လူ့တစ်နပ်စား

 လူ့တစ်နပ်စား

#တင်ညွန့် 

--------------

ကျွန်တော် လူပျိုပေါက်အရွယ်က အလေးမခြင်းကို စိတ်ဝင်စားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဝင်းဦးကားတွေကိုကြည့်ပြီး ဝင်းဦးလို ဗလတောင့်တောင့်နှင့် စပို့ရှပ်အင်္ကျီဝတ်ရမည်ကို သဘောကျသော ကြောင့် ဖြစ်သည်။

စပို့ရှပ်ဝတ်လျှင် လက်မောင်းကြွက်သားကြီးရမည်၊ ရင်အုပ်မို့မို့မောက်မောက်ရှိရမည်ကို သိသဖြင့် အိမ်တွင် အုတ်ခဲနှစ်လုံးနှင့် ဒိုက်ထိုးကျင့်သည်။ ရေထမ်းပုံးထဲ ရေထည့်ပြီး လက်မောင်းကြွက်သားကြီးအောင်မသည်။ ရေထမ်းသည်။

ကျွန်တော်တို့ ရပ်ကွက်ထဲတွင် ကိုဝင်းဆိုသည့် အစ်ကိုကြီးတစ်ယောက်ရှိသည်။ သူက ကာယဗလမောင် ဖြစ်ဖူးသည်။ တစ်နေ့ သူ့ကို ခေါင်းညှပ်ဆိုင်တွင်တွေ့ရာ

အစ်ကို ကျွန်တော် အစ်ကို့လို ဗလတောင့်ချင်လိုက်တာ ဟုပြောရာ

ဗလတောင့်ချင်ရင် ဝိတ်မပေါ့ကွ ဟု ပြောသည်။

ဘယ်မှာ မရမှာလဲအစ်ကို

မြောက်ပိုင်း ၅ လမ်းထဲမှ ဝိတ်ရုံရှိတယ်လေကွာ။ အောင်ချမ်းသာရုံနောက်မှာ။ အဲဒီမှာ အသင်းဝင်ပြီး ဝိတ်မ လို့ရတယ်

ပိုက်ဆံပေးရသလား

ဝင်ကြေး ငါးမူးကွ။ တစ်လ တစ်မတ်ပေးသွားရုံပဲ

ထိုခေတ်က ဝိတ်ရုံခေါ် အလေးမရုံကို ကျွန်တော်ရောက်သွားသည်။ ညနေ ကျောင်းဆင်းလျှင် အဖေ့ကို ဈေးထဲတွင်ဝင်ကူပြီး ဆိုင်သိမ်းပေးသည်။ ဆိုင်သိမ်းပြီး အိမ်ပြန်လျှင် ကျွန်တော်က မြောက်ပိုင်း ၅ လမ်းထဲ ဝင်ပြီး ဝိတ်မသည်။ ကိုဝင်းက ကျွန်တော့်ကို ဝိတ်မနည်းတွေပြပေးသည်။

ဝိတ်စမခါစတွင် လက်မောင်းတွေ ရင်ဘတ်ကြွက်သားတွေနာသည်။ နောက်ပိုင်း အသားကျသွားပြီး ရင်ဘတ်လေး ဖုဖုဖောင်းဖောင်း၊ လက်မောင်းလေး ဖုဖုဖောင်းဖောင်းဖြစ်နေရသည်ကို သဘောကျလာသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ရှိလာသည်။ ဝိတ်တောင့်လျှင်တော်ရုံလာပြီး မစော်ကားရဲ၊ လူရှိန်သည် ဟုသတ်မှတ်ပြီး ပီတိဖြစ်သည်။

ထိုခေတ်က ကျောင်းတွေကို လူသန်ကြီး သံမဏိဦးမောင်မောင်ကလည်း လိုက်ကာ အစွမ်းပြသည်။ သံမဏိ ဦးမောင်မောင်လည်း ဝိတ်တောင့်တောင့်နှင့် သံချောင်းတွေကို လည်ချောင်းနှင့် ထောက်ကာ ကွေးပြနိုင်သည်။ ဗိုက်ပေါ် အုတ်ခဲတင်ကာ ပေါင်တူနှင့်ထုပြီး အစွမ်းပြသည်ကို အားကျသည်။

ကျွန်တော်တို့ လူငယ်တွေခေတ်က ကာယဗလကို အားပေးသည့် လူကြီးတွေ များစွာတွေ့ရသည်။ အလေးမရုံ၊ စာကြည့်တိုက်၊ ကရာတေးကလပ်တွေဖွင့်ပေးသည်။ ကျွန်တော်သည်ပင် ကရာတေးကလပ်တွင် အသင်းဝင်ပြီး လေ့ကျင့်ကစားရာ ခါးပတ်အဝါအဆင့်ကို ရခဲ့ဖူးသည်။

ကျွန်တော်တို့ခေတ်က လူကြီးတွေသည် ပါလီမာန်ဒီမိုကရေစီခေတ်တွင် ကြီးပြင်းလာခဲ့ရသူများ ဖြစ်သော ကြောင့် ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ ဆိုသည့် ဗလငါးတန်ပြည့်စုံသူများ ဖြစ်စေရန် လူငယ်တွေကို ပျိုးထောင်ပေးရမည်မှန်း အသိတွေရှိကြသည်။ ကျောင်းတွေမှာလည်း ဆရာ ဆရာမတွေက ကျောင်းသားတွေကို ဗလငါးတန်ဖွံ့ဖြိုးရန်၊ ပြည်သူ့နီတိကိုလေးစားလိုက်နာရန် သင်ကြား ပေးနိုင်စွမ်း ရှိကြသူများဖြစ်သည်။ ကျွန်တော်တို့ ကြီးပြင်းရသည်မှာ ဆိုရှယ်လစ်ခေတ်ဖြစ်သော်လည်း ကိုယ့်ပတ်ဝန်းကျင်က အစ်ကိုကြီးများ၊ ဆရာ ဆရာမများက စာဖတ်ခိုင်းသည်။ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိတွေရှိရန် ဟောပြောညွှန်ပြခဲ့ကြသည်။

