ဆုံစည်းရာ(စ/ဆုံး)
————
သမန်းကုန်းရွာတွင် အီကြာကွေးနှင့် စမူဆာကို ပထမဆုံးစတင်ရောင်းသူမှာ အရှောင်ဖြစ်သည်။
အရှောင်သည် ရွာမှ မစိန်ကြည်နှင့် အိမ်ထောင်ကျသည်။ မစိန်ကြည်ကား သမန်းကုန်းရွာသူစစ်စစ်ဖြစ်၏။ သူယူလာသော ယောကျ်ားမှာ စိန့်သွေးစပ်သဖြင့် လူကြီးတွေက သဘောမကျသော်လည်း အရှောင်ကား ပေါင်းတတ်၊ သင်းတတ်၊ ပြောတတ်လွန်းရကား တစ်နှစ်အတွင်းမှာပင် တစ်ရွာလုံးနှင့် အဆင်ပြေသွားသည်။ တစ်ရွာလုံးနှင့် အဆင်ပြေမှတော့ ယောက္ခမများလည်း ဘာတတ်နိုင်မည်နည်း။ အရှောင် … အရှောင်နှင့် ပင်ဖြစ်ကုန်ကြတော့သည်။
အရှောင်မရောက်မီအထိ သမန်းကုန်းတွင် ဘိန်းမုန့်၊ အကြော်နှင့် ပဲပြုတ်တို့သာစားတတ်ကြသည်။ သမန်းကုန်းကာ စလေချောင်နှင့် ဂွေးကုန်းရွာနှစ်ရွာဆုံရပ်တွင်ရှိပြီး ဤရွာကပင် မြို့ကိုကားလာစီးကြရသည်။ သမန်းကုန်းကားဂိတ်ကား ရွာထိပ်ညောင်ပင်သာဖြစ်သည်။ ထိုညောင်ပင်အောက်တွင် အီကြာကွေးဆိုင်ကို ပထမဆုံးဖွင့်သူမှာ အရှောင်ဖြစ်သည်။
“ကိုရှောင် … သမန်းကုန်းသားတွေ အီကြားကွေးစားပါ့မလား” ဟု ဇနီးဖြစ်သူ မစိန်ကြည်က မေးသည်။
မြန်မာရည်အလွန်လည်သောအရှောင်က
“မစိန်ကြည်ရယ် … မွေးကတည်းက ဘယ်သူက ထမင်းစားလို့လဲ … ထမင်းစားတတ်အောင် ကျင့်ယူရတာပဲ မဟုတ်လား။ ကျုပ်က ဘယ်သူမှ မလုပ်တဲ့အလုပ်ကို လုပ်ချင်တာ” ဟုဆိုသည်။
ဤသို့ဖြင့် ညောင်ပင်အောင်တွင် လေးတိုင်စင်နှင့် အီကြာကွေးဆိုင်လေး စဖွင့်သည်။
သမန်းကုန်းသားတွေကား အီကြာကွေးကို မြင်ဖူးသူလည်းရှိသည်။ ယခုမှ မြင်ဖူးသူလည်းရှိသည်။ သို့သော်
“အရှောင့် အီကြာကွေးဆိုတာကြီးက တစ်ချောင်းသာစားပြီး ရေသောက်နေလိုက် တစ်နေကုန် မဆာတော့ဘူး” ဆိုသည့်စကားမှာ အတော်လေး တာသွားသည်။ တစ်ပတ်အတွင်း သမန်းကုန်းသားတွေသာမက စလေချောင်နှင့် ဂွေးကုန်းသားတွေပါ အီကြာကွေးစွဲကုန်တော့သည်။
အရှောင်က အီကြာကွေးစားနည်းကို သင်သည်။
“အီကြာကွေးကို ပဲပြုတ်ဆီဆမ်းနဲ့ စားလို့ရတယ် … နို့ဆီနဲ့လည်း တို့စားလို့ရတယ် … ဟော ဒီလို ငရုတ်ဆီလေးတို့ပြီးတော့လည်း စားလို့ရတယ်”
ရွာသားတွေကား အီကြာကွေးနှင့် ငရုတ်ဆီကိုတို့စားရခြင်းအား နှစ်သက်ကုန်၏။ ထိုသို့ဖြင့် အီကြာကွေး ဝယ်လျှင် တို့စားစရာ ငရုတ်ဆီ ဇလုံကြီးကို အပိုချထားပေးသည့် အလေ့ကိုလည်း အရှောင်ကစထွင်သည်။
