ကျမနှင့်ပင့်ကူမျှင်ဇာတ်လမ်းများ(စ/ဆုံး)
—————————
ဒီအိမ်ကိုဧည့်သည်အတော်လာကြတယ်။
လာကြတဲ့လူတွေကလည်း မနက်မိုးစင်စင်လင်းထဲကလာပြီး ညမိုးစုန်းစုန်းချုပ်မှပြန်ကြတယ်။
နောက်ကြောင်းအေးအေးနဲ့ကို အိမ်လည်ကြတာ။
ဆရာဝန်ကြီးမိန်းမတဲ့။
ခန့်ခန့်ငြားငြားနဲ့တအားချောပဲ။
ဖြူဖွေးပြီးသန့်နေတယ်။
တနေ့တမျိုး မရိုးနိုင်အောင်ဝမ်းဆက်လှလှလေးတွေ ဝတ်ပြီးနေ့တိုင်းလာတယ်။
နှုတ်ခမ်းနီဆိုးထားတာအလွန်ကြည့်ကောင်းပဲ။
နှုတ်ခမ်းနီဆိုးထားတာ
လှလွန်းလို့မှတ်မိနေတာပါ။
ကုမ္ပဏီပိုင်ရှင်ရဲ့မိန်းမတဲ့။
ကိုယ်ပိုင်ကားကိုကိုယ်တိုင်မောင်းလာတာ။
ကားကြီးကနောက်ဆုံးပေါ်အကောင်းစားတဲ့။
နေကာမျက်မှန်တဝင့်ဝင့်နဲ့ကားပေါ်ကဆင်းလာတဲ့စတိုင်ကငေးကြည့်နေရတယ်။
စိန်ပွဲစားမမကတော့ ပုပုညှက်ညှက်သေးသေးလေး။
ဒါပေမယ့်စကားအရာမှာတော့ကြွယ်တယ်။
သူအိမ်ထဲကိုဝင်လာထဲက စကားသံတွေစီစီဝေလို့ပါ။
မြို့လည်ကောင်ကစားသောက်ဆိုင်ပိုင်ရှင်ဦးလေးကြီးကလည်း ခြွေရံသင်းပင်းနဲ့လာတာ။
ရုပ်ရှင်မင်းသားဟန်ပန်နဲ့နှုတ်ခမ်းမွှေးတကားကားနဲ့ မျက်နှာအမြဲအဆီပြန်နေတဲ့ဘူးတားကြီးတစ်ယောက်လဲ နေ့စဥ်ဆိုသလိုလာတယ်။
ကိုင်ထားတဲ့အိတ်မှာ ပိုက်ဆံတွေကိုဖောင်းကားနေတယ်။
နေ့တိုင်း ဧည့်သည်မလာတဲ့နေ့ရယ်ကိုမရှိသလောက်ပဲ။
အိမ်ကိုလာတဲ့လူတွေကပိုက်ဆံတွေကိုအထပ်လိုက်ယူလာကြတာ။
သူတို့တွေများကျပြန်တော့လည်းပိုက်ဆံပေါလိုက်ကြတာ။
သူတို့အိတ်ထဲမှာ ငွေတွေဆိုတာအပြည့်။
အပေါ်ထပ်မှာ သူတို့တွေ စုဝေးပြီး ကစားကြတာတဲ့။
အိမ်ရှင်အန်တီကြီးက ဧည့်သည်တွေကို သာမန်ထက်ပိုတဲ့ နွေးထွေးမှု့များနဲ့ အပြုံးတွေနဲ့ကြိုဆိုတာကို တွေ့ရတယ်။
အစားအသောက်တွေကိုလည်း