ကျွန်တော် ဤအကြောင်းများကို ပြန်ပြောင်း ပြောနေသည်မှာ အကြောင်းရှိပါသည်။

ယနေ့ခေတ်တွင် ၈၈ နောက်ပိုင်း အကျင့်ပျက်စွာ ကြီးပြင်းလာခဲ့ရသောသူများ ကြီးစိုးနေကြသည်ကို ဝမ်းနည်းဖွယ်တွေ့ရသည်။ ဘယ်သူတွေဘာဖြစ်ဖြစ် ငါ့အတွက်အရေးကြီးသည်ဆိုသည့် သဘောကို လက်ကိုင် ထားနေကြသည်။ ထို့ကြောင့်လည်း ရပ်ကွက်ထဲက လူငယ်တွေကို နည်းလမ်းမမှန်သော မသမာသည့် နည်းများဖြင့် စည်းရုံးကြသည်။ အရပ်ထဲတွင်လည်း ၈ တန်းအောင်လောက်သာ အမြင့်ဆုံးရှိတော့သည်ဖြစ်ရာ ပညာမတတ် တွေးခေါ်အားတွေနည်း၊ စာလည်းမဖတ်၊ လူငယ်တွေ ပိန်ကပ်လာကြသည်။

လူကြီးလုပ်ချင်သည့် ကောင်တွေက ဤခေတ်တွင် လူကြီးရာထူးကို ပေါ်ပေါ်တင်တင် မယူရဲသည့်အခါတွင် ပရဟိတ ခေါင်းစဉ်တပ်ကာ ထိုခေါင်းစဉ်အောက်တွင် နေရာဝင်ယူသည်။ ဘာဖြစ်မြောက်ရေး ညာဖြစ်မြောက်ရေး ခေါင်းစဉ်တပ်ပြီး အဖွဲ့တွေဖွဲ့လိုက်ကြသည်။ ငါကဥက္ကဋ္ဌ၊ ငါ့သားကအတွင်းရေးမှူး၊ ငါ့မိန်းမက စာရင်းစစ်၊ ငါ့ချွေးမက အဖွဲ့ဝင်တွေဖြစ်လာသည်။ အလုပ်တွေမလုပ်တော့။ ၁၂ လရာသီ အလှူခံသည်။ ဤကြားထဲတွင် ရေဘေးလို လေဘေးလို သဘာဝဘေးတွေ ဝင်လာလျှင် ပိုပြီး မြိုင်ဆိုင်တော့ သည်။

အလှူခံရန်အတွက် လူငယ်တွေကို မြှောက်ပေးသည်။ အလှူတွေ လိုက်ခံပြီး အိမ်တွင် အရက်ဝိုင်းနှင့် ပါတီပွဲလို ညစဉ်သောက်စားနိုင်ရန် စီစဉ်ပေးသည်။ ဆောင်းဘောက်စ်ကြီးတွေ ထောင်သည်။ ညဉ့်နက်သည့်တိုင် သောက်ကြ၊ စားကြ၊ ကကြခုန်ကြနှင့် ကာရာအိုကေဆို ပျော်ပွဲကြီးကို အလှူပွဲကြီးတွေနှင့် အပြိုင်လုပ်ကြသည်။

လူငယ်တွေကို အရက်လို အရက်၊ သီချင်းဆိုချင် မိုက်ခွက်၊ မူးချင်လျှင် အရက်နှင့် မကျေနပ်သေးပါက ဆေးပြား တွေနှင့်ပါဆွယ်လိုက်သေးသည်။ ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်စေရန် စီးပွားကွက်ရှာနေသော လူကြီး တွေနှင့် သီချင်းဆိုရပြီးရော၊ မူးရရင်ပြီးရောဆိုသည့် လူငယ်တွေကြားတွေ မြန်မာနိုင်ငံကြီး၏ အနာဂတ်မှာ မတွေးဝံ့စရာတွေဖြစ်သည်။

ကျွန်တော် ရန်ကုန်မြို့တွင် ရပ်ကွက်အတော်များများ၌ နေဖူးပါသည်။ ရောက်သည့် ရပ်ကွက်တိုင်းလိုလိုတွင် အလှူခံခြင်းကို စီးပွားတွက်တွက်ပြီး လုပ်စားနေကြသော လူ့တစ်နပ်စားတွေနှင့် အသုံးချခံ လူငယ်တွေကို နေရာတိုင်းတွင် တွေ့ကြုံနေရသည်။

လူ့တစ်နပ်စားတွေက ယခင်ကလည်း မိုက်သွေးလေးတွေရှိ၊ မရှိလည်း လူဆိုးလူမိုက်ကို ဆရာတင်ကာ ပေးထား ကျွေးထားပြီး ဝန်းရံခိုင်းထားသည်။ ထိုသူတွေက ရပ်ကွက်ထဲတွင် အုပ်ချုပ်ရေးတာဝန် ယူထားသူတွေ ထက်ပင်ပိုပြီး ဩဇာကြီးမားနေကြသေးသည်။

ခေတ်သစ် တစ်နပ်စား လူရမ်းကားတွေကြားတွင် မြန်မာနိုင်ငံကြီး၏ အနာဂတ်မှာ ရင်လေးစရာကောင်းလှပါ သည်။

တင်ညွန့်

၁၈.၁၁.၂၀၂၄

Credit : ဆရာ တင်ညွန့်