သစ်ညိုကုန်းမှ အပြန်

 သစ်ညိုကုန်းမှ အပြန် 


ဆင်ဖြူကျွန်းအောင်သိန်း


~~~~~~~~~~

ထနောင်းနှစ်ခွရွာနှင့် ဧရာဝတီမြစ်မှာ မြင်ရုံသာမြင်ရ၊ မကြင်ရမောင့်ကိုယ် ဖြစ်နေကြလေ၏။


ရွာတံခါးမှထွက်ပြီး အနောက်အရပ်သို့ မျှော်ကြည့်လိုက်လျှင် ဧရာဝတီမြစ်သည် ပြေးမလွတ်။ တစ်နံ တစ်လျား ပြန့်ပြူးရှည်လျားသည့် ဧရာဝတီမြစ်သည် ပြေးမလွတ်။ ပြေး၍သွားကာ ကူးဟယ်ခပ်ဟယ် လုပ်ချင်စရာကောင်း၏။


သို့သော် ယောင်၍များ မသွားလေနှင့်။ အရုဏ်တက်မှထသွားသော ရေစည်လှည်းသည် ဧရာဝတီ မြစ်သို့ ဆွမ်းခံဝင်ချိန်ကျမှ ရောက်သည်။ မြစ်ထဲသို့ဆင်းရန် လှည်းလမ်း ရှိကောင်းမှ ရှိပါလိမ့်မည်။ ရှိ၍ ဆင်းသွားငြား ရေပြင်နှင့်တွေ့ရန် သောင်ပြင်ကို ဖြတ်ရဦးမည်။


လှိုင်းကြက်ခွပ်ကလေးတွေနှင့် ချစ်စရာကောင်းသော ဧရာဝတီမြစ်ရေသည် အေးမြ၏။ ကြည်ပြီး စိမ်းနေ၏။ သောက်ချင် ချိုးချင်စိတ်ကို ချိုးနှိမ်ပြီး အပြေးအလွှား ရေတင်ခဲ့အုံး။ ထနောင်းနှစ်ခွရွာသို့ မွန်းတိမ်းမှ ပြန်ရောက်မည်။


လူရောနွားပါ ဖတ်ဖတ်ဆာပြီး ပြန်လာရခြင်းမှာ အတက်ခရီးဖြစ်သောကြောင့်တည်း။ 


သို့ဖြစ်၍ ဧရာဝတီမြစ်နှင့် ထနောင်းနှစ်ခွရွာမှာ မြင်ရုံသာမြင်၊ မကြင်ရ မောင့်ကိုယ်ဟု ဆိုခဲ့ခြင်းဖြစ်ပေသည်။


ထိုအခါ ဧရာဝတီမြစ်ထက် ပို၍နီးသော သစ်ညိုကုန်းသို့ ပြေးကြရသည်။ သစ်ညိုကုန်းကလည်း ကျောက်နံရံကြားရှိ စမ်းတွင်းကလေးသာ ဖြစ်သည်။


ရေကောင်းငြား ကျောက်ကြားသို့ လေးငါးတောင် ဆင်းရသည်။ 


သို့ဖြစ်သောကြောင့် ထနောင်းနှစ်ခွရွာသားများ ငွေစုကြသည်။ ထိုငွေဖြင့် စက်ရေတွင်းတူးကြသည်။ သစ်ညိုတွင်းမှ ရေကို မမီပေ။ သစ်ညိုတွင်းမှ ရေသည် ချို၏။ စက်ရေတွင်းမှ ရေသည် မချို။


စက်ရေတွင်းမှ ရေသည် ငန်သလော၊ မငန်ပါ။ သို့ဖြစ်သဖြင့် အချိန်မဖြုန်းနိုင်သူများမှာ သည်ရေကိုသာ အားကိုးကြရသည်။ အချိန်ဖြုန်းနိုင်သူ၊ ဇီဇာကြောင်သူများကား သစ်ညိုကုန်းသို့ ပြေးကြသည်။


သစ်ညိုကုန်းမှရေသည် ယခင်က မလွယ်သည့်နည်းတူ ယခုလည်း ခက်ခဲစွာ ခပ်ရပါသည်။ သစ်ညိုရေကို လိုလျှင် ကျောက်တုံးနှစ်တုံးကြားသို့ အဖုအထစ်တွေနင်းပြီး ဆင်းရသည်။ ရေမဆုတ်မီရက်များတွင် သည်မျှဖြင့်ပြီးငြား ရေဆုတ်သွားလျှင် အောက်သို့ထပ်ဆင်းရသည်။