တစ်နေ့တစ်မျိုး မရိုးနိုင်အောင်စီမံချက်ပြုတ်ပြီး ကျွေးမွေးဧည့်ခံတယ်။
အိမ်ရှင် အန်တီကြီးကလည်း
စားစရာတွေကိုအလျှံပယ်ဝယ်ထားပေးတာ။
မီးဖိုခန်းထဲမှာ ဟင်းကို လေးငါးမျိုးလောက် အစုံချက်တာ။
ရေခဲသေတ္တာကြီးတွေဆိုတာဧရာမအကြီးကြီးတွေ။
ရေခဲသေတ္တာနှစ်လုံးထဲမှာအအေးပုလင်းအစုံ အချိုရည်ဗူးအစုံ နိုင်ငံခြားဖြစ် ဗမာဖြစ်အစုံအစုံ။
မုန့်တွေဆိုတာယိုးဒယားကလာတဲ့မုန့်။
တရုတ်ကလာတဲ့မုန့်။
အညာကဇီးယိုပါမကျန်
အစုံရှိတယ်။
အိမ်ရှင်ကလည်း ကျောသားရင်သား မခွဲခြား။
အိမ်အကူ ကျမတို့ကို စားချင်တာယူစား။
ဟင်းဆိုလည်း ကြိုက်တဲ့
ဟင်းကိုကြိုက်သလောက်စား။
ဒါအပြင် အိမ်မှာ ချက်စားရတာ
အားမရသေးဘူး။
ဆိုင်က ဝယ်လာတဲ့
ခေါက်ဆွဲကြော်။
တုံယမ်းချဉ်စပ်။
ဘဲကင်။
ကြက်ကင်။
မာလာရှမ်းကော။
မောက်ချိုက်။
ဆိုတာကလည်း မစားချင်တော့ပါဘူးလို့ ငြင်းရလောက်အောင်ကို အလျှံပယ်စားနေရတာ။
ဒီအိမ်ကိုရောက်ခါစကတော့
အရင်အိမ်တွေတုန်းကလို
အိမ်ရှင်တွေထမင်းစားပြီးမှမီးဖိုခန်းထဲမှာ
ချဉ်ရည်ဟင်းနဲ့ငပိခွက်နဲ့
ပြီးမယ်မှတ်နေတာ။
အိမ်ရှင်အန်တီကြီးကစားချင်တာယူစား ။
ကြိုက်သလောက်စား ဘာမှမပြောဘူး။
ကျမက ကော်ဖီအလွန်ကြိုက်သူဆိုတော့ တစ်နေ့ကို သုံးခွက်လောက်က အသာလေးသောက်တာ။
မနက်ကို ခြောက်နာရီအိပ်ရာကထရတယ်။
တစ်နေကုန်အိမ်အလုပ်တွေ
ဇယ်ဆက်သလိုလုပ်ရတယ်။
ဧည့်သည်တွေလာတယ်။
စားစရာတွေကို အခန်းထဲပို့ပေးရတယ်။
တစ်နေ့ တစ်နေ့ အပေါ်ထပ်ကိုဘယ်နှစ်ခေါက်တက်မိလဲဆိုတာမမှတ်မိနိုင်ဘူး။
ဧည့်သည်တွေက ညကို ဆယ်နာရီလောက်မှအလျို အလျိုပြန်သွားကြတယ်။
ကျမ မအိပ်ရသေးပါဘူး။
အန်တီကြီးရဲ့သားနဲ့သမီးတို့က
ညကိုးနာရီလောက်မှ
အပြင်ထွက်ကြသတဲ့။
