိုးခြင်း ဆိုသည်မှာ လူတစ်ယောက်၏ စိတ်ဓာတ် ခံယူချက်တွေနှင့်ဆိုင်သည်။

 

လူတစ်ယောက်ကို မတရားချုပ်နှောင်ထားလိုက်ရုံဖြင့် ထိုသူသည် ပျော့ညံ့ဒူးထောက် အရှုံးပေးသွားလိမ့်မည်ဟု ထင်မှတ်နေခြင်းမှာ မှားယွင်းသော ယူဆချက်တစ်ခုသာဖြစ်သည်။ လူကို လှောင်ပိတ်ထား၍သာ ရနိုင်မည်၊ စိတ်ဓာတ်နှင့် ခံယူချက်တို့ကို ဘယ်သောအခါမျှ ချုပ်နှောင်ထား၍ မရနိုင်ဆိုခြင်းကို သမိုင်းတွင် ပြခဲ့သော သက်သေသာဓကပေါင်းများစွာရှိခဲ့သည်။ 


အပယ်ခံထားရလျှင် ဖယ်နေလိုက်ပါ


ဘေးထွက်နေရချိန်တွင် အားမွေးထားပါ


ယုံကြည်ချက်ဖြင့် ဘဝကိုတည်ဆောက်ပါ


ပြန်တိုက်နိုင်သည့်အချိန်တွင် ကိုယ့်အစွမ်းကိုထုတ်ပြပြီး အလဲထိုးနိုင်အောင်ကြိုးစားပါ


ချာချီသည် ထိုစိတ်ဓာတ်ဖြင့် ရပ်တည်ကာ နိုင်ငံရေးတွင် ထင်ရှားသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ရသည်။


“ငါ့ဆန္ဒမပါဘဲ ငါ့ကိုမောင်းမထုတ်နိုင်” ဆိုသည့် စကားရှိသည်။


ပညာရှင်တစ်ယောက်သည် ကိုယ့်အမြင် ကိုယ့်အတွေး ကိုယ့်လွတ်လပ်သောစိတ်ဓာတ်ဖြင့် ထာဝရ ရပ်တည် သည်။ ထိုရပ်တည်ချက်ကိုပင် အာဏာရှင်တို့ကြောက်ကြသည်။ သို့ဖြစ်ရာ ခေတ်အဆက်ဆက် ပညာရှင် တွေကို ဖိနှိပ် ချုပ်နှောင် ပိတ်ဆို့ တားဆီးကြသော်လည်း ပညာရှင်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ဘယ်သောအခါကမျှ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။


ပြင်သစ်သမ္မတ ဒီဂေါလ်သည်လည်း ထိုနည်းအတိုင်းပင်။ ၁၉၄၆ မှ ၁၉၅၈ ခုနှစ်အထိ ၁၂ နှစ်တိုင်အောင်ပင် နိုင်ငံရေးမှ ဖယ်ကျဉ်ထားခြင်းကို ခံခဲ့ရသည်။ ထိုကာလအတွင်း ပြင်သစ်နိုင်ငံကြီးသည် ဖရိုဖရဲနှင့်ဖြစ်ခဲ့ရသည်။ ဒီဂေါလ်ကို သဲကန္တာရအတွင်း ပြည်နှင်ဒဏ်ပေးထားခြင်းခံနေရသော်လည်း မျိုးချစ် ပြည်ချစ်စိတ်ရှိသော ဒီဂေါလ်သည် သူ့တိုင်းပြည် သူ့လူမျိုးအတွက် အမြဲအားမွေးကာ ပြင်ဆင်ထားသည်။ နောက်ဆုံးတွင် ပြင်သစ် ပြည်ကြီးက သူ့ကိုပြန်ပြီးနေရာပေးရသည်သာဖြစ်သည်။ 


“ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း မညစ်” ဆိုသည့် ဆိုရိုးစကားရှိသည်။ 


ဘုရားဟောဇာတ်တော်ထဲတွင် ပတ္တမြားလိုဏ်ဂူအတွင်း နေထိုင်ကြသော ဝက်တွေအကြောင်း ပါရှိသည်။ ထိုဝက်တို့သည် လိုဏ်ဂူတွင် အရိပ်မြင်တိုင်း လန့်နေရာ ဂူနံရံကြီးသည် အရိပ်ကိုဖြစ်ပေါ်စေပြီး သူတို့ကို လန့်စေ ကြောင်းသိသဖြင့် ဂူနံရံကို အရောင်မှိန်သွားစေရန် ရွှံ့လူးကာ ပွတ်ကြလေသည်။ ဝက်တွေက သူတို့ကိုယ်နှင့် ပွတ်လေ ဂူနံရံက တောက်ပြောင်လေဖြစ်သည်။ အရှိတရားတစ်ခု အမှန်တရားတစ်ခုကို ဝက်တွေလို ကြိုးစားကာ ပွတ်နေလည်း နံရံက ပတ္တမြားဖြစ်နေခြင်းကြောင့် တောက်ပြောင်ရန်သာရှိသည်။ မှိန်ဖျော့သွားရန် အကြောင်းမရှိ။


လျှောက်ရမည့်လမ်းသည် မည်မျှကြမ်းသည်ဆိုစေ စိတ်ရှည် သည်းခံ ဇွဲသန်စွာဖြင့် မှန်မှန်လေး လျှောက်နေရန် သာလိုသည်။ ရပ်လိုက်၍မရ။ သဲကန္တာရလို နေရာအတွင်းကို ရောက်နေလျှင် ရပ်လိုက်ပါက နေပူ အစာပြတ် ရေငတ်သေရုံသာရှိသည်။ 


စိန်ခေါ်မှုများသည် ကိုယ့်ဘဝကို ပိုပြီးတောက်ပြောင်စေရန် ပွတ်တိုက်ပေးနေသည် အခွင့်အရေးများဖြစ်သည်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဖိနှိပ်မှုတွေချုပ်နှောင်မှုတွေက လူတစ်ယောက်ကို သူရဲကောင်းဖြစ်စေသည်။ 


(Ref: You Must Go Through the Wilderness)


တင်ညွန့်


၁၈.၁.၂၀၂၃