အရှောင်က ဈေးကွက်ကိုချဲ့သည်။ စမူဆာကိုလည်း ကောင်းစွာလုပ်တတ်သဖြင့် စမူဆာလည်း ကြော်ပြန်ရာ သူ့စမူဆာကလည်း လက်မလည်အောင် ရောင်းရပြန်သည်။ ရွာတွင် ပျင်းတွဲတွဲ ဘူးသီးကြော်ကိုသာ စားနေကျဖြစ်ရာ စမူဆာက တစ်မျိုးဆန်းနေသည်။ စမူဆာနှင့် ငရုတ်ဆီကလည်း ဆေးဖြစ်သည်။ ငရုတ်ဆီ အဖျော်အစပ်ကလည်း ကောင်းလှသည်။
နံနက်ဆိုလျှင် အရှောင်က ဂျုံနယ်၊ ဇနီးဖြစ်သူ မစိန်ကြည်ကလည်း ဘယ်အချိန်ကတည်းက ထလုပ်ထားမှန်းမသိသော စမူဆာကိုကြော်သည်။ အရှောင်က ဂျုံကို စိတ်ကြိုက်ပြုပြင်ပြီး အီကြာကွေး ကြော်မည့်အချိန်တွင် တဲရှေ့၌ တန်းစီနေပြီ။ ကြော်ထားသမျှ စမူဆာနှင့် အီကြာကွေးကလည်း ကားစီးမည့် ခရီးသည်များ ရောက်လာချိန်တွင် ရောင်းမလောက်အောင်ပင်။
အရှောင့်အီကြာကွေး၊ အရှောင့်စမူဆာသည် ရွာသုံးရွာတွင်သာ နာမည်ရရုံမက မြို့ကပါ တကူးတကမှာ စားရသည့် အနေအထားကို ရောက်လာသည်။ အရှောင်ကား စွပ်ကျယ်ချိုင်းပြတ်နှင့် ဂျုံမှုန့်အိတ်နံငယ်ကို တစ်မနက်လုံးပတ်ထားကာ ဂျုံကိုမပြတ်နယ်သလို မစိန်ကြည်ကလည်း နောက်တစ်ယောက်ကို ငှားကာ အကြော်ဖိုတစ်ဖိုတိုးချဲ့ပြီး မီးမပြတ်ကြော်ရသည်။
မစိန်ကြည်နှင့် အရှောင်တို့ တစ်နှစ်အတွင်း ယောက္ခမအိမ်က ခွဲနေကြသည်။ သူတို့က ခြံဝိုင်းလေးတစ်ဝိုင်း ဝယ်ကာ အိမ်သေးသေးလေးတစ်လုံးဆောက်ပြီး နေကြသည်။
အရှောင်တို့ ရောင်းပုံကို အားကျသဖြင့် ရွာထဲမှ လူကြီးသား ကြည်မောင်မောင်က အရှောင့်တဲအနီးရှိ သူတို့ပိုင်လယ်ကွက်ထဲ၌ မြို့စတိုင် လက်ဖက်ရည်ဆိုင်ကိုဆောက်သည်။ သမန်းကုန်းရွာ၏ ပထမဆုံး လက်ဖက်ရည်ဆိုင်ဖြစ်သည်။
လက်ဖက်ရည်ဆိုင် ထိုင်လေ့မရှိသည့် ရွာကာလသားတွေကို လက်ဖက်ရည်ဆိုင် ထိုင်တတ်စေရန် ချဲထီရောင်းသည့်သူများအား မြို့ကခေါ်လာပြီး စည်ကားအောင် လုပ်သည်။ ကက်ဆက်တွေ ဖွင့်သည်။ တွံတေးသိန်းတန်ကား မနားရအောင်အော်ရသလို လက်ဖက်ရည်ဆိုင်လည်း လူစည်သည်။
သို့သော် သောက်သူကနည်းနည်း၊ ချဲထိုးသူကများများ၊ ရေနွေးကြမ်းတောင်းပြီး အရှောင့်ဆိုင်က အီကြာကွေးနှင့် စမူဆာကို လာစားသူတွေက များသည်။
ကြည်မောင်မောင်က မြို့မှ မုန့်ဆရာတွေကို ငှားလာသည်။ သူ့လက်ဖက်ရည်ဆိုင်တွင်လည်း စမူဆာနှင့် အီကြာကွေးကို တွဲဖက်ရောင်းသည်။