ကလပ်ဆိုလား ဘားဆိုလား
အဲဒီကိုသွားတာ…တဲ့။
ကဘို့ သွားကြတာဆိုပဲ။
တစ်ခါတလေ မနက်နှစ်နာရီလောက်မှ ပြန်ရောက်တယ်။
ကျမကတံခါးစောင့်ဖွင့်ပေးရတယ်။
အန်တီကြီးရဲ့ညီမကလည်း
မိုးချုပ်မှ အပြင်ထွက်တယ်။
သူက ဆယ့်နှစ်နာရီလောက်ဆိုပြန်ရောက်တယ်။
သူတို့သုံးယောက်က
ညဘက် အပြင်ထွက်ချိန် တူညီတယ်။
အိမ်ပြန်ချိန် မတူညီဘူး။
ရွှေလသာမှ သူတို့က ပြန်လာကြတာ။
တံခါးစောင့်ဖွင့်ပေးရတာက
ကျမတာဝန်လေ။
အန်တီကြီးတို့ကတော့
နှစ်ခြိုက်စွာအိပ်မောကျနေပြီ။
အိပ်နေကြတဲ့သူတို့ကို
အားကျလိုက်တာ။
ငါကတော့ မအိပ်ရသေးဘူး။
နေ့စဉ်ရက်ဆက်မနက်
သုံးနာရီမှအိပ်ရတဲ့ ငါ။
မနက်ဆိုလည်း ခြောက်နာရီဆိုထ။
တစ်နေ့လုံးအလုပ်တွေလုပ်။
နေ့လည်ခင်းလေး မှေးရဘို့ ဝေလာဝေး။
အိပ်ရေးပျက်တော့ စိတ်ဆိုးဆိုးနဲ့အစားတွေ လှိမ့်စား။
လူက ဝိတ်တွေတက်။
အင်း!!!
ဒီအတိုင်းဆိုရင်တော့
ရေရှည်မှာမလွယ်ဘူး။
အိပ်ရေးပျက်တာများလာတော့လူက လန်းလန်းဆန်းဆန်းသိပ်မရှိတော့ဘူး။
မနက်မိုးလင်းရင် ခေါင်းထဲကထိုးကိုက်လာသလိုနဲ့ မူးနောက်နောက်ဖြစ်လာတယ်။
အိပ်ရေးပျက်တော့စိတ်ကမကြည်၊
အန်တီကြီးပြောတာ မမှတ်မိ၊
လူကလဲ ကယောင်ကတန်းဖြစ်နဲ့အလုပ်မှာအဆင်မပြေတော့ဘူး။
တစ်ခါတလေ စိတ်ရူးပေါက်ပြီးတွေးမိတယ်။
သုံးလေးရက်လောက်
ဘာအစာမှ ထ မစားပဲ၊
ဘာအလုပ်မှ ထ မလုပ်ပဲ၊
တောက်လျှောက်အိပ်နေပြစ်လိုက်ချင်တယ်လို့။
ဟုတ်တယ်။
ခုလိုမအိပ်ရတဲ့ဒုက္ခကိုငါစဉ်းစားရတော့မယ်။
.
.
.
.
.
အိမ်ရှင် အမေကြီးကပုစွန်ခြောက် အကောင် တွေကိုရေတွက်ပြီး
ဖန်ပုလင်းထဲမှာထည့်နေတယ်။
တစ်ဆယ်သားကိုတစ်သောင်း
ခုနစ်ထောင်ပေးရတယ် ဒုံးခြောက်အချိုခြောက်
ဟင်းချိုချက်ရင်နှစ်ကောင်ပဲထည့်နော်….
