အလောင်းအစား
------------------
သူငယ်ချင်းတွေဆုံကြသည့်အခါ အတိတ်အကြောင်းတွေ ပြောမကုန်နိုင်ပင်။
အထူးသဖြင့် ကျောင်းတုန်းက အကြောင်းတွေ ပြန်ပြောင်းပြောကြ လွမ်းဆွတ်ကြသည်။ အချို့က သူတို့နှင့် လွဲခဲ့ကြသော ချစ်သူတွေအကြောင်း၊ အချို့ကလည်း တစ်ယောက်မကောင်း တစ်ယောက် ပြောင်းကြသည့် အကြောင်းတွေ ရယ်ကြ မောကြနှင့် ပြောနေကြသည်။
သူတို့အထဲတွင် နှုတ်ဆိတ်နေသူတစ်ယောက်မှာ အားလုံးက ဖုန်းကြီးဟု အမည်ပြောင်ပေးထားသော လှဖုန်း ဖြစ်သည်။
လှဖုန်းသည် ငယ်စဉ်ကတည်းက ဘုန်းကြီး ဝင်စားသည်ဟု သူ့အိမ်ကအယူရှိသည်။ ထိုအယူရှိသည့် အတိုင်းပင် သက်သတ်လွတ်စားသည်၊ တရားထိုင်သည်၊ မကြာခဏ သင်္ကန်းဝတ်သည်၊ အသက် ၅၀ ကျော်လာသည့် ယခုတိုင် မိန်းမလည်း မယူသေး။
သူတို့ သူငယ်ချင်း ၆ ယောက်ထဲတွင် လှဖုန်းတစ်ယောက်သာ အိမ်ထောင်မကျသေးသော လူပျိုကြီး ဖြစ်သည်။
အလွန်နောက်ပြောင်တတ်သော ကျော်ဦးက
“ဟေ့ ဖုန်းကြီး တိတ်လှချည်လား” ဟု လှဖုန်းကိုမေးလိုက်သည်။
သူက ပြုံးနေသည်။
“ဘယ်လိုလဲ မင်း ခုထိ မိန်းမ မယူသေးဘူးလား။ ဘာလဲ မတွေ့သေးလို့လား”
“ဒီကောင် တစ်သက် မိန်းမ ယူမှာ မဟုတ်ပါဘူး … ယူချင်းယူ ယောကျ်ားပဲယူမယ့်ကောင်”
အားလုံးက စားသောက်နေရာမှ ရယ်လိုက်ကြသည်။ လူတိုင်း အရက်ခွက်ကိုယ်စီဖြစ်သော်လည်း လှဖုန်း ကတော့ အချိုရည်ကုတ်တစ်ဘူးနှင့်ဖြစ်နေသည်။
ကျော်ဦးက
“ဟေ့ … ဒီည တို့ အဲဒီကောင်ကြီးကို မိန်းမတစ်ယောက်နဲ့ တွေ့ပေးရင်ကောင်းမလား”
“မလုပ်ပါနဲ့ကွာ … တော်ကြာ ရှာပေး … ရှာပေးချည်း ဖြစ်နေဦးမယ်”
“ဟား … ဟား … ဟား”
အားလုံးအရယ် ရပ်လိုက်ချိန်တွင် လှဖုန်းက
“ငါက နောက်လကျရင် သေတော့မှာကွ”
“ဟာ ဒီဖုန်းကြီးက ပေါက်ကရပြောပြီ”
“ဟုတ်တယ် … ငါဇွန် ၂၁ ရက်နေ့ ည ၉ နာရီတိတိမှာ သေတော့မှာ”
“ဟေ့ … ဖုန်းကြီးက အတည်ပေါက်ကြီးနဲ့ ဟား … ဟား … ဟား”
“မင်းတို့ မယုံလည်း မတတ်နိုင်ဘူး … ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီတိတိမှာ ငါသေမယ်”
“ဒီဖုန်းကြီးတော့ မိန်းမ မရတာနဲ့ပဲ ကြောင်တောင်တောင် ဂေါက်တောက်တောက်ဖြစ်သွားပြီနဲ့တူတယ်”