တပေါင်း၊ တန်ခူးဆိုလျှင်ကား ပြောဖွယ်မရှိပြီ။ ကျောက်တုံးများကို ကားပြီး ကန်ရသည်။ သို့ဖြစ်သည့်အတွက် ယောက်ျားလေးတွေက မိန်းကလေးတွေအတွက် ခပ်ပေးကြသည်။ 


ယခု ထိုရေတွင်းထဲသို့ နွားတစ်ကောင် လိမ့်ကျပြီးသေနေပြီ။


“မရှိရတဲ့အထဲမှာ နွားတစ်ဖက်က သေရသတဲ့”


နွားရှင် ငဝဲအတွက် စိတ်မကောင်းသူများက မြည်တမ်းကြသည်။


“တောင်ကန်နဲ့ မြောက်ကန်ကို နွားတွေလာလာသောက်ကြတာပါ။ သည်နွားကျမှ မှ ရှည်ပြီး” 


တောင်ကန်နှင့် မြောက်ကန် ဆိုသည်မှာ ရွာ၏တောင်ဘက်တွင်ရှိသော ရေကန်များဖြစ်သည်။ မြောက်ကန်က ရွာနှင့်နီး၍ တောင်ကန်က ရွာနှင့်ဝေးသည်။ ရေဝင် များသည်။ ပိုမိုကြီးမားသည်။ 


ထို နှစ်က နှစ်ကန်တွင် ရေရှိနေသေးသဖြင့် ရွာလူကြီးများက စက်ရေတွင်းကို ပိတ်ထားကြသည်။


အေးဆောင်မှာ ယာထဲသို့သွားရန် အိမ်မှထွက်လာပြီးမှ ပြန်ဝင်ရသည်။


“ငဝဲရဲ့နွားတဲ့ အမေရေ့” 


ဒေါ်သော့က ဆီးမေးသဖြင့် ဖြေကာ ရွာထဲသို့ထွက်လာ၏။ အရေးဟဲ့ဆိုရင် သည်လူတွေပဲ တွေ့ရသည်။ ထွန်းစိန်၊ ငပိန်၊ ထွန်းနိုင်၊ စိန်လှမောင်၊ ကျော်လွန်း၊ ဝကြီး၊ တုတ်ပေါ၊ ငအီး စသည်. . . ။


“လုပ်ကြပါဟ၊ မပုပ်ခင် ဖျက်ရောင်းနိုင်မှ နွားဖိုးရမှာ”


ငဝဲ၏နွား၊ ငဝဲ၏ကိစ္စကား မှန်၏။ ပူပန်ကြောင့်ကြရသူမှာ တစ်ရွာလုံးဖြစ်သည်။ 


ယခုလည်း ကြည့်။ နွားရှင်ငဝဲ ဘယ်မှာနည်း။ အသံကား ဦးရွှေခဲ၏အသံချည်း ဖြစ်သည်။


“စိန်လှမောင်၊ မင်း ဝါးလုံးတွေက ဘာလုပ်ဖို့တုံး”


“စက်သီးဆင်မယ်ဗျာ၊ သည်လူအားနဲ့ဆို စက်သီးနဲ့မှရမယ်ဗျာ။ စက်သီးမပါလို့ကတော့ သေဖို့ပြင် ပေတော့”


စက်သီးဆင်လျှင် ကြာကောင်း ကြာမည်။ ကျောက်ကြား၌ ကျွမ်းထိုးမှောက်ခုံ ကျသေနေသော နွား တစ်ကောင် လှုပ်ရန် ရွေ့ရန်မှာ ခြောက်ယောက်အားဖြင့် လျှာထွက်အောင် ဆွဲရမည်။ စက်သီးဖြင့်ဆိုလျှင် အသာကလေး။


"ဟ ... ဟ ... ငဦး သွားခေါ် ပါအုံးဟ”


ငဦးကား လူကောင်းမဟုတ်ပေ။ နွားသူခိုးအဖြစ် အများက မြင်ထားသည်။ သို့ရာတွင် ထိုနွားခိုးကို ပြေးလွှားပူးကပ်ထားပါက အမဲသားလည်ရောင်းသည့် မိန်းမတွေ ပါလာမည်။ ငဦးလက်ကလည်း နှစ်ခါလှီးပြီးတွဲလျှင် ကိုးဆယ့်ငါးကျပ်သား တိခနဲ။