ကျမ ခေါင်းညိတ်လိုက်ပါတယ်။
မနေ့ကအမေကြီးနဲ့အတူ
စျေးကိုလိုက်ရတယ်။
စျေးကိုသုံးပတ်လောက်ပတ်ပြီးမှ
စျေးတန်မယ်ထင်တဲ့
စျေးသည်ဆီကဝယ်တယ်။
စျေးဆစ်တယ် ။
အပိုထည့်ခိုင်းတယ်။
စျေးသည်ကမထည့်တော့သူကိုယ်တိုင်ကောက်ထည့်တယ်။
စျေးသည်ကပြန်နှုတ်တယ်။
စျေးသည်နဲ့ရန်ဖြစ်တယ်။
ကြာရင် နပမ်းထသတ်တော့မယ်။
ငါးဖယ်တစ်ဆယ်သားကို
လက်မလောက်လေးတွေလုံးပြီး အာလူးအစိတ်သားနဲ့ရောချက်တယ်။
လူသုံးယောက်မနက်ညစာ။
ငပိတို့စရာရေနွေးကြမ်းကဟင်းချိုပါ။
ဘဲဉနဲ့ ကြက် ဥကသုံးရက်ခြားတစ်ခါ ချက်ရတဲ့ဆွေမျိုးဟင်း။
ဂေါ်ရခါးသီးနဲ့ပုစွန်ခြောက်ကိုကြော်ချက်။
ချဉ်ရည်။
ဂေါ်ရခါးသီးနဲ့ ဘဲဥကြော်။
ကျမ ဂေါ်ရခါးသီးကိုအမုန်းဆုံးအဖြစ်စာရင်းသွင်းလိုက်တယ်။
ရေခဲသေတ္တာ အသေးလေးတစ်လုံးရှိတယ်။
အထဲမှာခရမ်းချဉ်သီးငါးလုံး
ငြုပ်သီးစိမ်းအနည်းငယ်။
ဂေါ်ရခါးသီးသုံးလုံး သံပုရာသီးနှစ်လုံး ဒါအကုန်ပဲ။
တရုပ်ကန်စွန်းရွက်နှစ်စီးဝယ်လာရင်အပင်အရေအတွက်ကိုအမေကြီးကရေတွက်ပြီး….
ဒီငါးပင်ကိုကြော်လိုက်..
ကျန်တဲ့ ငါးပင်ကိုမနက်ဖန်ပုစွန်ခြောက်နဲ့ချဉ်ရည်ချက်….တဲ့…
ဘာလဲဟ!!!!
ကန်စွန်းရွက် ငါးပင်ကြော်တာ
ငါ့တစ်ယောက်စာပဲရှိတာ…
ဒီပုံစံအတိုင်းဆို ငါလည်းအူခြောက်ဖွယ်ရာ မြင်နေပြီ။
ငါးပုဏ္ဏားငါး ကို နှစ်ဆယ်သားဝယ်တယ်။
ဆီပြန်ချက်ပြီးမနက်တစ်ကောင်ညတစ်ကောင်ပဲစားရတယ်။
ထမင်းနှစ်လုပ်လောက်စားလိုက်ရင်ပဲငါးတစ်ကောင်ကကုန်နေပြီ။
ကြာရင်လူလည်းအရိုးပဲရှိတော့မယ်။
မိတ်ဆွေတဦးက
မဂ်လာဆောင်ဖိတ်လာတယ်။
ပထမတော့ ဘဘကြီး
တယောက်ပဲ သွားမလို့ပါ။
ရင်းနှီးတဲ့မိတ်ဆွေဆိုတော့လက်ဖွဲ့ရတာများဟန်တူရဲ့။
အမေကြီးကသူလည်း လိုက်မယ်
ကျမကိုပါလိုက်ခဲ့ဖို့ ပြောတယ်။
အဝတ်အစားကောင်းကောင်းရှိရဲ့လား….တဲ့။
ကျမမှာပွဲတက်ဝတ်စုံလေးငါးစုံလောက်ရှိတယ်။
ဟိုအိမ်ကအန်တီကြီးတို့က
သူ့သမီးမဝတ်တော့တဲ့အဝတ်အစားတွေကျမကိုပေးတာ။
အသစ်တွေချည်းပဲ။
ဒီပွဲတော့ဝတ်ရပြီ။
အိမ်ကမထွက်ခင်ကတည်းက
အမေကြီးက ကျမကိုမှာတယ်။
ညည်း ဟိုရောက်ရင်နှစ်ပွဲစားနော်…..
ငါတို့ချည်းပဲဆိုရင်မင်္ဂလာဆောင်သွားရတာရှုံးတယ်
ဒါကြောင့်ညည်းကိုပါခေါ်တာ….