ထိုအချိန်တွင် အရှောင်က သူ့အီကြာကွေးနှင့် စမူဆာကို ဈေးတက်လိုက်သည်။ အီကြာကွေးတစ်ချောင်း ငါးမူးကို ပြား ၆၀ လုပ်လိုက်သည်။ စမူဆာတစ်ခု တစ်မတ်ကို ပြား ၃၀ ဈေးတင်လိုက်သည်။
“အရှောင် ဘာဖြစ်လို့ ဈေးတင်လိုက်တာလဲ … ပြိုင်ဘက်ပေါ်လာမှ ဈေးတက်လိုက်တော့ ရောင်းအားကျတော့ မှာပေါ့”
“ဆရာကြီး … လက်ဖက်ရည်ဆိုင်က အီကြာကွေးနဲ့ စမူဆာကို စားဖူးလား”
“စားဖူးတာပေါ့”
“ကျွန်တော့်ဆိုင်က အီကြာကွေးနဲ့ စမူဆာကိုလည်း စားဖူးမှာပါ”
“စားဖူးတယ်”
“ဘာကွာလဲ”
“အင်း ကွာတာကတော့ ခင်ဗျားဆိုင်က အီကြာကွေးနဲ့ စမူဆာက ကြာကြာထားလည်း မပျော့သွားဘူး … ကြည်မောင်မောင်ဆိုင်က မုန့်တွေကတော့ ဖိုကချလိုက်ပြီး ဗန်းပေါ်တင်လိုက်တာနဲ့ ပျော့ခွေသွားတာ”
“စမူဆာအရသာရော ယှဉ်စားဖူးလား”
“ခင်ဗျားစမူဆာက ကျွတ်တယ် … ပြီးတော့ မဆာလာကောင်းပုံရတယ် … စားလိုက်ရင် တစ်မျိုးပဲ အရသာရှိတယ် ဆားမငန်ဘူး … လက်ဖက်ရည်ဆိုင်က စမူဆာကတော့ ကြာရင် ပျင်းတွဲတွဲနဲ့ မနည်း ဆွဲရတယ်”
“ဒါပဲလေ … ဆရာကြီး … အရှောင် ဘာဖြစ်လို့ ဈေးတင်သလဲဆိုတော့ အဲဒါပဲလေ … ကောင်းကောင်း စားချင်ရင် အရှောင့်လက်ရာကိုစားလေ … ဈေးလည်း ကောင်းကောင်းပေးလေ”
“အင်းဗျာ … အပြိုင်ဆိုတော့ ဈေးတင်ရင် ခင်ဗျားရောင်းအား ကျသွားမလားလို့ မေးမိတာပါ”
“ကြည့်လိုက်ပါဆရာကြီး”
နောက်မှဆန်းစစ်မိသည်။ ကြည်မောင်မောင်ဆိုင်က မုန့်ဆရာသည် ဂျုံနှင့်ကိုယ်တိုင်လုပ်သည့် ဂျုံရွက်ကို မသုံး။ မြို့က အသင့်ဝယ်ထားသော ကော်ပြန့်ရွက်ကိုသုံးကာ စမူဆာကိုလုပ်သဖြင့် စားရသည်မှာမကောင်း။ အရှောင် ကတော့ ကိုယ်တိုင်လက်ဖြစ် ဂျုံရွက်ကိုသုံးကာ စမူဆာကိုလုပ်သည်။ ထို့ပြင် အီကြာကွေးကိုလည်း ကြည်မောင်မောင်ဆိုင်က ပိုကြီးစေရန်ဆိုကာ ကြီးကြီးပွပွလုပ်သည်။ ကြာတော့ ပျော့တော့တော့တွေဖြစ်ကုန် သည်။ အရှောင့်ဆိုင်က အီကြာကွေးကတော့ ပုံမှန်အတိုင်း ထောင်တောင်တောင်နှင့် အရသာကလည်းရှိသည်။ ပြီးတော့ ဆော်ဒါနံ့လည်းမရ။
အပြိုင်ပေါ်လာသောကြောင့် အစပိုင်းတွင် အရှောင့်ဆိုင်၌ လူသိပ်မရှိတော့။ ဈေးလည်း တက်လိုက်ပြီး လူကြီးသား ကြည်မောင်မောင်ကို မျက်နှာလုပ်ကာ ဖားချင်သောကြောင့်လည်း ပါမည်။
