နိုးတူးနှင့် ဆွဲမိ
---------------
ရွာတွင် နိုးတူးဆိုသည် မုဆိုးတစ်ယောက်ရှိသည်။ နိုးတူးသည် တောထဲတွင် အမဲလိုက်၏။ ရသမျှအမဲမှန်သမျှကို သူ့မိန်းကလိုက်ရောင်းသည်။
လိုက်ရောင်းသည်ဆိုရာတွင် အကောင်လိုက်မဟုတ်။ အမဲကိုဖျက်ပြီး ၅၀ သားအတွဲလေးတွေကို နှီးကြိုးဖြင့် ချည်ကာ တစ်တွဲအစိတ် (၂၅ ကျပ်) ဖြင့် လိုက်ရောင်းခြင်းဖြစ်သည်။ အသားတွေက နီနီရဲရဲ လတ်လတ် ဆတ်ဆတ်ဖြစ်သည်။
“နိုးတူး အမဲရလာပြီ” ဆိုလျှင် အချို့မှာ သူ့တဲတွင် သွားဝယ်ကြသည်။ ချေသား၊ ဆတ်သား၊ တောဝက်သားတို့ ရွာသားတွေစားရလေ့ရှိသည်။ နိုးတူးသည် တောထဲတွင် ထောင်ချောက်မျိုးစုံကိုဆင်ပြီး ဖမ်းလေ့ရှိသည်။ တောကောင်၏ခြေရာကိုလည်းကျွမ်း၊ ထောင်ချောက်လည်း အဆင်ကောင်းသဖြင့် သူ့မိန်းမ ဆွဲမိတစ်ယောက် ရွှေကြိုးလေးများပင် ဆင်နိုင်သည်။
“ဂျီသားရမယ်ဗျို့”
နိုးတူးက ဝါးလုံးတွင် ချေသားအတွဲလိုက်တွေကို ချိတ်ပြီး ရွာထဲတွင် ကိုယ်တိုင်လိုက်အော်ရောင်းသည်။ ရွာလူကြီးက
“ဟဲ့ နိုးတူး … နင့်မိန်းမ ဘယ်သွားလို့လဲ” ဟု လမ်းတွင်တွေ့သဖြင့် မေးလေသည်။
“ဆွဲမိလား … နေမကောင်းလို့ဘကြီးရေ … ဂျီသားယူပါဦး”
“အေးကွာ တစ်တွဲထားခဲ့”
ရွာတွင် အသားရောင်းလျှင် ဈေးမေးစရာမလို။ တစ်ပိသာ ၅၀ ကျပ်ဆိုသည်မှာ ရွာလူကြီးက သတ်မှတ်ပေး ထားသည့်ဈေးသာဖြစ်သည်။ ထိုဈေးထက်တင်ရောင်းလျှင် မောင်းထုတ်ခံရတတ်သည်။
ယနေ့ထူးဆန်းသည်မှာ ဝါးလုံးထိပ်တွင် ချေ (ဂျီ) ခေါင်းကိုချိတ်ပြီး လိုက်ရောင်းနေခြင်းဖြစ်သည်။
“နိုးတူးရေ … တစ်တွဲလောက်”
“ယူလေဗျာ … အကြွေးတော့မရဘူးနော်။ တောကောင်တွေက ရှားလာပြီဗျ”
“လက်ငင်းဝယ်မှာပါကွ။ အောင်မယ် ဂျီခေါင်းကြီးကချိတ်လို့ပါလား။ ရောင်းဖို့လား”
“မရောင်းပါဘူးဗျာ”
“မင်းနှယ် မရောင်းပဲနဲ့များ အလေးခံပြီးချိတ်လာရတယ်လို့”
“အသားနဲ့ခေါင်း တွဲရောင်းတော့ ပိုပြီး ဝယ်ကြမလားလို့ပါဗျာ”