သို့ဖြစ်၍ မကောင်းသူကိုလည်း မကောင်းသူအလျောက် သူ့နေရာနှင့်သူ သုံးကြရသည်။ 


ငဦးကို ပိုင်သူကား ငပျော့တည်း။ အရက်သမား၊ ရွာ့မင်းသား။ ဘာတစ်ခုမျှ စွဲစွဲမြဲမြဲ မလုပ်။ ထို့အတွက် မည်သူကမျှ အကောင်းမထင်။ အလကားကောင်၊ ဆန်ကုန်မြေလေး။


ထိုဆန်ကုန်မြေလေးသည် ရပ်ပေါ်ရွာပေါ်၌ သူ့အစွမ်းအစကို ပြခွင့်ရသဖြင့် ဖင်ပေါ့နေသည်။ သေသည့်နွားက ကုန်းပေါ် မရောက်သေး၊ ဖျက်ပြီး လျှော်တွဲမည့်သူနှင့် အမဲသားသည်များက ရောက်နေကြပြီ။


ငဦးဆိုလျှင် တန်းခနဲပါလာသော အမဲသားသည် များမှာ ပစ်စလက်ခတ်တွေမဟုတ်။ မွန်မွန်ရည်ရည် ကလေးတွေဖြစ်သည်။ ရွာထဲတွင် မည်သည့်အိမ်သည် အမဲသားစားသည်၊ မည်သည့်အိမ်သည် ပြောရေးဆိုရေး အဆင်မပြေ စသည်များကိုပါ ချက်ခနဲ ဒက်ခနဲ သိထားသည်။ သွက်လက်ဖျတ်လတ်သည်။ 


ဆူညံဆူညံဖြင့် နွားကျသေနေသည့် သစ်ညိုတွင်းသို့ အေးဆောင်တို့ ရောက်လာကြပြီ။ နွားကို စက်သီးဖြင့် ဆွဲတင်ရာတွင် စက်သီးတန်းကို တွင်းပေါ်၌ ကန့်လန့်တင်မည်လော၊ ကြိုးဆွဲမည့်လူက မည်သို့နေမည်နည်း။ မည်သည့်အရပ်တွင်ရှိမည်နည်း။


စိန်လှမောင်တို့ ဤကိစ္စအတွက် စကားများနေစဉ် အေးဆောင်ပါသော လူအုပ်ကလည်း တစ်မှောင့်။


“ရွာနားမှာ ရေကန်ကြီး နှစ်ကန်ရှိသာကို နွားတိုင်းသိပါသယ်ကွာ၊ သည်နွားကျမှ”


“ဘာလဲ ... နွားကို ဆွဲခေါ်လာပြီး တွန်းချသယ် ပြောချင်လို့ မဟုတ်လား”


ထွန်းထွန်းနိုင်က စတင်မြည်တမ်းသည်တွင် ငပိန်က ဝင်ရောက် မေးခွန်းထုတ်သည်။


“ဟေ့ကောင် တောရမ်းပယ်ဖွဲ့တွေ ပြောမနေနဲ့။ သည်နားတစ်ဝိုက်မှာရှိတဲ့ ပပ်ကြားကွဲတွေ၊ လိုဏ် ခေါင်းတွေ မင်းဝင်ဖူးသလား၊ ငါတော့ မဝင်ဖူးဘူး”


“ငါလည်း မဝင်ဖူးပါဘူး”


“အေး ... အဲသည်ထဲမှာ ငါတို့ကိုယ်လုံးလောက်ရှိသဲ့ စပါးအုံးမြွေတို့၊ စပါးကြီးမြွေတို့ ရှိမနေဘူး ပြောနိုင်လား”


“ဟုတ်သာပေါ့၊ အဲသည့်ကောင်ကြီးတွေက လိုက်ဆွဲလို့ သွေးရူးသွေးတန်းနဲ့ အပြေးမှာ"


“ဟေ့ကောင်တွေ၊ ဟေ့ကောင်တွေ”


အေးဆောင်က နားကြားပြင်းကတ်လာသည့်အတွက် အော်လိုက်ခြင်းဖြစ်၏။


“စပါးကြီးဖြစ်ဖြစ်၊ စပါးအုံးပဲဖြစ်ဖြစ် လိုက်ဆွဲလို့ သေပြေးရှင်ပြေး ပြေးရင်းနဲ့ သစ်ညိုတွင်းထဲကို နွားလိမ့်ကျသွားရင် မြွေကော. . ."