သို့သော် မြန်မာ့နည်း မြန်မာ့ဟန်အတိုင်း လက်ဖက်ရည်ဆိုင်က ဇာတိပြလာသည်။ ဆိုင်ကို ပိတ်ချင် ပိတ်ထားသည်။ ဖျော်ဆရာမရှိလို့၊ မုန့်ဆရာပြန်သွားလို့ စသည့် အကြောင်းပြချက်တွေနှင့် ဆိုင်ကို ပိတ်ထားရ သည်ကများလာသည်။ ကြည်မောင်မောင်ကလည်း ချဲတွက်နေသည်ကများသည်။ ဆိုင်စားပွဲထိုးတွေကလည်း ခေါ်မကြား၊ အော်မကြား။
အရှောင်ကတော့ အီကြာကွေး ၇၅ ပြား … စမူဆာ ပြား ၅၀ ဆိုပြီး ဆိုင်းဘုတ်ထောင်သည်။
ထိုအချိန်တွင် လက်ဖက်ရည်ဆိုင်က ဖုတ်လှိုက်ဖုတ်လှိုက် အသက်ငင်နေပြီ။ ကြာရှည်မလုပ်နိုင်သော ကြည်မောင်မောင်က မြို့ကိုပြန်ချင်ပြီ။ သူငွေကုန်ကြေးကျများစွာခံကာ ဆောက်ထားသည့် ဆိုင်ကို ရောင်းရန် ဆိုပြီး ဆိုင်းဘုတ်ကပ်သည်။ မည်သူမျှလည်း မဝယ်။
ထိုအချိန်တွင် အရှောင်က ဆိုင်းဘုတ်ကိုပြင်သည်
“အီကြာကွေးတစ်ချောင်း တစ်ကျပ် … စမူဆာတစ်ခု ၇၅ ပြား”
အရှောင့် အကြော်တဲလေးက ပြန်ပြီး စည်ကားစပြုလာသည်။ အရှောင်ကား သူတဲဆိုင်လေးကို မူမပျက်ထား သည်။ ပိုက်ဆံရှိပုံပေါ်သော်လည်း မတိုးချဲ့။
နောက်ပိုင်း ကြည်မောင်မောင် လက်ဖက်ရည်ဆိုင်ရှေ့ရှိ “ရောင်းမည်” ဆိုသည့် ဆိုင်းဘုတ် ပြုတ်သွားသည်။
“ဟာ ဘယ်သူ ဝယ်လိုက်သလဲ”
ဆိုင်ကိုရှင်းလင်းပြီး သံဃာတော်များပင့်ကာ တရားနာမှ ဆိုင်ကိုဝယ်လိုက်သောသူကို သိကြသည်။ မြေနှင့်ဆိုင်ကို ဝယ်လိုက်သူမှ အရှောင်ကလွဲပြီး မည်သူဖြစ်နိုင်ပါအံ့နည်း။ ဆိုင်အပြင်အဆင်၊ ခုံ စားပွဲများကို ဈေးပေါပေါနှင့်ကို ရလိုက်သည်ဟု ဆိုကြသည်။
အားလုံးကထင်ကြသည်။ အရှောင် လက်ဖက်ရည်ဆိုင်ဖွင့်မည်။
အရှောင်နှင့်တွေ့စဉ် မေးကြည့်ရာ
“သူများကို အားကိုးပြီး လုပ်ရတဲ့ အလုပ်ကို ကျွန်တော်ဘယ်တော့မှ မလုပ်ဘူးဆရာကြီး” တဲ့။
မှတ်သားလောက်ပါပေသည်။
ဆိုင်သစ်ကို ဆိုင်းဘုတ်တင်သည်။
“ဆုံစည်းရာ”
ကောင်းလိုက်သည့် နာမည်လေး။ ဆုံစည်းရာဆိုသည့် အမည်သာပါပြီး ဘာဆိုင်မှန်းမသိသောကြောင့် လူတွေက တွေနေကြသည်။ ဆိုင်းဘုတ်တင်ပြီးသော်လည်း အရှောင်က အီကြာကွေးနှင့် စမူဆာကို ဆက်ရောင်းသည်။ ဆိုင်သစ်တွင်မဟုတ်။ သူ၏ မူလလက်ဟောင်း တဲတွင်သာဖြစ်သည်။
ဆုံစည်းရာဆိုင်ကား တစ်လလောက်မှဖွင့်သည်။
ခေါက်ဆွဲကြော်၊ အစိမ်းကြော်၊ ကြာဆန်ကြော်၊ ထမင်းကြော်၊ ဝက်ခေါက်ကင်ဆိုင်ဖြစ်သွားသည်။
ထို့ပြင် တောအရက်၊ မြို့အရက်လေးတွေပါ ဖြည့်စွက်လိုက်ရာ အရှောင့်ဆိုင်က တကယ့် ဆုံစည်းရာ မြိုင်ဆိုင်သော ဆိုင်ကြီးဖြစ်သွားသည်။
