မပြိုင်သောနိုင်ခြင်း

 မပြိုင်သောနိုင်ခြင်း

-----------------------

“ဆရာ‌ရေ … ဆရာ့ကို ပုံလေးတစ်ပုံလောက်ပြချင်လို့”


“ဘာပုံလဲကွ”


“ဒီမှာဆရာ”


ထမင်းစားပြီး ခေတ္တအနားယူကာ ထန်းလျက်ခဲတစ်လုံးနှင့် ဇိမ်တွေ့နေသော ကျွန်တော့်ကို မောင်ကျော်စွာက သူ့ဖုန်းလေးယူလာပြီး ပြောလိုက်ခြင်း ဖြစ်သည်။


ကျွန်တော်က သူပြသည့်ဖုန်းထဲကပုံကို ကြည့်လိုက်မိသည်။


ခွေးပြိုင်ပွဲဖြစ်ပုံရသည်။ နောက်တွင် ကျားသစ်က ဟန်မပျက်ထိုင်နေသည်။ ထိုပုံက အဓိပ္ပာယ်အမျိုးမျိုး ထွက်နိုင်သည်။


“အေးကွ … မောင်ကျော်စွာ ဘာဖြစ်လို့လဲ”


“ဒီပုံကြည့်ပြီးတော့ ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေလို့ပါဆရာ။ ပြီးတော့ ပုံမှာ ဘာစာမှလည်း မပါဘူး။ အင်တာနက်ထဲမှာ ဒီအတိုင်းတွေ့လို့ ဆရာ့ကို လာမေးတာ။ ဘာအဓိပ္ပာယ်လဲလို့”


“ဘာစာမှမပါတော့ … သဘောက ပုံကြည့်သူကို တွေးခိုင်းထားတဲ့သဘောပဲ။ ကျားသစ်ဆိုတာ သတ္တဝါတွေ အထဲမှာ အမြန်ဆုံးသတ္တဝါလို့ သိထားကြပြီးသား။ ပုံကတော့ ခွေးပြိုင်ပွဲမှာ တာလွှတ်တဲ့ပုံပဲ။ ငါထင်တာ ပြောရမယ် ဆိုရင် ကျားသစ်ကို ခွေးတွေနဲ့ ပြိုင်ခိုင်းတဲ့သဘောလို့ ထင်တယ်”


“ကျွန်တော်လည်း အဲဒီလိုပဲထင်တယ်ဆရာ”


“ဒါပေမဲ့ ကျားသစ်က ဟန်မပျက်ထိုင်ပြီးတော့ ကျန်နေခဲ့တာကျတော့ရော မင်းဘယ်လိုထင်သလဲ”


“အဲဒါ ကျွန်တော် ဉာဏ်မမီလို့ ဆရာ့ကိုမေးတာလေ”


“အဲဒီပုံကိုကြည့်ပြီးတော့ ငါပြောနိုင်တာ တစ်ခုကတော့ ကျားသစ်လိုကောင်က ခွေးတွေနဲ့ယှဉ်ပြီး ပြေးစရာ မလိုဘူး ဆိုတာကို ပြောချင်တာလို့ထင်တယ်”


“အဲ ဆရာရယ် … ကျွန်တော့ မတွေးမိဘူး။ အဲဒီလိုတွေးမယ်ဆိုရင်တော့ အကြီးကြီး စဉ်းစားစရာ ဖြစ်သွားပြီ ဆရာနော်”


“ဟုတ်တယ် ငါထုတ်လို့ရတဲ့ ဒဿနကတော့ ကိုယ့်ရဲ့အဆင့်အတန်းက မြင့်မားနေတယ်ဆိုရင် အောက်တန်း ကျတဲ့စိတ်ရှိသူတွေ၊ ဘေးထိုင်ဘုပြောနေသူတွေကို သူတို့နဲ့တန်းတူဆင်းပြီး ကိုယ့်အဆင့်ကို သက်သေပြစရာ မလိုဘူးလို့ပြောရမှာပဲ။ ဆိုလိုချင်တာကကွယ် … ကျားတစ်ကောင်ဟာ သိုးရဲ့ဝေဖန်မှုကို ဂရုမစိုက်သလို၊ ကျားသစ်ဟာလည်း ခွေးတွေပြေးလို့ လိုက်ပြေးစရာမလိုဘူးလို့ ပြောရမှာ”


“ကိုယ်မှန်တယ်ထင်ရင် … သူများတွေက ငါပြောတာမှအမှန်ကွဆိုတာမျိုးတွေကို ဂရုစိုက်စရာ မလိုဘူးလို့ ပြောချင်တာလားဆရာ”


