လှောင်အိမ်ထဲကမျောက်များ

 လှောင်အိမ်ထဲကမျောက်များ

------------------------------

စမ်းသပ်မှုတစ်ခုတွင် မျောက် ၅ ကောင်ကို လှောင်အိမ်ထဲထည့်ထားသည်။ လှောင်အိမ် အလယ်တွင် လှေကား တစ်ခုထောင်ထားသည်။ လှေကားထိပ်အလယ်တွင် ငှက်ပျောသီးတစ်ဖီးကို တင်ထားသည်။


မျောက်ဆိုတော့ ငှက်ပျောသီးကို မက်ပေမည်။ မျောက်တစ်ကောင် လှေကားကိုတက်ရန်ကြံတိုင်း ရေခဲရေ တွေနှင့် ပက်သည်။ တစ်ကောင်ပြီးတစ်ကောင် ကြိုးစားသည်။ လှေကားပေါ်တက်တိုင်း ရေခဲရေနှင့် အပက်ခံရ သည်။ မျောက်တွေအားလုံး အေးနေကြပြီ။


ကြာသော် မျောက်တစ်ကောင် လှေကားပေါ်တက်ပြီး ငှက်ပျောသီးကိုယူမည်လုပ်တိုင်း ထိုမျောက်ကို ကျန် ၄ ကောင်က ဆွဲချပြီး ထုရိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော သူတို့ ရေခဲရေနှင့် အပက်ခံရမည်ကို စိုးရိမ် သောကြောင့်ဖြစ်သည်။


စမ်းသပ်သူတွေက လှောင်အိမ်ထဲမှ မျောက်တစ်ကောင်ကို ထုတ်လိုက်သည်။ ထိုမျောက်အစား အခြား မျောက် တစ်ကောင်ကို လှောင်အိမ်ထဲ သွင်းလိုက်သည်။


ဘုမသိဘမသိမျောက်က လှေကားပေါ်တက်ပြီး ငှက်ပျောသီးကို ယူရန်ကြိုးစားသည်။ ထိုမျောက်ကို ကျန်မျောက်တွေက ဝိုင်းရိုက်သည်။ နောက်မှရောက်လာသောမျောက်သည် ဤလှောင်ချိုင့်ထဲက စံနှုန်း တစ်ခုကို သိလိုက်ရသည်။


လှေကားပေါ်မတက်နှင့် တက်လျှင် ဝိုင်းအရိုက်ခံရမည်။


ရေခဲရေနှင့် အပက်ခံထားရသော မျောက်တွေကို တစ်ကောင်ပြီးတစ်ကောင် လဲလှယ်ပြီး မျောက်အသစ်တွေနှင့် အစားထိုးသည်။ တဖြည်းဖြည်း လှောင်အိမ်ထဲတွင် မူလမျောက်တွေအားလုံးကုန်ပြီး မျောက်အသစ်တွေ ရောက် လာသည်။


သို့သော် လှေကားပေါ်တက်တိုင်း ဝိုင်းရိုက်သဖြင့် မည်သည့်မျောက်မျှ မတက်ရဲ။


စမ်းသပ်မှု၏ နောက်ဆုံးအနေဖြင့် နောက်ရောက်လာသည့် မျောက်များသည်လည်း ဘာမှန်းညာမှန်း မသိသော်လည်း လှေကားပေါ်တက်ပြီး ငှက်ပျောသီးကိုယူလျှင် ဝိုင်းရိုက်ရမည် (အရိုက်ခံရမည်) ဆိုသည့် သဘောတရားကို နားလည်ပြီးငြိမ်နေကြသည်။


မျောက်တွေကို မေးလို့ရလျှင် ဘာတွေပြန်ဖြေမည်ထင်သနည်း။


“ဟေ့မင်းတို့ ဘာဖြစ်လို့ ငှက်ပျောသီးကို တက်မယူရတာလဲ”


“မသိဘူး အဲဒီလို မလုပ်ရဘူးထင်လို့ မလုပ်တာ” ဟု ဖြေမည်ထင်သည်။


ကျွန်တော်တို့လူ့ဘောင်တွင်လည်း ထိုးနည်းနှင်နှင်ဖြစ်သည်။ ဘာကြောင့် မလုပ်ရသနည်းဆိုခြင်းကို ဂဃနဏ မေးခွန်း မထုတ်ဘဲ ရှေးအစဉ်အဆက်က လက်ခံလာသောကြောင့် နောက်လူတွေလည်း ကြောက်ကြောက်နှင့် လိုက်ပြီး နာခံနေကြသည့်သဘောဖြစ်မည်ထင်သည်။