“မင်းတို့ ယုံမှာ မဟုတ်ဘူး။ ငါ မင်းတို့ခေါ်တဲ့ ဒီပွဲကို မလာချင်ဘူး။ ဒါပေမဲ့ သူငယ်ချင်းတွေကို နောက်ဆုံး နှုတ်ဆက်ရမှာမို့ လာနှုတ်ဆက်တာ … ငါနှုတ်ဆက်ပြီးပြီ။ ငါသေမယ့်နေ့နဲ့ အချ်န်ကိုလည်း အတိအကျ ပြောပြီးပြီ။ ကဲ ငါပြန်တော့မယ်။ ငါရှိနေတော့ မင်းတို့အတွက် အနှောင့်အယှက်ဖြစ်မယ်။ ငါပြန်တော့မယ်။ အားလုံးကို နှုတ်ဆက်တယ် … ဂွတ်နိုက်”
လှဖုန်းက ပြောပြောဆိုဆိုနှင့် စားပွဲဝိုင်းမှထကာ ဟိုတယ်ထဲက ထွက်သွားတော့သည်။
ကျန်ခဲ့သူ ငါးယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မစားနိုင်၊ မသောက်နိုင်ဖြစ်နေကြသည်။
“ဟေ့ ဖုန်းကြီးပြောတာ ဘယ်လိုလဲ”
တစ်ယောက်က ဖောက်လိုက်သည်။
“အေးကွ … ဒီကောင်ပြောတာတွေဟာ မှန်တတ်တယ်။ ကျောင်းတုန်းကကြည့်လေ ၁၀ တန်း အောင်စာရင်း မထွက်ခင် သီပေါကို ကျမယ်လို့ ဒီကောင်ကြိုပြောတာ ကျတာပဲ”
သူတို့အထဲတွင် သီပေါဟုခေါ်သော စိုးတင့်က ထောက်ခံသည်။
“ဟုတ်တယ် အဲဒီတုန်းက စိတ်ဆိုးလို့ ဖုန်းကြီးကို ငါထထိုးတာ မင်းတို့ဆွဲထားလို့။ အဲဒီနှစ်က ငါတကယ် ကျတာပဲ”
“ခုလည်း သူ့ကိုယ်သူသေမယ်တဲ့ ဘယ်လိုလဲ”
“ဘယ်လိုမှ မလဲနဲ့ အဲဒီကောင် ပြောတဲ့နေ့ သေမသေ လောင်းမလား”
“ဟေ့ လောင်းရင် ငါက မဖြစ်နိုင်ဘူးဆိုတဲ့ဘက်”
“ကဲ လောင်းကြေး သတ်မှတ်ရအောင်”
“ဆယ်ဆ … တစ်ဆကွာ”
“ဘယ်လို ဆယ်ဆ … တစ်ဆလဲ”
“အဲဒီအကောင် မသေရင် တစ်ဆ … သေရင်ဆယ်ဆ … ဘယ်လိုလဲ”
“ဘယ်သူက မသေတဲ့ဘက်လဲ”
“ငါတို့”
သူတို့အထဲမှ လေးယောက်က လက်ထောင်သည်။ လက်မထောင်သူက တစ်ယောက်။ ထိုသူမှာ သီပေါဖြစ်သည်။
“သီပေါ မင်းကသေမယ်ပေါ့”
“ဟုတ်တယ်”
“ကောင်းပြီ လောင်းကြေးက လေးယောက်တစ်ယောက်ဖြစ်နေတော့ အဲဒီကောင်သေရင် မင်းကို တို့လေးယောက်က သိန်း ၁၀၀ ပေးမယ်။ တကယ်လို့ မသေဘူးဆိုရင် မင်းက တို့ကို တစ်ယောက် တစ်သိန်းပဲပေး”
“စိန်လိုက်”
သူတို့သောက်ပွဲက ညဉ့်နက်လေ ပိုဆူလာလေဖြစ်သည်။ နောက်ဆုံး မိုးလင်းခါနီးမှ လမ်းခွဲလိုက်ကြသည်။
ဇွန်လ ၂၀ ရက်နေ့တွင် သူငယ်ချင်း ငါးယောက် ပြန်ဆုံကြသည်။
“မနက်ဖြန် ဖုန်းကြီးအိမ်ကို သွားကြမယ်”
“အားလုံး အတူတူသွားမယ်”
“ဘယ်အချိန်လဲ”
“သူက ည ၉ နာရီလို့ပြောတယ်နော် … ၇ နာရီလောက်ကတည်းက အရောက်သွားကြမယ်”
နောက်တစ်နေ့ ဇွန်လ ၂၁ ရက်နေ့
သူတို့ သူငယ်ချင်း ငါးယောက် ဖုန်းကြီးအိမ်ကို ရောက်လာကြသည်။
ကားကိုယ်စီဖြင့် ရောက်လာကြသော သူတို့ သူငယ်ချင်းတွေကို ဖုန်းကြီးက သူ့တိုက်ရှေ့မှ ထွက်ကြိုသည်။