သြော်…မင်္ဂလာဆောင်
ကိုတောင်အရှုံးအမြတ်တွက်ပြီး
သွားကြတာလား။
ကော်ဖီမစ်ကိုမနက်ပိုင်းတစ်ကြိမ်သာသူတို့သောက်ကြတယ်။
အထုပ်အရေအတွက်နဲ့ ထည့်ပေးထားတယ်။
ကျမက ကိုယ်သောက်ချင်တဲ့ကော်ဖီမစ်ကို ကိုယ်တိုင်ဝယ်ထားတယ်။
အိမ်ရှင်အမေကြီးကအဝတ်လျှော်စက်ထဲကိုသူကိုယ်တိုင်ဆပ်ပြာမှုန့်ကိုထည့်ပေးတယ်။
ပန်းကန်ဆေးဆပ်ပြာကအစ
အလေအလွင့်မရှိအောင် သုံးဖို့
ကျမကို ပြောတယ်။
အိမ်ရှင်အမေကြီးတို့
လင်မယားက ပင်စင်စားတွေပါ။
သမီးဖြစ်သူကပြည်ပမှာအလုပ်လုပ်နေတယ်။
ပွဲစားကနေတဆင့်ဆက်သွယ်ပြီးကျမကိုငှားတာပါ။
သမီးဖြစ်သူကမိဘတွေအတွက်အဖော်ရအောင်ဆိုပြီးလူရှာပေးတာကို၊အမေကြီးတို့ကအိမ်အကူ
မလိုချင်ဘူးဆိုပြီးခါးခါးသီး
ငြင်းပါသေးတယ်။
အဝေးမှာနေတဲ့သမီးကလက်မခံပဲအတင်းငှားပေးတာပါ။
အမေကြီးတို့အိမ်မှာမနက်စောစောအိပ်ယာက ထစရာမလိုပါ။
မနက်ခုနှစ်နာရီခွဲလောက်မှကော်ဖီသောက်ကြတယ်။
နေ့လည်ဆယ့်တစ်နာရီဆိုထမင်းစားကြပါတယ်။
ထမင်းစားပြီးတစ်ရေးတမောအိပ်။
ညနေခြောက်နာရီဆိုညစာစား
တီဗွီကြည့်။
ညကိုးနာရီဆိုအိပ်ရာဝင်။
တစ်နေ့ကိုနှစ်ဆယ့်လေးနာရီမှာ အိပ်ချိန်က ဆယ့်နှစ်နာရီမကဖြစ်နေတယ်။
အိပ်ရာမှာအိပ်ရတဲ့အချိန်ကများနေလို့ကျောပူလာတယ်။
.
.
.
.
.
ဒီအိမ်မှာ မမမေနဲ့ကျမ နှစ်ယောက်ထဲ နေရတယ်။
မမမေကဖြူဖြူနွဲ့နွဲ့ချောချောလေး။
ကျမကိုလည်းမြင်မြင်ချင်းပဲ
ချစ်ချစ်ခင်ခင်ရှိတယ်။
ကျမ ကိုယ်တိုင်စျေးသွား
ရတယ်။
သူလိုချင်တာသူစားချင်တာကိုမှာလိုက်တယ်။
ကျမကိုဟင်းချက်ကောင်းသူလို့အသိအမှတ်ပြုတယ်။
စျေးကပြန်လာရင်လည်းငွေရေးကြေးရေးကိုစစ်ဆေးမေးမြန်းတာမလုပ်ဖူး။
ခေတ်အခြေအနေအရကုန်စျေးနှုန်းကိုသူသိတယ်တဲ့။
ကျမ စိတ်ကြိုက်ဝယ်။
ချက်ချင်တာဝယ်ချက်ခွင့်ပြုတယ်။
ကျမပျော်ပါတယ်။
ကျမကိုအိမ်အကူလိုသဘောမထားပဲညီအမအရင်းလိုဆက်ဆံပေးတဲ့အတွက်ကျမစိတ်ချမ်းသာရတယ်။
ကျမဘက်ကလည်းအခွင့်အရေးကိုမယူပဲစိတ်ရင်းအတိုင်းသာ
မမမေကိုသွေးသားရင်းတစ်ယောက်လိုစောင့်ရှောက်ပေးပါတယ်။