အေးဆောင်က မေးလည်း မေးသည်။ မေးခွန်းလည်းထုတ်လိုက်သည်။


“မြွေလည်း သည်တွင်းထဲ ကျသွားရင်”


ထွန်းထွန်းနိုင်နှင့် ငပိန်တို့ ဗယီးဗယားဖြစ်နေစဉ် 


“နွား မြိုင်လိုက်သာကော မဖြစ်နိုင်ဘူးလား” 


ဆင့် မေးသည်။ အမေးခံရသူတွေ မဖြေနိုင်မီ ဝကြီးက တွင်းတူးနေရာက ဝင်ဖြေ၏။


“ဟ. . . သင်းထားသဲ့ ခိုင်းနွား ဘယ်လိုလုပ်ပြီး နွားမြိုင်လိုက်မှာတုံး”


သို့ဖြစ်သဖြင့် အေးဆောင်၏ မေးခွန်းမှာ ရွေ့သွားပြန်၏။


“နွားချင်းဝှေ့ရာက ငဝဲရဲ့နွားက နောက်ဆုတ်နောက်ဆုတ် ဆုတ်လာရာက သည်နားအရောက်မှာ လျှောကျသွားရင်ကော”


“အဲသာ အဖြစ်နိုင်ဆုံးပဲဟေ့” 


ငပိန်က ထောက်ခံချိန်တွင် ဝမ်းသာအားရ နွားသေကောင်မှာလည်း တွင်းပေါ်သို့ ရောက်လာသည်။ ဦးခေါင်းတွင် ဝှေ့ဖက်နွား၏ ဦးချိုရာပါ တွေ့ပါသည်။


ငဦးတို့မှာ ဤအရာများကို စိတ်ဝင်စားသူများမဟုတ်ကြ။ နွားသေကို ကြိုးအား၊ လူအားဖြင့် နေရာ ကောင်းသို့ ဆွဲယူကြသည်။ လျင်လိုက်ပုံများမှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် ကာလအတွင်း အရေခွာပြီးသား ဖြစ်သွားလေ၏။


“ကောင်မလေးတွေ ... မဖင့်စေနဲ့"


ငဦး၏ သည်အမှာစကားကို အမဲသားသည်များ နားလည်ကြ၏။ 


“ဝယ်သူနှင့် ဆွေးဆွေးနွေးနွေး ပြောမနေနှင့်”


ဟု မှာကြားခြင်း ဖြစ်သည်။


အဓိပ္ပာယ်အကျယ်မှာ ...


“နွား သေသည်မှာ ကြာပြီ။ အချိန်ဆွဲနေရင် ပုပ်လိမ့်မည်"


ဟူ၍ ဖြစ်ပေသည်။ 


သို့တစေ ဝိုင်းဝန်းကြသူများက တစ်တွဲမျှ မယူကြပါ။ သည်ကရမှ နွားအစားဝယ်ရမည်။ ခိုင်းနွားတစ် ကောင် နှစ်သိန်းနှင့်မှ ရပါ့မည်လား။


သို့သော် ငဝဲဇနီး မိထွားကား ပြည်ဝင်ဒန်အိုးကြီး သယ်လာပြီး ဝမ်းတွင်းသားတွေကို သစ်ညိုတွင်းနှင့် မနီးမဝေး၌ ချက်သည်။ 


“စားကြပါ၊ မြည်းကြည့်ပါအုံး”


ဟူ၍ စေတနာရေစီးကမ်းပြို လိုက်နေသေး၏။


အေးဆောင်သည် အမေ့အတွက် မိုးခိုသားတစ်တွဲ ဝယ်လိုငြား မဝယ်မိ။ ဝယ်လျှင် အလကားပေး လိမ့်မည်။ နွားဖိုး ပြန်မရသော် ငဝဲ ခက်လိမ့်မည်။


“ဟာ . . . ဒုက်ခပဲ”


အမေ့အကြောင်း စဉ်းစားမိတော့မှ မြသွယ်အကြောင်းသည် ဘွားခနဲပေါ်လာ၏။


“ကိုအေးဆောင်. . . တောတက်မလို့ဆို” 


သည်နှယ်မေးသူမှာ ချစ်သောမြသွယ်ဖြစ်၍ 


“ဟုတ်သယ်လေ။ ဘာမှာချင်လို့တုံး”