“ဟေ့ မင်းတို့ ဆုံလာကြပါလား”
“တမင်ဆုံလာတာ”
“ငါ့အိမ်မှာတော့ သောက်လို့ မရဘူး”
“သောက်ချင်လို့ လာတာမဟုတ်ဘူး … မင်းရူးပေါပေါပြောထားတာကြောင့်လာတာ”
“ငါဘာပြောမိလို့လဲ”
“မင်းပဲ ဒီနေ့ည ၉ နာရီမှာသေမယ်ဆို”
“ဪ အဲဒါကြောင့် မင်းတို့က လာကြတာလား”
“ဟုတ်တယ် … ငါတို့က မင်းလျှောက်ပြောတာ မသေဘူးဆိုပြီး လောင်းထားတာ။ သီပေါတစ်ယောက်ပဲ မင်းသေမယ်လို့ ယုံနေတာ”
“ဘယ်လောက်တောင် လောင်းထားကြသလဲ”
“သိန်း ၁၀၀ … မင်းသေရင် ငါတို့ လေးယောက်က သီပေါကို သိန်း ၁၀၀ ပေးရမယ်”
“မသေရင်ကော”
“သူက ငါတို့ကို တစ်သိန်းစီပေးရမယ်”
“ဒါဆို သီပေါတော့ နိုင်ပြီ”
ဖုန်းကြီးက တည်ငြိမ်စွာပြောသည်။
“ကဲ ငါ့သူငယ်ချင်းတွေကို နောက်ဆုံးအနေနဲ့ ငါကိုယ်တိုင် ညစာကျွေးမယ်။ အသောက်မပါတဲ့ ညစာစားပွဲလေးပေါ။ ချက်ကျွေးမယ်ဆိုတာထက် မင်းတို့လာမယ်ဆိုတာသိလို့ ဆိုင်ကကြိုမှာထားတာ မကြာခင်ရောက်လာလိမ့်မယ်”
“ငါတို့လာမယ်ဆိုတာ မင်းကို ဘယ်သူပြောသလဲ”
“ဘယ်သူမှ မပြောဘူး … ငါသိနေတယ်။ ပြီးတော့ မင်းတို့ လေးယောက်ရှုံးမယ်ဆိုတာလည်း သိနေတယ်”
“ကိုးနာရီ မထိုးသေးပါဘူးကွာ”
မကြာမီ အစားအသောက်များကို လာပို့သဖြင့် သူငယ်ချင်းတွေ ပျော်ရွှင်စွာ ညစာစားရင်း စကားတွေ ဖောင်ဖွဲ့အောင်ပြောနေကြသည်။
“ဟေ့ ကိုးနာရီထိုးဖို့ ၁၅ မိနစ်ပဲ လိုတော့တယ်”
အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
“ငါးမိနစ်ပဲ လိုတော့တယ်”
သူတို့စကားဝိုင်းတွင် ဖုန်းကြီးက ရယ်မောစွာ စကားပြောနေဆဲဖြစ်သည်။
“တို့နိုင်တော့မယ်ကွ”
“နှစ်မိနစ်ပဲလိုတော့တယ်”
ဖုန်းကြီးက
“မင်းတို့ ပိုက်ဆံတွေ ပါလာလို့လား”
“ပါတယ် အသင့်ပဲ”
“ခုံပေါ်တင်လိုက်လေ”
သူတို့အားလုံး ပိုက်ဆံတွေကို ခုံပေါ်တင်လိုက်ကြသည်။
“ကိုးနာရီထိုးပြီ … ငါတို့ နိုင်ပြီ”
လေးယောက်က ဝမ်းသာစွာ အော်လိုက်သည်။
“စက္ကန့်ပိုင်း လိုသေးတယ်”
ဖုန်းကြီးကပြောကာ မတ်တတ်ထလိုက်သည်။ အရုပ်ကြိုးပြတ်သလို လဲကျသွားသည်။
“ဟေ့ … ဟေ့”
သူတို့ သူ့ကို သွားပွေ့လိုက်ကြသည်။
သူတို့အထဲတွင် သိန်းမြင့်က ဆရာဝန်ဖြစ်သဖြင့် စမ်းသပ်သည်။
“ဖုန်းကြီးအသက်မရှိတော့ဘူး”
“ဟာ”
ဖုန်းကြီးအိမ်မှ ရှေးဟောင်းသံပတ်နာရီကြီးက ကိုးချက်တိတိထိုးလိုက်သည်။
တင်ညွန့်
၆.၆.၂၀၂၅