မမမေရဲ့အမျိုးသားကနေ့ဘက်ကိုမကြာခဏလာပါတယ်။
တစ်ခါတရံမှာတော့ညအိပ်လာပြီးမနက်စောစောပြန်သွားတတ်တယ်။
မမမေအမျိုးသားအိမ်ကိုလာမဲ့နေ့ဆို ကျမကစျေးကိုခပ်စောစောလေးသွားတယ်။
မမမေက ပိုက်ဆံကိုလုံလောက်အောင် ပေးလိုက်တယ်။
ဟင်းသုံးလေးမျိုးလောက်စုံအောင်ချက်တယ်။
မိချောင်းခေါင်း ဒူးရင်းသီးတွေကောင်းလွန်းလို့နှစ်လုံးဝယ်လာခဲ့တယ်။
မမမေ မျက်နှာလေးကပြုံးနေတာပဲ။
ထမင်းဝိုင်းမှာ မမမေနဲ့သူ့အမျိုးသားတို့ တစ်ယောက်ကိုတစ်ယောက် ဟင်းတွေခပ်ထည့်ပေးနေကြပြီး ကြင်ကြင်နာနာနဲ့ထမင်းစားနေတာတွေ့ရတော့ ကျမစိတ်ချမ်းသာရတယ်။
ညနေဘက်မှာတော့
မမမေရဲ့ အမျိုးသား ပြန်သွားတယ်။
နောက်တစ်ပါတ်ရဲ့သောကြာနေ့မှာတော့မမမေအမျိုးသားလာမယ်လို့ဖုန်းဆက်ထားပြီးကာမှမလာဖြစ်ပါ။
မမမေမျက်နှာပြိုတော့မယ့်မိုးလိုညိုနေပါတယ်။
ထမင်းလည်းမစားတော့ဘူး။
အိမ်ရှင်မကမျက်နှာထားညိုနေတော့ကျမလည်း စားမဝင်တော့ပါ။
အိရေ သူဘာလို့များမလာဖြစ်တာလဲမသိဘူးနော်..
သူ့အိမ်နဲ့များ အဆင်မပြေဖြစ်နေသလား…
မမမေကိုများဘာသဘောမတွေ့ဖြစ်သွားပါလိမ့် …
ကျမ နှစ်သိမ့်စရာစကားလုံးရှာပြီးပြောနေရပါတယ်။
ညဘက်ရောက်တော့လည်းမမမေကသူနဲ့သူ့အမျိုးသားတို့အကြောင်းကိုအစကနေပြီးပြောပြနေတယ်။
ကျမကဇာတ်လမ်းနားထောင်သူပါ။
ကြည့်နေကျကိုရီးယာဇာတ်လမ်းတွဲလည်းဒီညတော့လွတ်သွားပေါ့။
နောက်နေ့များမှာတော့ မမမေအမျိုးသားရောက်လာတယ်။
မမမေအတွက်ပစ္စည်းတွေတပွေ့တပိုက်နဲ့။
မမမေက မျက်နှာအကြည်ဓာတ်လေးနဲ့ အပြေးကလေးထွက်ကြိုတယ်။
ထုံးစံအတိုင်းပဲ။
ကျမချက်ပြုတ်ထားသမျှ စားသောက်ပြီး ညနေဘက်ကိုပြန်သွားတယ်။
သုံးလခန့်အကြာမှာတော့မမမေအမျိုးသားကတချို့ရက်တွေမှာ
ညဘက်လာမအိပ်တော့ပါဘူး။
အဲဒီလိုရက်များဆိုကျမလည်းတစ်ညလုံးမအိပ်ရသလောက်ပါပဲ။
မမမေကညဘက်တရေးနိုးတယ်နဲ့တူတယ်။
ကျမ ကိုလာနှိုးတယ်။
သူအိပ်မပျော်လို့တဲ့။
သူ့အခန်းထဲရောက်တော့ကျမကိုဖက်ငိုတယ်။
မောင်က မမေကိုမုန်းသွားပြီနဲ့တူတယ်အိရယ် ..