ဘာမှန်းညာမှန်း မေးခွန်းမထုတ်ရဲဘဲ မိရိုးဖလာဆိုသည့် အကြောင်းပြချက်တွေနှင့် ကျွန်တော်တို့ အရိုးစွဲ လိုက်နာလာသော အမှုကိစ္စပေါင်းများစွာရှိသည်ကို သတိထားမိကြပါလိမ့်မည်။ မျောက်တွေကို စမ်းသပ်သည့် သဘောတရားအတိုင်း


“ရှေးကလက်ခံလို့ လက်ခံခဲ့ကြတာပဲ” ဟုသာ ဖြေကြမည်ထင်ပါသည်။


ကျွန်တော်တို့ မိသားစုအတွင်းမှာရော ကျောင်းတွေမှာရော ကလေးတွေက “Why? ဆိုသည့် မေးခွန်း ထုတ်ခြင်းမျိုး အဆင့်ရောက်အောင် လေ့ကျင့်သင်ကြားပေးခဲ့ကြပါသလား။ ကျွန်တော်တို့တွင် လူမှုဖိအားတွေ များလွန်းလှသည်။


အများလက်ခံသည်ကို လက်မခံလျှင် သို့မဟုတ် ဆန့်ကျင်လျှင် မျောက်တွေလို ရေခဲရေနှင့် အပက်ခံရနိုင်သလို၊ ဝိုင်းပြီးအပြစ်ပေးခံရမည်ကို ကြောက်သောကြောင့်ဖြစ်သည်။


လူ့ဘောင်လောကတွင် သူ့အသိုင်းအဝိုင်းက လက်မခံသောအရာတစ်ခုခုကို ပြုမူလိုက်လျှင် မျောက်တွေလို ဝိုင်းရိုက်ခြင်း မရှိလျှင်လည်း၊ လူရာမသွင်းသလို ကဲ့ရဲ့ရှုတ်ချခြင်းကြောင့် စိတ်ပျက်စရာကောင်းလောက်အောင် အခွင့်အရေးတွေ ဆုံးရှုံးသွားရခြင်းများလည်း ရှိနိုင်ပါသည်။


လူတွေက မျောက်တွေလို ဘာကြောင့်လှေကားမတက်ရသလဲဆိုသည့် မေးခွန်းထုတ်ရန်ထက်၊ မိမိနှင့် ဘက်မတူသူအဖြစ် သတ်မှတ်ခြင်းခံရမည်ကိုကြောက်ကြသည်။ ထို့ကြောင့် ဘာမှန်းမသိသော်လည်း မေးခွန်း မထုတ်ဘဲ ငြိမ်နေလိုက်လျှင် အကောင်းဆုံးဖြစ်မည်ဟု ထင်နေကြသူများလည်း ရှိသည်။


လူအတော်များများသည် ဦးနှောက်အပင်ပန်းခံရမည်ကို ကြောက်ကြသည်။ ထို့ကြောင့် စဉ်းစားတွေးခေါ်ကာ မေးခွန်းထုတ်ရမည်ကို မဝံ့မရဲဖြစ်ကြသည်။ ရှေးလူကြီးတွေလည်း ဒီအတိုင်းလက်ခံ လုပ်ဆောင်ခဲ့ကြတာပဲ။ ငါတို့လည်း လိုက်လုပ်ကြတာပေါ့ဆိုကာ ဝေဖန်ပိုင်းခြားရမည့် စိတ်စွမ်းအင်ကို ချွေတာရင်းဖြင့် ဦးနှောက်တွေ ကျုံ့ကုန်ကြသည်။


အကြောက်တရား + အညံ့ခံစိတ် + ပျင်းရိမှု = မလွတ်မြောက်စိတ်


လူတွေမှာ အကြောက်တရားတွေက လွှမ်းမိုးလွန်းသည့် အခါတွင် အညံ့ခံလိုစိတ်တွေဖြစ်လာသည်။ အညံခံရင်းက ထိုးဖောက်လိုစိတ်တွေနည်းလာပြီး ပျင်းရိလာကြသည်။ ထိုစိတ်ဓာတ်တွေ ရောသမမွှေခြင်း ခံလိုက်ရသည့်အခါတွင် လူသားသည် လွတ်မြောက်လိုစိတ်မရှိ၊ လွတ်မြောက်ရန် အားမထုတ်တော့ဘဲ လှောင်အိမ်ထဲဝင်ကာ တစ်ကောင်ကိုတစ်ကောင် ဆွဲချ ထုနှက်ရန်ကိုသာ အားထုတ်ပေလိမ့်မည်။


တင်ညွန့်


၃.၁၂.၂၀၂၅