ရွာတစ်ပတ်လှည့်ပြီးသော ထမ်းလာသော အတွဲများကုန်သည်။ နိုးတူးက ချေခေါင်းကို ဝါးလုံးထိပ်တွင်စွပ်ကာ ကိုင်လာသည်။
“ဟဲ့ကုန်ပြီလား”
“ကုန်ပြီ အရီးပုရေ”
“အေးတော် … နင်လှည့်ရောင်းတာ မကြားလိုက်ဘူး”
“မနက်ဖြန်မှ စားတော့”
“အေးကွယ် မနက်ဖြန်ကျတော့ တစ်တွဲလောက်ထားသွားဦ်း”
နိုးတူးသည် နောက်တစ်နေ့တွင်လည်း ချေခေါင်းကို ထိပ်တွင်ချိတ်ကာ ချေသားလှည့်ရောင်းပြန်သည်။
“ဟေ့ နိုးတူး ရလှချည်လား ဒီအချိန်က ဂျီတွေရှားတယ်နော … မင်းကတော့ တကယ့်ကို အရှာအဖွေ ကောင်းတာ”
“ကျုပ်က သူတို့စားကျက်သိထားတာကိုးဗျ”
ယခုတစ်လော နိုးတူးထံတွင် ချေသား နေ့တိုင်းလိုလိုရသည်။ တစ်ရွာလုံး အသားဟင်း မပြတ်စားရသည်။ ရွာနီးချုပ်စပ် ရွာတွေကိုလည်း နိုးတူးကလှည့်လည်ပြီး ချေသားရောင်းသည်။ သူ့မိန်းမ ဆွဲမိကတော့ အပြင်ကို မထွက်။ နိုးတူးတစ်ယောက်သာ ဝါးလုံးထမ်းပိုးတွင် ချေခေါင်းချိတ်ကာ ချေသားကို လိုက်ရောင်းသည်။
နိုးတူး အိမ်ပြန်ရောက်သော် ဆွဲမိက
“ကိုနိုးတူး”
“ဘာလဲဟ”
“ရှင့်ဟာ တော်လောက်ပြီထင်တယ်”
“ဘာဖြစ်လို့လဲဟ … မိုးမကျမီလေး အိမ်ဆောက်နိုင်အောင်”
“ကျွန်မတော့ လိပ်ပြာမလုံဘူးတော်”
“ဒါကြောင့် နင့်ကိုလည်း လိုက်မရောင်းခိုင်းပါဘူး … ငါကိုယ်တိုင်ရောင်းတာလေ”
“တော်ကြာ ရွာက ရိပ်မိပြီး ဝိုင်းရိုက်နေမှရှင်”
“မသိပါဘူးဟာ … ဂျီသားဆိုတာ ဝါးလုံးခေါင်းမှာ ချိတ်ထားတဲ့ ခေါင်းက သက်သေရှိနေတာပဲ။ ရွာထဲက လူတွေက ဒီတစ်ခါချေသား ကောင်းလှချည်လားလို့တောင် ပြောသူတွေ ပြောနေကြတာ”
“ဒီတစ်ခါတော့ တော်ပါတော့ရှင် … ရွာထဲလည်း ရှာရခက်လာပြီ”
“မပူပါနဲ့ဟာ … ငါ့မှာနည်းလမ်းတွေရှိပါတယ်”
နိုးတူးတစ်ယောက် ရွာစဉ်လျှောက်ပြီး ချေသားရောင်းသည်။
သူ့ဝါးလုံးထိပ်တွင် ချေခေါင်းကို ချိတ်ထားသည်။
ရွာထဲတွင် ခွေးတွေ တဖြည်းဖြည်းပျောက်ကုန်သည်။
နိုးတူးနှင့်ဆွဲမိတို့ တဲအိမ်လေးနေရာတွင် သစ်သားအိမ်ဆောက်သည်။
တင်ညွန့်
၇.၁၂.၂၀၂၅