မမေဘာလုပ်ရမလဲဟင်..
မမေရင်တွေပူနေပါပြီ….
ကျမလည်းအိပ်ချင်စိတ်ကတစ်ဝက် နဲ့မမမေကိုနှစ်သိမ့်စရာ
စကားလုံးတွေအပြေးအလွှားရှာနေမိတယ်။
နောက်နေ့မနက်ပိုင်းမှာတော့မမမေနဲ့ကျမကဗေဒင်ဆရာ
ဆီရောက်သွားပါတော့တယ်။
ဗေဒင်ဆရာရဲ့ညွှန်ကြားချက်တွေနဲ့ ဘုရားပေါ်တက်ပြီးနေ့နံတွေမှာလှုသင့်တာလှုပူဇော်သင့်တာပူဇော်ပါတယ်။
အိမ်ကဘုရားစင်မှာ ဗေဒင်ဆရာပြောသမျှ ယတြာတွေ ဆိုတာအပြည့်။
နာမည်ကြီးနတ်ကတော်တွေဆီက ငွေတွေအများကြီးပေးပြီးယူရတဲ့ လင်ချစ်ဆေးဆိုတာကရှိသေးတယ်။
အစိမ်းရောင်အဝတ်အစားမဝတ်ရဘူး စိမ်းကားသွားတတ်တယ်ဆိုလို့ အစိမ်းပွင့်လေးပါသယောင်ပြုတဲ့အရောင်ပါမချန် ကျမကိုစွန့်ကျဲလိုက်တာ ဆယ်စုံမက။
ကျမအိကိုတော့ စိမ်းချင်သူကစိမ်ပေ့စေပေါ့။
သြော်… သူ့ဒုက္ခ။
လင်မပြစ်ရေးဒုက္ခကမသေးပါလား။
ကျမလက်ကိုကိုင်ထားတဲ့မမမေရဲ့လက်တွေဟာအေးစက်လို့နေတယ်။
ကျမကိုလည်းအကူညီလှမ်းတောင်းပါတယ်။
အိကပါကူပြီးဆုတောင်းပေးပါ..
မောင် မမမေကိုပြစ်မသွားဖို့
အမြဲထာဝရချစ်ပေးဖို့….
အလို..ဘုရား..ဘုရား
သူ့ချစ်ဝေဒနာ
ငါဆီမှာအဆစ်ပါပါလို့။
အိမ်ပြန်လမ်းတလျောက်မှာမမမေဟာယိုင်နဲ့နဲ့ ခန္ဒာကိုယ်အားမရှိသလိုနဲ့။
ညဘက်တွေကျတော့လည်းသူကောင်းကောင်းမအိပ်ဖူး။
သူအိပ်မပျော်တော့ ကျမကို လာနှိုးတယ်။
သူနဲ့သူ့အမျိုးသားအကြောင်းကို ထပ်ကာတလဲလဲ ကျမကိုပြောပြတယ်။
ပြောရင်းနဲ့ ငိုရပြန်ပြီ။
အမှန်တော့ကျမလည်း သူတို့အကြောင်းကို အလွတ်ရနေပြီ။
ကျမ ကျမသိသမျှ၊
မှတ်မိသမျှ၊
နှစ်သိမ့်စရာ၊
စကားလုံးတွေအပြေးအလွှားခေါင်းထဲမှာရှာဖွေရင်း။
ဒီလိုနဲ့နောက်ရက်များမှာတော့
သူ့အမျိုးသားနေ့ခင်းဘက်ရောက်လာတယ်။
ထုံးစံအတိုင်း ညနေဘက်ပြန်သွားတယ်။
နောက်ရက်တွေမှာတော့လာချင်မှလာတယ်။
မလာတဲ့ရက်ကပိုများနေတယ်။
သူ့အမျိုးသားမလာရင် ကျမအခက်တွေ့တယ်။
အိရယ်… သူ.. မမမေကိုမုန်းသွားပြီနဲ့တူတယ်…
မမမေက မောင့်ကို အရမ်းချစ်တာ…
မမမေနဲ့မောင် တသက်လုံးပေါင်းရမှာပါနော်…
သူ မမမေကို ပြစ်မသွားလောက်ပါဘူးနော်အိ…
အိ …ဘက်ကဘယ်လိုမြင်လဲ…
မမမေကိုပြောပါဦး…
အင်း!!!