ဟု မေးခဲ့သည်။ 


“ဘာမှ မမှာချင်ပါဘူး။ လွန်ဆန် နည်းနည်းပါးပါးပါ"


တောသည် အေးဆောင်တို့ ကလေးဘဝမှာပင် လှမ်းကြည့်၍ မြင်ရသေးသည်။ ယခု အေးဆောင် သုံးဆယ်ပိုင်းအရောက်တွင်ကား တောသည် လူတွေကိုကြောက်ရွံ့ပြီး ထွက်ပြေးခဲ့ရာ တစ်ညအိပ်ခရီးသို့ ရောက်နေပေပြီ။


တောဟုဆိုသောကြောင့် စိမ့်ကြီး မြိုင်ကြီးကား မဟုတ်ချေ။ ဟိုနားတစ်ပင် သည်နားတစ်ပင် ပေါက်နေသော သနပ်ခါး၊ သန်း၊ ဒဟတ်၊ လွန်၊ ရှား စသည်များ ရှိနေသော တောအခြောက်ဖြစ်သည်။ 


သည်တောသို့ သန်းပင်နှင့် ဒဟတ်ပင်များ စောင်ရန်းတွင် အသုံးပြုစရာအဖြစ် ခုတ်ယူရန် သွားမည်။ သို့သော် တစ်ယောက်တည်းမဟုတ်။ လေးငါးခြောက်စီး ဖြစ်သည်။ 


တစ်ဦးတွင် အခက်အခဲ ဖြစ်ပေါ်ပါက ဝိုင်းဝန်းကူညီကြရန်ဖြစ်သည်။ ငဝဲ၏ နွားကိစ္စ ပေါ် လာသဖြင့် မသွားဖြစ်ကြ။ 


ထိုအခါ အေးဆောင်လည်း သွားရန်ဝေးစွ၊ သတိသော်မျှ မရချေ။


ဖျက်လိုက်သော အမဲသား များကို ရှေ့လူက ၉၅ ကျပ်သား ပုံတွေ ပုံသွားသည်။ သူ့နောက်မှ နှီးစည်းတစ်စည်းဖြင့် လိုက်လံတွဲသည်။ အမဲသားသည်များက ဆယ်တွဲ၊ ဆယ့်ငါးတွဲ စာရင်းပေးကာ ထွက်သွားကြပြီ။


အေးဆောင်တို့မှာ သည်အခါကျမှ ဟင်းချနိုင်သည်။ မြသွယ်မှာလည်း ထိုအခါကျမှ ဘွားခနဲပေါ် လာ၏။ သို့ကြောင့် အေးဆောင် တုံ့နှေးစွာထ၏။ မြသွယ်တို့မှာ ရွာ့အနောက်ပိုင်းမှဖြစ်ရာ ငဝဲ၏ နွားကိစ္စ မသိခဲ့သော် အာပေါက်သည်ကို ထား၊ လုပ်ကြံသည် အထင်မခံရလျှင် တော်လှ။


ငွေအိုးမူ အားကိုးရလောက်၏။ ကိုးကုန်းကိုးကျင်းလျှောက်သွားနေသော သည်ကောင်လေးမှတစ်ဆင့် သူ့အစ်မမြသွယ် သိထားလျှင် တော်ပေလိမ့်မည်။ သို့မဟုတ်ပါက ...


အေးဆောင် စိတ်တထင့်ထင့်ဖြင့် ရွာထဲသို့ ဝင်ခဲ့၏။ အမဲသားဟင်းနံ့က ဆီးကြိုနေ၏။


“ရော်. . . ဘယ်ကများပါလိမ့်” 


အေးဆောင်၏ ခြေလှမ်းတိုင်းသည် အိမ်ဘက်သို့ နီးကပ်လာသည်။ အိမ်ဘက်သို့နီးလေလေ အမဲသား ဟင်းနံ့က ပီပြင်ထင်ရှားလေလေ ဖြစ်သည်။


ဝင်းတံခါးကိုဖွင့်ရန် လက်အရွယ်တွင် တံခါးပွင့်လာသည်။ 


အေးဆောင် မမျှော်လင့်သောမျက်နှာသည် ဝင်းခနဲလက်လာသည်။ 


မြသွယ်. . . ။ 


အေးဆောင် စိတ်အေးသွားသည်။ 


အကျိုးအကြောင်းရှင်းပြ ရန်မလိုတော့ပြီ။ ။

🍏🍏🍏🍏

ငွေတာရီမဂ္ဂဇင်း၊ ၂၀၁၆

 #ဝတ္ထုအိမ်