အရှောင်က ကိုယ်တိုင်ကြော်သည်။ စားပွဲထိုးတွေကို ငှားထားသည်။ မစိန်ကြည်က စမူဆာနှင့် အီကြာကွေး တဲတွင် ဆက်ကြော်ကာ ရောင်းသည်။ အရှောင်က စီမံပေးသည်။ သူ့ခေါက်ဆွဲဆိုင်ကိုလည်း နိုင်အောင် အုပ်ချုပ်သည်။ နေ့ခင်းနှင့် ညနေ လူကျချိန်တွင် ခေါက်ဆွဲဆိုင်မန်နေဂျာကား မစိန်ကြည်ဖြစ်သည်။
ယခုဆိုလျှင် ရွာသုံးရွာအလယ်က ဆုံစည်းရာဆိုင်ကို လူတိုင်းနှစ်သက်နေကြပြီ။ မနက်စောစောစော အီကြာကွေးနှင့် စမူဆာကို မစိန်ကြည်တဲတွင်ရသည်။ နေ့လယ်နှင့် ညစာကို အရှောင်က တာဝန်ယူသည်။ မစိန်ကြည်ကလည်း ခေါက်ဆွဲဆိုင်တွင်ကူသည်။
ယခုအခါ အရှောင်နှင့် မစိန်ကြည်မှာ အဘိုးကြီး အမယ်ကြီးတွေဖြစ်နေပြီ။ ဆံပင်တွေဖြူနေပြီ။ သို့သော် အရှောင်ကား မီးဖိုခန်းက မထွက်။ မစိန်ကြည်ကလည်း အကြော်ဆိုင်ကိုမစွန့်။ သမီးတွေကို မြို့ကျောင်း တွေပို့လည်း ရွာပြန်ကာ မိဘ လက်ငုတ်လက်ရင်းကိုသာလုပ်ကြသည်။ ယခု သားက တွဲဖက်စဖိုမှုး၊ သမီးက ဆိုင်မန်နေဂျာ။ သို့သော် စဖိုမှူးရာထူးကို အရှောင်ကမစွန့်။
အရှောင်ကို ဤနယ်တွင် မသိသူမရှိ။ အရှောင်ကား နိုင်ငံရေးလည်းမသိ၊ လူကြီးကိစ္စလည်း စိတ်မဝင်စား။ ဘယ်အစိုးရတက်တက် သူ့အစိုးရ ဖြစ်သည်။ အရက်ကို အလကားတိုက်သင့်လျှင် ရက်ရောစွာတိုက်သည်။ အစားကို အလကားကျွေးသင့်လျှင် အလကားကျွေးသည်။ ပါတီကောင်စီခေတ်က သူ့ဆိုင်မှာ တစ်ခုတည်းသော ဆုံစည်းရာ။
နှစ်ပေါင်းများစွာကြာသည့်တိုင် ရွာနှင့်လည်း ပြဿနာမရှိ။ သို့သော် အရှောင်ပိုင်သော လယ်၊ အိမ်၊ ခြံတို့ ကလည်း လက်ညှိုးထိုးမလွဲ။ ထို့ပြင် မြို့တွင်လည်း တိုက်တစ်လုံးရှိသေးသည်ဟု ဆိုကြ၏။ ရွာဦးကျောင်းက ကျောင်းတိုက်ကြီးကို ဟီးနေအောင်လည်း ဆောက်ကာလှူထားသည်။
သို့သော်
အရှောင်ကိုကြည့်ပါ
အဝေးကမြင်နိုင်သည်
စွပ်ကျယ်ချိုင်းပြတ်အစုတ်၊ ဘောင်းဘီတိုရှေ့က ပိတ်ဖြူနံငယ်ကို ပတ်ထားသည့်အတိုင်း နေ၏။ သူ့ကို ကြည့်လိုက်သော် အထင်ကြီးစရာမရှိ။ အထင်ကြီးစရာ မရှိခြင်းကပင် အရှောင့်စတိုင်ဖြစ်သည်။ သူ့ဇနီးနှင့် သားသမီးတွေကိုကြည့်ပါ။ ရွှေတွေဝတ်ကာ ပြောင်ပြောင်ဝင်းဝင်းမနေ။ အားလုံးမှာ အရှောင့်စတိုင် အတိုင်းသာနေ၏။
ထို့ကြောင့်လည်း ချမ်းသာ၏။
တင်ညွန့်
၁၈.၁.၂၀၂၂