ကျမဘက်ကအမြင်ကိုပြောရရင် သူ ကျမကိုသူ့အိမ်က ချက်ချင်း မောင်းထုတ်မှာ။
အထုပ်ဆွဲပြီးညတွင်းချင်းပြေးရမှာ။
အကြိုက်လိုက်ပြောရလွန်းလို့လည်း စကားလုံးအသစ်
တွေက ရှာမတွေ့တော့ဘူး။
ငါဆိုသည်မှာကလည်းဘေးကနေ တယောထိုး နေတာကိုလုံးဝမကြိုက်တတ်သူ။
နားပူနားဆူမခံနိုင်သူ။
ခက်ချေပြီ တကား။
ကျမတို့ငယ်ငယ်တုန်းကအိမ်နားမှာဓမ္မာရုံရှိတယ်။
ဝါတွင်းအပတ်စဉ်ဆွမ်းလောင်းတယ်။
အဲဒီဓမ္မာရုံကဖွင့်တဲ့ကြာနီကန်ဆရာတော်ဘုရားရဲ့တရားတစ်ပုဒ်ကိုသွားသတိရတယ်။
နေပူပူမှာကျောပြောင်ကြီးနဲ့နွားကျောင်းနေတဲ့နွားကျောင်းသားကိုဆရာတော်က သူ တရားဟောမယ်။
နင် နွားကျောင်းတာ
နှစ်ကျပ်ရတယ်..
ငါ ငါးကျပ်ပေးမယ်…
နေရိပ်ထဲမှာ လာနားထောင်..
ဆရာတော်ကတရားတွေကိုအပီဟောတာ။
နှစ်နာရီလောက်ဆရာတော်တရားကိုနာနေတဲ့နွားကျောင်းသား ခန္ဒာကိုယ်လိမ်တွန့်နေပြီ။
ဘယ်လိုမှသီးမခံနိုင်တော့ဘူး။
ငွေငါးကျပ်ပြန်အမ်းပြီး။
နွားကျောင်းတာ
နေပူတယ် ..
ကျောပူတယ်
သူမမှု့ဘူး..
နားပူလာတာတော့
သူဘယ်လိုမှ
သီးမခံနိုင်တော့ဘူးဆိုပြီး။
သူ့နွားတွေရှိရာနေပူထဲကို
ပြေးထွက်သွားတဲ့တရားဇာတ်လမ်းလေး။
ရင်ထဲမှာ ခုထိ မှတ်မိနေတာလေးပါ။
ကျမဆိုသော အိ လည်း
မအိပ်ရချင် နေပါစေ။
မစားရချင်လည်း နေပါစေ။
နားပူတာချည်းကတော့။
.
.
.
.
.
အေးချမ်းသောဘဝပိုင်ရှင်များဖြစ်ကြပါစေ။
မေတ္တာရည်လျက်။
.
.
.
#ချစ်ခင်စွာဖြင့်
#ခင်လှမြတ်ခိုင်