“အမှန်ပဲ … သူများယောင်လို့ လိုက်ယောင်ရင် ကိုယ့်တန်ဖိုးကို အနိမ့်စားတွေနဲ့လိုက်ပြီး တန်းညှိသလိုဖြစ်သွား တတ်တယ်။ ပုံမှာ ပါတဲ့အတိုင်းဆိုရင် ကျားသစ်ဟာ ခွေးနဲ့အဆင့်အတန်း တန်းတူ သတ်မှတ်လို့မရဘူး။ နေမင်းကြီးဟာ သူလင်းလက်ကြောင်း သက်သေပြဖို့ ဖယောင်းတိုင်လေးတွေကို လိုက်ပြိုင်နေစရာ မလိုဘူးလို့ ပြောချင်တာ။ ကိုယ်ပိုင်အရည်အချင်းရှိသူတွေမှာ ကိုယ်ပိုင်တန်ဖိုးက သူ့အလိုလိုသတ်မှတ်ပြီးသား ရှိနေလို့ပဲ”


“ကောင်းလိုက်တာဆရာရယ်။ ဆရာပြောမှ ပိုပြီးလေးနက်သွားသလို ခံစားရတယ်”


“စကားပုံ တစ်ခုရှိတယ်လေကွာ … ခွေးတွေက အရိုးတစ်ချောင်းအတွက် ပြေးချင်တိုင်း ပြေးကြလိမ့်မယ်။ ကျားသစ်ကတော့ သူ့မာန်နဲ့ တောအုပ်ကြီးကိုပဲ စောင့်ကြည့်နေလိမ့်မယ်တဲ့ကွ။ အာဖရိကစကားပုံတစ်ခုပေါ့”


“မှတ်သားရပါတယ်ဆရာ”


“မောင်ကျော်စွာ … ကိုယ့်တန်ဖိုးကိုယ်သိတဲ့သူဟာ သူတစ်ပါးသတ်မှတ်ထားတဲ့အထဲမှာ ဝင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သက်သေပြနေဖို့ မလိုဘူးကွ။ တစ်ခါတစ်လေ ပြိုင်ဆိုင်မှုတိုင်းဟာ မလိုအပ်ဘူး။ ပြိုင်ဆိုင်ဖို့ ငြင်းလိုက်တာကလည်း ကိုယ့်ရဲ့အဆင့်အတန်းကို အမြင့်ဆုံးတည်ဆောက်လိုက်တာလို့ ပြောနိုင်တယ်။ ကျားသစ်ကိုကြည့် … သူခွေးနဲ့ မပြိုင်ဘူးဆိုတာ သူမပြေးနိုင်လို့ မဟုတ်ဘူး။ ခွေးနဲ့ရောပြေးပြီး ခွေးမဖြစ်ချင်လို့ ကွယ့်။ တကယ့်တန်ဖိုးဆိုတာ အနိုင်၊ အရှုံးအပေါ်မှာ မရှိဘူး။ ကိုယ်ဘယ်သူဆိုတာ သိနေတဲ့ ငြိမ်သက်ခြင်း အပေါ်မှာလည်း ရှိနေနိုင်တယ်”


“ကောင်းလိုက်တာဆရာရယ်”


“မြန်ခြင်း … နှေးခြင်းဆိုတာထက် ကိုယ် ဘယ်သူနဲ့ယှဉ်ပြိုင်နေသလဲဆိုတာ ပိုအရေးကြီးတယ်။ အရှိန် အဟုန်ကို နားမလည်ဘဲ ဝင်ပြေးခိုင်းနေတဲ့ပွဲမှာ ဝင်ပြေးနေရင် ကိုယ့်ကိုယ်ကိုယ် စော်ကားသလို ဖြစ်နေ တတ်တယ်။ ကျားသစ်ရဲ့ ဂုဏ်သိက္ခာဟာ လှောင်အိမ်ထဲမှာပဲ ရှိနေရင်တောင် ခွေးထက်သာလွန်နေတာပဲ။ အောင်ပွဲရဖို့ ဆိုတာထက် အဆင့်အတန်း (Class) ကို ပိုပြီး တန်ဖိုးထားတဲ့သူတွေကတော့ ကျားသစ်လို ငြိမ်ပြီး နေခဲ့မှာပဲ။ ပြောရရင်ကွာ ကျားသစ်တစ်ကောင်လို နေထိုင်တတ်ရင် အမြန်ဆုံးဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သူ အဖြစ် သူ့ဂုဏ်ကတစ်ချက်မှ လျော့ကျမသွားဘူး”


“သဘောပေါက်ပါပြီဆရာ … နားလည်ပါပြီ”


“အေး … ငါစာရေးရမယ့်အချိန်ရောက်ပြီ … မင်းပြန်ချင်လည်းပြန်၊ စာဖတ်ချင်လည်း ဖတ်နေတော့”


“ကျွန်တော်ပြန်တော့မယ်ဆရာ”


“ကောင်းပြီ”


တင်ညွန့်


၂၅.၁.၂၀၂၆